လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ “သျှမ်းအမျိုးသားနေ့” ရဲ့ စည်းလုံး ညီညွတ်မှုပဲ ဖြစ်ပါတယ်။
သျှမ်းခေါင်းဆောင်တွေနဲ့ တောင်တန်းသားတွေရဲ့ ခိုင်မာတဲ့ စုစည်းမှုသာမရှိခဲ့ရင် ပြည်ထောင်စုနေ့ဆိုတာ လည်း ဖြစ်လာစရာ အကြောင်းမရှိပါဘူး။
“၇၉” နှစ်တိုင်ခဲ့တဲ့ ဒီနေ့အချိန်မှာတော့ ကျနော်တို့ရဲ့ ပြည်ထောင် စုကြီးဟာ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲမှာ လမ်းပျောက်နေသလို ဖြစ်နေရတာဟာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။
သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ခေါင်းဆောင်ကြီးတွေဟာ သျှမ်းပြည်အတွင်းမှာရှိတဲ့ မျိုးနွယ်စု အားလုံးတန်းတူညီမျှ ရှင်သန်နိုင်ဖို့နဲ့ လွတ်လပ်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ ပင်လုံကတိ ကဝတ်ကို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီအချိန်က တောင်ပိုင် ပလောင်စော်ဘွား စဝ်ခွန်ပန်းစိန် ရဲ့ ဦးဆောင်မှုနဲ့ ပြည်ထောင်စုနေ့ ရှေ့ပြေး အဖြစ် ပင်လုံစာချုပ် မချုပ်ဆိုမီ ၅ ရက်အလိုမှာ သျှမ်းပြည်ညီညွှတ်ရေးဖြစ်တဲ့ “သျှမ်းအမျိုးသားနေ့” ကို သတ်မှတ်နိုင်ခဲ့လို့ပါပဲ။
ဆယ်စုနှစ်တွေ ကြာလာတဲ့အခါ အာဏာရှင်တို့ရဲ့ သပ်လျှိုသွေးခွဲမှုတွေ “အင်အားရှိသူက အနိုင် ယူစတမ်း” ဆိုတဲ့ ဝါဒဆိုးတွေနဲ့ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်မှုတွေကြောင့် ကျနော်တို့သျှမ်းပြည်ရဲ့ ညီညွတ်မှုအုတ်မြစ်ဟာလဲ ပဲ့ကြွေခဲ့ရပါတယ်။
ပို၍ ဝမ်းနည်းစရာကောင်းတာက မြန်မာ့ဗြက္ခဒိန် ရုံးပိတ်ရက်မှာ အိဒ်နေ့ ၊ ဒီပါဝလီနေ့ ၊တရုတ်နှစ်သစ်ကူးနေ့ တွေကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ပြည်ထောင်စုသန္ဓေတည်ရာဖြစ်တဲ့ သျှမ်းအမျိုးသား နေ့ကိုတော့ တရားဝင်ရုံးပိတ်ရက်အဖြစ် အစိုးရ အဆက်ဆက်က လျစ်လျူရှုထားခဲ့ပါတယ်။
ဒီနေ့ သျှမ်းပြည်ရဲ့ အခြေအနေကို ကြည့်လိုက်ရင် တိုင်းရင်းသားအချင်းချင်းကြားမှာ အမုန်းတရားတွေ သံသယတံတိုင်းတွေ ယှဉ်ပြိုင်တည်ဆောက်လာနေပါတယ်။ ဘုံရန်သူကို မမြင်နိုင်တော့ဘဲ ကိုယ့် သျှမ်းပြည်သားချင်းအချင်းချင်းပြန်ပြီး ရန်လိုလာနေကြတာဟာ တကယ့်ကို ရင်နာစရာပါပဲ။
ဒါတွေကို မျက်ကွယ်ပြုပြီး သျှမ်းပြည်ထဲက လူမျိုးစုတွေအကြား “သူ့ထက်ငါ လွှမ်းမိုးချင်တာ” “နယ်မြေသစ်ထူထောင်ပြီး ပြည်ထောင်စုသျှမ်းပြည်မှခွဲထွက်ချင်တာ” – ဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ တိုက်ခိုက်နေကြတာဟာ အာဏာရှင်တွေ ခင်းထားတဲ့ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ဆင်းသွားတာပါပဲ။
