Friday, February 20, 2026

“သေနတ်အရိပ်အောက်က အမျိုးသမီးရဲ့ တိတ်တဆိတ် ငိုရှိုက်သံ”

“သူတို့က နစ်နာကြေးဆိုပြီး ပိုက်ဆံသိန်း (၂၀) ကျပ် ပေးပြီး ကြေအေးခိုင်းတယ်။ သတင်းလည်း အပြင်မထွက်ခိုင်းဘူး။ ပြစ်ကျူးလွန်တဲ့သူက စစ်သားဆိုတော့ သူတို့ရဲ့ သေနတ်ကို ကျမတို့က ကြောက်နေရတယ်လေ”

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ ရင်နင့်စရာ ဖြစ်ရပ်တစ်ခုက နစ်နာသူရဲ့ အစ်မဖြစ်သူ (နန်းခမ်း) အမည်လွှဲက ပြန်ပြောင်းပြောပြနေတာပါ။

နန်းခမ်းရဲ့ ရင်ဖွင့်စကားဟာ လက်ရှိ သိန္နီမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေ ကြုံတွေနေရတဲ့ ဘဝလုံခြုံမှု ကင်းမဲ့မှုနဲ့ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးနေတာကို အထင်အရှား မီးမောင်းထိုးပြနေပါတယ်။

တောင်ယာအပြန်က အိပ်မက်ဆိုး

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ် ဧပြီလပိုင်း သင်္ကြန်အကြိုနေ့မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၁၅ နှစ်အရွယ်ရှိ နန်းအေးဆိုင် (အမည်လွှဲ) ဟာ ကိုဗစ်ကပ်ဘေးနဲ့ “၁၀၂၇ စစ်ဆင်ရေး”ရဲ့ နောက်ဆက်တွဲ စစ်ပွဲဒဏ်တွေကြောင့် ပညာရေးခရီးကို လမ်းတစ်ဝက်မှာ ရပ်တန့်ခဲ့ရပါတယ်။

နန်းအေးဆိုင်တစ်ယောက် ၇ တန်းနဲ့ပဲ ကျောင်းကနေထွက်ပြီး၊ သူမအရွယ်က ကျောင်းစာသင်ခန်းထဲမှာ ရှိနေရမယ့်အစား မိသားစုစားဝတ်နေရေးအတွက် တောင်ယာအလုပ်ကို လုပ်ကိုင်နေရပါတယ်။

သင်္ကြန်အကြိုနေ့ ညနေခင်းမှာ နန်းအေးဆိုင်ဟာ တောင်ယာကနေ အိမ်ကို တစ်ယောက်တည်း ပြန်လာချိန် မိုင်းပါးကျေးရွာအုပ်စုအတွင်း အခြေချထားတဲ့ ကိုးကန့်တပ် (MNDAA) ရဲ့ တပ်သားတစ်ယောက်က နန်းအေးဆိုင်ကို ခြုံထဲ အတင်းအဓမ္မ ဆွဲခေါ်သွားပြီး မုဒိမ်းကျင့်ခဲ့တာ ဖြစ်ပါတယ်။

အိမ်ပြန်ရောက်ခဲ့ပေမယ့် ရှက်ကြောက်စိတ်ကြောင့် နှုတ်ဆိတ်နေခဲ့ရတဲ့ နန်းအေးဆိုင်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို သူမရဲ့ အစ်မဖြစ်သူက ရိပ်မိခဲ့ပါတယ်။

“အိမ်ပြန်ရောက်တော့ ညီမလေးက ပုံမှန်မဟုတ်တော့တာနဲ့ ကျမ ချက်ချင်း သံသယဝင်မိတယ်။ သူက ရှက်တော့ လုံးဝကို မပြောရဲဘူး။ ညရောက်မှ ချော့မေးတော့မှ ‘ကိုးကန့်စစ်သားက မုဒိမ်းကျင့်ခဲ့တယ်’ ဆိုပြီး ငိုပြောတာ။ တော်သေးလို့ ညီမလေးကို မသတ်သွားတာ” လို့ အစ်မဖြစ်သူ နန်းခမ်းက အဲ့ဒီဖြစ်စဉ်ကို ပြန်ပြောင်းပြောပြ နေပါတယ်။

