သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် မိသားစုဝင်များက ပြန်လည်ခေါ်ဆောင်နိုင်ရန် စစ်တပ်အရာရှိကြီးများနှင့် နီးစပ်သူများကို အကူညီတောင်းရာမှ ငွေကြေး သိန်းဆယ်ချီ ပေးဆောင်ခဲ့ကြောင်း ၎င်းဖမ်းဆီးခံရသည့် လူငယ်၏ မိသားစုဝင် တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ မောင်လေး က ဖမ်းခံလိုက်ရပြီဆို သိသိချင်း ကူညီနိုင်တဲ့သူကိုရှာတယ်။ အဲ့နဲ့ စစ်တပ်အရာရှိတွေ နီးစပ်သူတွေကို အကူအညီတောင်းတယ်။ ပိုက်ဆံတောင်းတော့ သိန်း (၅၀)ပေးလိုက်တယ်။ ပေးပြီးရော ဖုန်းမကိုင်တော့ဘူး” ၎င်း မိသားစုဝင်တဉီးက ဆိုသည်။
အဆိုပါ ပေါ်တာဆွဲခံရသည့် လူငယ်ကို ပြန်ခေါ်ရန်အတွက် မိသားစုဝင်များသည် နေ့စား ငွေတိုးချေးသည့်သူထံ ချေးငှားပြီး ပေးလိုက်ရကြောင်း၊ သို့သော် လက်ရှိအချိန်ထိ အရာရှိဆိုသူလည်း ဆက်သွယ်မရတော့ကြောင်း ၎င်းကပြောသည်။
“ အခုတော့ ငွေလည်း ရှုံး၊ မောင်လေးလည်း ပြန်မလွှတ်သေးဘူး။ စစ်သင်တန်းပို့လိုက်ပြီဆိုတာ သိလိုက်တယ်။ အခုဘယ်လိုနေလဲမသိဘူး။ ရှေ့တန်းမပို့ဖို့ပဲ ဆုတောင်းနေရတယ်” ဟု မိသားစုဝင် အမျိုးသမီးက ထပ်လောင်းပြောသည်။
တောင်ကြီးမြို့ပေါ်မှ ပေါ်တာဆွဲခံရသည့် လူငယ်များသည် ရပ်စောက်ဗထထူးတပ်သို့ အများဆုံးပို့ဆောင်ခံရပြီး၊ အရာရှိနှင့် အသိလူကြီးများရှိလျှင် ငွေကြေးဖြင့် ပြန်လည် ခေါ်ဆောင်နိုင်ကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုသည်။
“စစ်သင်တန်းပို့လိုက်ပြီလို့သိရတယ်။ သုံးနှစ်ကြာမှ ပြန်လို့ရမယ်ပြောတဘ်။ ရှေ့တန်းမပို့ဖို့နဲ့ သုံးနှစ်အတွင်း မသေရင် ပြန်တွေ့ရမှာပေါ့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်လည်း တောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားသွားလမ်းတွင် စစ်ကော်မရှင်တပ်သားများသည် လူပြတ်သည့် နေရာတွင် စောင့်ဆိုင်းပြီး အမျိုးသမီးအပါဝင် လူငယ် ငါးဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကလည်း စစ်မှုထမ်းဥပဒေကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပြောဆိုထားသည်။
“ ရွေးကောက်ပွဲလုပ်ပြီးတော့ နိုင်ငံရေးပြောင်းလဲလာမှာလား။ စစ်မှုထမ်းတွေခေါ်တာ လျော့လာမှာလားပေါ့။ စစ်မှုထမ်းဉပဒေကို ဆက်သုံးမယ်ဆိုတော့ လူငယ်တွေဆက်ပြီး ပြေးရမယ်။စစ်တပ်ရဲ့ စစ်မှုထမ်းဉပဒေရော PNO ရဲ့ စစ်မှုထမ်းဖမ်းဆီးမှုရော လူငယ်တွေလည်း ရွာတွေမှာမရှိတော့ဘူး” ဟု ဆီဆိုင်မြို့ ဒေသခံ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
စစ်ကော်မရှင်က အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးများအတွက် ပထမဆုံးအကြိမ် စစ်သင်တန်းကို ဩဂုတ်လ ၁၀ ရက် တွင် စတင်ဖွင့်လှစ်လိုက်ကြောင်းသိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် အမျိုးသားများကို အပတ်စဉ်အလိုက် ဆက်တိုက်ခေါ်ယူခဲ့ရာ ယခုအခါ အမျိုးသမီးများကိုပါ စစ်မြေပြင်သို့ တွန်းပို့ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။













Leave a Comments