“စစ်မှန်တဲ့ ကြီးကျယ်ခမ်းနားမှု” True Greatness ဆိုတာ လူမျိုးစုတစ်ခုက အခြားလူမျိုးစုတစ်ခုအပေါ် လွှမ်းမိုးတာမျိုး မဟုတ်ရပါဘူး။ သျှမ်းပြည်ထဲမှာရှိတဲ့ လူမျိုးစုအားလုံးဟာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်စာပေနဲ့ ကိုယ့်အခွင့်အရေးတွေကို တန်းတူညီတူ ခံစားခွင့်ရှိရပါမယ်။
“မတူကွဲပြားမှုတွေကြားက စည်းလုံးခြင်း” Unity in Diversity ဆိုတာ ၁၉၄၇ ကတည်းက ကျနော်တို့မှာ ရှိခဲ့တဲ့ “ပြည်ထောင်စုသျှမ်းပြည်” အတွက် တစ်ခုတည်းသော ထွက်ပေါက်ပါပဲ။ ဒီ့အတွက် တစ်ဦးရဲ့ လုံခြုံရေးဟာ တခြားတစ်ဦးရဲ့ လုံခြုံရေးအပေါ်မှာ မူတည်နေတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး တာဝန်ရှိသူတွေအနေနဲ့ လက်တွေ့ဖြေရှင်းဖို့ လိုအပ်နေပါပြီ။
နိုင်ငံရေးဆိုတာ သေနတ်သံတွေနဲ့ နယ်နိမိတ်မျဉ်းတွေကြားမှာပဲ ပိတ်မိမနေသင့်ပါဘူး။ ဒီနေ့မှာ တိုင်းပြည်ရဲ့ အချုပ်အခြာ ယိုယွင်းလာတာ တရားဥပဒေစိုးမိုးမှုမရှိတော့တာတွေကြောင့် လူထုရဲ့ အသက်အိုးအိမ်ဟာ လုံးဝမလုံခြုံတော့ဘဲ ဝမ်းရေးအတွက်လဲ တနေ့ထက်တနေ့ ပိုမိုခက်ခဲလာနေကြပါပြီ။
ဒါ့အပြင်လာမယ့်လွှတ်တော်အသစ်မှာ ထိုင်ခုံရတဲ့ အမတ်မင်းတွေအနေနဲ့လဲ လက်ညှိုးထောင်ခေါင်းငြိမ့် အဆင့်မဟုတ်ပဲ ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေး စီးပွားရေး အသက်ဘဝအိုးအိမ်လုံခြုံရေး စတဲ့ပြဿနာတွေကို ရဲဝံ့ပြတ်သားစွာ ဦးဆောင်ဖြေရှင်းပေးကြဖို့ အထူးလိုအပ်လှပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒီ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကျနော်တို့ သျှမ်းပြည်တွင်းရှိ အင်အားစု တွေအနေနဲ့ အာဏာရှင်တွေတည်မြဲဖို့အတွက် ၄င်းတို့ရဲ့ လက်ကိုင်ဒုတ်အဖြစ် အသုံးချမခံမိကြဖို့ အရေး ကြီးလှပါတယ်။ ကျနော်တို့ သျှမ်းပြည်သားတွေ ကြားက သံသယတွေကို ယုံကြည်မှုနဲ့ အစားထိုးပြီး အေးချမ်းစွာ အတူတူပိုင်ဆိုင်ကြတဲ့ အနာဂတ် Shared Future ဆီကို စုပေါင်းလှမ်းချီကြရအောင်ပါ။
ဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်တဲ့ တိုင်းနိုင်ငံအဖြစ် ခွဲထွက်ထူထောင်ဖို့ မဖြစ်နိုင်တဲ့အတွက် ကျနော်တို့ သျှမ်းပြည်သားအားလုံး ညီညွတ်မှသာ စစ်မှန်တဲ့သျှမ်းပြည်ညီညွှတ်ရေးမှ ပြည်ထောင်စုအိပ်မက်လှလှ လေးဆီသို့ ဉီးတည်နိုင်ပါလိမ့်မယ်လို့ သံတော်ဆင့်အပ်ပါတယ်။
လူထုအသံ သျှမ်းသံတော်ဆင့်အသံ












Leave a Comments