ဖေဖော်ဝါရီ ၇ ရက်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းအတွင်း မေ့လျော့လို့မရသည့် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။
ယနေ့ကို မူလအားဖြင့် “သျှမ်းအမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် “သျှမ်းပြည်နယ်နေ့” ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်လာကြသော်လည်း အခြေခံအနှစ်သာရမှာတော့ သျှမ်းကုန်းပြင်မြင့်၏ လွတ်လပ်ရေး၊ တန်းတူရေးနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ် ကို သင်္ကေတပြုထားခြင်းပင် ဖြစ်သည်။
သမိုင်းအရ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပင်လုံညီလာခံ အတွင်း သျှမ်းအမျိုးသားသီချင်းနှင့် ဝါ၊ စိမ်း၊ နီ အရောင်သုံးရောင်ပါ သျှမ်းအမျိုးသားအလံတော် ကို စတင် အသိအမှတ်ပြုခဲ့သည်။
ထိုညီလာခံအတွင်း ဖေဖော်ဝါရီ ၇ ရက်ကို သျှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ညီလာခံအပြီး ငါးရက်အကြာ ဖေဖော်ဝါရီ ၁၂ ရက်သည် သမိုင်းဝင် ပင်လုံစာချုပ် ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ပင်လုံစာချုပ်သည် ဗမာနှင့် တိုင်းရင်းသားများအကြား နိုင်ငံရေး ယုံကြည်မှုကို ပထမဆုံး တည်ဆောက်ပေးနိုင်ခဲ့သည့် အခြေခံကျသော သဘောတူညီချက် ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးသို့ သွားရာလမ်းကြောင်းအတွက် အရေးကြီးဆုံး အခြေခံအုတ်မြစ်တစ်ခု ဖြစ်ခဲ့သည်။
သို့သော် သမိုင်းတစ်လျှောက် “အမျိုးသားနေ့” နှင့် “ပြည်နယ်နေ့” ဟူသော အသုံးအနှုန်းများအပေါ် အယူအဆကွဲပြားမှုများလည်း ရှိခဲ့ဖူးသည်။
ထင်ရှားသည့် ဖြစ်ရပ်တစ်ခုအဖြစ် ၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ သျှမ်းကျောင်းသားများသည် အခမ်းအနားကို နှစ်နေရာခွဲ၍ ကျင်းပခဲ့ကြသည်။
တစ်ဖွဲ့က “သျှမ်းပြည်နယ်နေ့” အဖြစ် ကျင်းပခဲ့ပြီး နောက်တစ်ဖွဲ့က “သျှမ်းအမျိုးသားနေ့” အဖြစ် ကျင်းပခဲ့ကြသည်။

သို့ရာတွင် အခမ်းအနားများပြီးဆုံးပြီးနောက်မှာတော့ ထိုကျောင်းသားများသည် အယူအဆကွဲပြားမှုကို ခွဲခွာမှုအဖြစ် မပြောင်းလဲဘဲ စည်းလုံးစွာ ပြန်လည်ဆုံဆည်းခဲ့ကြသည်။
ထိုဖြစ်ရပ်က “အမည်နာမထက် စိတ်ဓာတ်က ပိုအရေးကြီးသည်” ဆိုသော ပင်လုံစိတ်ဓာတ်ကို လက်တွေ့အဖြစ် သက်သေပြခဲ့ခြင်း ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြထားသည်။
သျှမ်းပြည်သည် သဘာဝရေမြေတောတောင်များသာယာသည့် ဒေသဖြစ်သည့်အပြင် သျှမ်း၊ကချင်၊ ကရင်၊ ကယား၊ ပအိုဝ်း၊ လားဟူ၊ အခါ၊ ပလောင်၊ ဓနု၊ အင်းသား စသည့် တိုင်းရင်းသားများ ပူးပေါင်းနေထိုင်ကြသည့် လူမျိုးစုံလင်သော ဒေသတစ်ခုလည်း ဖြစ်သည်။

ယင်းမတူကွဲပြားမှုများကို အပြန်အလှန်လေးစားမှုဖြင့် တန်ဖိုးထားခြင်းသည် သျှမ်းကုန်းပြင်မြင့်၏ ထူးခြားသော လူမှုအခြေခံအုတ်မြစ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။
ယနေ့ ကျရောက်သည့် (၇၉) ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ (သို့မဟုတ်) သျှမ်းပြည်နယ်နေ့ တွင် အရေးကြီးဆုံး သတိပြုရမည့်အချက်မှာ ပင်လုံတွင် သျှမ်းခေါင်းဆောင်များ မျှော်မှန်းခဲ့သည့် “တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်” ဆိုသည့် မူဝါဒများဖြစ်သည်။
ထိုမူဝါဒများကို တန်ဖိုးထားလိုက်နာနိုင်မှသာ စစ်မှန်သော စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အမျိုးသားများ ပူးပေါင်းတည်ဆောက်သည့် ပြည်ထောင်စုကြီးသည် အနာဂတ်တွင်လည်း အဓွန့်ရှည်တည်တံ့ ရပ်တည်နိုင်မည်ဖြစ်ကြောင်း သမိုင်းက သက်သေပြနေသည်။












Leave a Comments