အဲ့ဒီညဟာ နန်းခမ်းတို့ မိသားစုအတွက် ငိုရှိုက်သံတွေနဲ့ ပြည့်နှက်နေတဲ့ ညတစ်ညပါပဲ။ ဒါပေမယ့် နန်အေးဆိုင်အတွက်ကတော့ အဲ့ဒီနေ့ဟာ သူမရဲ့ဘဝမှာ မေ့ဖျက်လို့မရနိုင်တဲ့၊ သေတဲ့အထိ ပါသွားမယ့် အိပ်မက်ဆိုးကြီး၊ အရိပ်မဲကြီးတစ်ခု ဖြစ်ခဲ့ရပါပြီ။

အမျိုးသမီးရဲ့ ဂုဏ်သိက္ခာကို သိန်း (၂၀) ကျပ် နဲ့ လဲလှယ်ခြင်း

အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း နစ်နာသူမိသားစုဟာ ကျူးလွန်သူကို အရေယူပေးဖို့ မျှော်လင့်ချက်နဲ့ ကျေးရွာလူကြီးတွေမက နယ်မြေကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) အထက်လူကြီးတွေဆီအထိ အားကိုးတကြီး သွားရောက်တိုင်တန်းခဲ့ပါတယ်။

ဒါပေမယ့် ဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ အဲ့ဒီဒေသမှာ တရားမျှတမှုကတော့ မျက်ကွယ်ပြုခံခဲ့ရပါတယ်။

ကိုးကန့်တပ် (MNDAA) ဘက်က နစ်နာသူမိသားစုကို ငွေကျပ်သိန်း (၂၀) ပေးပြီး သတင်းမပေါက် ကြားစေဖို့ ဖိအာပေးခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ကျူးလွန်တာက ကိုးကန့်စစ်သားဆိုတော့ ရွာလူကြီးတွေပါမှ ဖြေရှင်းနိုင်မှာဆိုပြီး အားကိုးတကြီး သွားတိုင်တာ။ ဒါပေမယ့် ရွာလူကြီးရော၊ ကိုးကန့်တပ်က လူကြီးတွေရော ဘယ်သူမှ အရေးယူမပေးကြဘူး” လို့ နန်းခမ်းက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

လူတစ်ယောက်ရဲ့ ဘဝ၊ ဂုဏ်သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ငွေကြေးနဲ့ အစားထိုးလို့ မရနိုင်ပေမယ့် လက်နက်အားကိုးနဲ့ ရှင်သန်နေတဲ့ နယ်မြေမှာတော့ တရားမျှတမှုဟာ ငွေနဲ့ဝယ်ယူခြင်း ခံနေရပါတယ်။

အဲ့ဒီမလုံခြုံမှုတွေထဲမှာ အဆိုးဝါးဆုံးကတော့ လက်နက်ကိုင်တွေရဲ့ လိင်းပိုင်ဆိုင်ရာ ကျူးလွန်မှုတွေနဲ့ အဲ့ဒီကျူးလွန်မှုတွေကို ငွေကြေးနဲ့ နှုတ်ပိတ်ဖို့ ကြိုးပမ်းနေတဲ့ ဖြစ်စဉ်တွေပါပဲ။

ဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ သိန္နီမြို့နယ်အတွင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာရင် ကျူးလွန်သူတွေကို အရေးယူရမယ့်အစား လက်တွေ့မှာတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငွေကြေးနဲ့ လဲလှယ်ပြီး ပြဿနာကို ဖြေရှင်းနေကြပါတယ်။

ကိုယ့်ဒေသကို သေနတ်ကိုင်ပြီး စိုးမိုထားသူတွေက ပြစ်မှုကျူးလွန်နေတဲ့အတွက် ဒေသခံတွေဟာ ဘယ်နေရာ၊ ဘယ်သူကို တိုင်ကြားရမှန်း မသိ ဖြစ်နေပါတယ်။

ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာတွေနဲ့ အသက်ရှင်သန်နေရ

တောင်ယာအလုပ်မှာ သွက်လက်ဖျတ်လတ်ပြီး ပတ်ဝန်းကျင်နဲ့ ဖော်ရွေစွာ ပေါင်းသင်းတတ်တဲ့ အပျိုပေါက်စလေး နန်းအေးဆိုင်ဟာ မုဒိမ်းကျင့်ခံရပြီးနောက်ပိုင်း ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာပါ အပြင်းအထန် ထိခိုက်သွားခဲ့ပါတယ်။
“ညဆိုရင် ညီမလေးက လွယ်လွယ်နဲ့ အိပ်မပျော်တော့ဘူး။ နေ့ခင်းဘက်တောင် မိသားစုထဲက တစ်ယောက်ယောက်မပါရင် သူဘယ်မှ မသွားရဲတော့ဘူး။ သူစိမ်းယောကျ်ားလေးတွေ မြင်ရင်လည်း လန့်တတ်လာတယ်။ လူတွေနဲ့လည်း အရင်လို စကားမပြောတော့ဘူး” လို့ ကျူးလွန်ခံရသူ၏အစ်မ နန်းအေးလှိုင် ဝမ်းနည်းစွာ ပြောပြပါတယ်။
လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ထိန်းချုပ်ရာ သျှမ်းပြည်မြောက်ပိုင်းမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု ဟာ နေ့စဉ် ကြုံတွေ့နေရတဲ့ ဒုက္ခတွေပါပဲ။

