Sunday, February 5, 2023

မိုင်းပန်မြို့နယ် ကျင်းပမည့် သျှမ်းအမျိုးသားနေ့ ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်း

Must read

သျှမ်းပြည် လင်းခေးခရိုင် မိုင်းပန်မြို့တွင် လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် သျှမ်းအမျိုးသားနေ့ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်းကြောင်း စုံစမ်းသိရသည်။

မိုင်းပန်မြို့

သျှမ်းအမျိုးသားနေ့ကို ပြီးခဲ့သည့် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ချိန်မှစပြီး မကျင်းပနိုင်ခြင်းမှာ ၃ နှစ်ရှိပြီး ယခုနှစ် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် (၇၆) နှစ်ပြည့် သျှမ်းအမျိုးသားနေ့ကို မိုင်းပန်မြို့ နားဝမ်ရွာမှာ ပြန်လည်ကျင်းပရန် ရည်ရွယ်ခဲ့သည်။

အဆိုပါ သျှမ်းအမျိုးသားနေ့ကို ပြန်လည်ကျင်းပနိုင်ရန် ပြင်ဆင်နေစဉ် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းအချိန်က စစ်ကောင်စီ တပ်သားတချို့ နှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ရောက်ရှိလာပြီး “ ဤနေရာမှာ သျှမ်းအမျိုးသားနေ့ မကျင်းပရန် “ လာရောက် တားမြစ်လိုက်ကြောင်း မိုင်းပန်ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီနှစ် သျှမ်းအမျိုးသားနေ့ ပြန်လည်ကျင်းပဖို့ ကျနော်တို့ ၃ လကျော် အချိန်ပေးပြီး လုပ်လာခဲ့တယ်။ စတိတ်စင်တွေ၊ ပွဲလည်မယ့် ဧည့်သည်တွေ အိပ်မယ့်နေရာတွေ အကုန်ပြင်ဆင်ပြီးပြီ။ ဒီနေရာကို သူတို့ပေးမလုပ်ဘူးတဲ့၊ တခြားနေရာမှာ လုပ်ချင်ရင် လုပ်လို့ရတယ်။ ဒီနေရာတော့ လုံးဝပေးမလုပ်ဘူး ပြောတော့ ကျနော်တို့လည်း ပြန်ပြီး ဖျက်သိမ်းလိုက်ရတယ် “ ဟု မိုင်းပန်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သျှမ်းအမျိုးသားနေ့ကို ပြန်လည် ကျင်းပနိုင်ရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလပိုင်း မှစပြီး ပြင်ဆင်လာခဲ့ကြောင်း၊ စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက်ကစပြီး သျှမ်းအမျိုးသားနေ့ မကျင်းပရန် လာရောက်တားမြစ်သည့် အတွက် ဖျက်သိမ်းလိုက်ရကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မိုင်းပန်မြို့တွင် ကျင်းပမည့် သျှမ်းအမျိုးသားနေ့ကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ဦးဆောင်ပြီး ပြုလုပ်သဖြင့် စစ်ကောင်စီက လာရောက်တားမြစ် ကြောင်းလည်းဖြစ်သည်ဟု လည်း မိုင်းပန်ဒေသခံ အသက် ၃၅ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက သုံးသပ်ပြောသည်။

“ ကျနော်တို့ မိုင်းပန်က သျှမ်းအမျိုးသားနေ့ကို RCSS က ဦးဆောင်ပြီး ပြုလုပ်တာဖြစ်တယ်။ ဒီ သျှမ်းအမျိုးသားနေ့ ကျင်းပပြီးတဲ့ နောက်ပိုင်း ဒီက နယ်မြေတွေ RCSS တိုးချဲ့မှာကို စစ်ကောင်စီတွေက ကြောက်လို့လားတော့ မပြောတတ်ဘူး။ အဲ့ကြောင့် အခုလို လာတားမြစ်တာ ဖြစ်နိုင်တယ်“ ဟု ၎င်းက သုံးသပ်ပြီး ပြောသည်။

သို့သော်လည်း လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၆ နှစ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားသည် မိုင်းပန် မြို့ ရှမ်းစာပေ/ယဥ်ကျေးမှု အသင်း နှင့် ဒေသခံ ပြည်သူ လူထုပူးပေါင်းပြီး လုပ်ဆောင်မည် ဖြစ်ကြောင်းနှင့် RCSS အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။

နှစ်စဥ်နှစ်တိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အနေဖြင့် သျှမ်းအမျိုးသားနေ့ ကို ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး ရပ်နီးရပ်ဝေး ပြည်သူများကို ဖိတ်ခေါ် ကျင်းပခဲ့သော်လည်း ကိုဗစ် – ၁၉ ကူးစက်ပြီးသည့်နောက်ပိုင်း သျှမ်းအမျိုးသားနေ့ မကျင်းပနိုင်သည်မှာ ၃ နှစ်ရှိပြီ ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article