သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် စစ်လက်နက်အကြွင်းအကျန် မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
“တိုက်ပွဲဖြစ်ပြီးကတည်းက အဲ့နေရာက လူသူအသွားအလာ နည်းတယ်။ အခုက အဲ့နားက ရေချောင်းနားမှာ ဟင်းရွက်သွားခူးရင်းနဲ့ မိုင်းတက်နင်းမိတာ၊ အခု ခြေတစ်ဖက် ပြတ်သွားတယ်။ သူ့ကို မှီခိုနေတဲ့ ကလေး (၄)ယောက်လည်း ရှိတယ်၊ သူတို့ဘဝရဲ့ အနာဂတ်က မတွေးရဲစရာပဲ”ဟု ဖြစ်စဉ်သိရှိသူ ဆီဆိုင်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူကျေးရွာသည် အိမ်ခြေအနည်းငယ်သာ ရှိပြီး နေရပ်ပြန် နေထိုင်သူလည်း အနည်းစုသာ ရှိကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
ဆီဆိုင်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားပြီး (၂)နှစ်ကြာပြီးနောက် စစ်ကျန် လက်နက်ပစ္စည်းများ ကျန်ရှိနေသေးခြင်းကြောင့် နေရပ်ပြန်စစ်ရှောင်များလည်း စိုးရိမ်စိတ်ဖြင့် သွားလာနေရပြီး စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) မှ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံ အမျိုးသားတစ်ဦးက တောင်းဆိုသည်။
“တိုက်ပွဲက ဖြစ်ပြီးတာ ကြာပြီ၊ ခုထိ ဒေသအတွင်း ပြန်လည်ထူထောင်ရေးတွေ မလုပ်ရသေးဘူး။ ပြည်သူတွေက နေရပ်သာ ပြန်လာကြတာ မိုင်းတွေကို ကြောက်နေရတုန်း၊ ခြံသွားရင်လည်း သတိထားနေရတယ်။ PNO အဖွဲ့တွေကိုလည်း ဒေသအတွင်း မိုင်းအန္တရာယ် အသိပညာပေးတွေ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွေ လာလုပ်ပေးစေချင်တယ်”ဟု ဆီဆိုင်ဒေသခံ အသက် (၃၀)ကျော် အမျိုးသားတစ်ဦးက ပြောဆိုသည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ အလွယ်တကူ မသွားရောက်သင့်ဘဲ သတိထား သွားလာရန် လိုအပ်ကြောင်း၊ စစ်ကျန် လက်နက်ပစ္စည်းများကို တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ရှင်းလင်းခိုင်းရန် လိုအပ်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။
အလားတူ ဆီဆိုင်မြို့နယ်အတွင်း မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိသူများသည် သက်ကြီးပိုင်းနှင့် ကလေးအများစု ဖြစ်ကြပြီး ကလေးငယ်အများစုမှာ စစ်ကျန် လက်နက်ပစ္စည်းများကို ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရာ ရရှိသူများကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်တွင် အသက် ၇၀ အရွယ် အမျိူးသမီးတစ်ဦးသည် မိသားစုနှင့် စစ်ဘေးရှောင်ရာမှ အိမ်ပြန်လာပြီး နေအိမ်သန့်ရှင်းရေး လုပ်နေစဉ် မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့အကြား ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။












Leave a Comments