နေ့၊ညမရွေး ကြားနေရတဲ့ သေနတ်သံတွေ၊ စစ်ရေးဂိတ်တွေမှာ ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်း ရတာတွေနဲ့ “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲ မတည်ငြိမ်မှုတွေဟာ အမျိုးသမီးတွေရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို တိတ်တဆိတ် ဝါးမြိုနေပါတယ်။


‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်း သိန္နီမြို့နယ်အတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပိုမိုများပြားလာသလို ဒေသခံမဟုတ်တဲ့ မျက်နှာစိမ်း ကိုးကန့်စစ်သားတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေလည်း အပြိုင်အဆိုင် ဝင်ရောက်လာကြတယ်လို့ သိန္နီမြို့ဒေသခံ ကောင်းဟော်ကျေးရွာအုပ်စုမှာနေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။


အဲဒီအချိန်ကစပြီး ဒေသခံအမျိုးသမီးတွေအတွက် မလုံခြုံမှုတွေက စစ်ပွဲဒဏ်ကြောင့် နောက်ဆက်တွဲ ပြန်လည်ခံစားနေရသလို ဖြစ်နေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတာကြောင့် လုယက်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု စတဲ့ အဖြစ်အပျက်တွေကို နေ့စဉ်ဘဝမှာ စိတ်မလုံခြုံစွာ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။


“အကြမ်းဖက်မှု တစ်ခုခု ဖြစ်လာရင် ခံရတဲ့သူကိုယ်တိုင်ကလည်း လုံခြုံရေးအတွက် စိုးရိမ်ရတော့ နှုတ်ဆိတ်နေရတယ်။ ပတ်ဝန်းကျင်က သိတဲ့လူတွေကလည်း မပြောရဲ၊ မတိုင်ရဲ ဖြစ်နေကြတယ်” လို့ နန်းခမ်းမိုင် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ကလည်း ဆိုပါတယ်။


သတင်းအမှောင်ချခံထားရတဲ့ ဖြစ်ရပ်တွေ


ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၈ ရက်လည်း သိန္နီမြို့ကနေ ခန့်မှန်းခြေ ၆ မိုင်ခန့်ဝေးဝဲ့ မန်ပန်ရွာမှာ တရုတ်ကျောင်းဆရာမတစ်ယောက်ကို ကိုးကန့်တပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။


အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သတင်းမထွက်အောင် ကိုးကန့်တပ် (MNDAA) ဘက်က အမှောင်ချထားတယ်လို့ ရွာခံတစ်ဦးဖြစ်သူ နန်းလူ (အမည်လွှဲ) က ပြောပါတယ်။


“အစပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ လာရင် အရင်စစ်တပ်လို မမိုက်ရိုင်းဘူးလို့ ထင်ထားတာ။ ဒါပေမဲ့ အချိန်ကြာလာတော့ လုပ်ရပ်တွေက မကွာတော့ဘူး။ ဆရာမလေး အသတ်ခံရတုန်းကလည်း သတင်း လုံးဝ မထွက်ခိုင်းဘူး” ဟု နန်းလူက ပြောပါတယ်။


လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာရင် ဒေသအာဏာပိုင်တွေနဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တွေက ကြားဝင်ညှိနှိုင်းပြီး အမှုမဖွင့်အောင် ငွေကြေးနဲ့ ဖြေရှင်းပေးမှုတွေရှိတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက နန်းခင်သူ (အမည်လွှဲ) ပြောပါတယ်။
ဒါ့အပြင် သတင်းမထွက်စေဖို့ ခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။


“ကျူးလွန်သူက သူတို့စစ်သားတွေ ဖြစ်နေတော့ နာမည်ပျက်မှာ ကြောက်ကြတာပေါ့။ သူတို့အတွက် ပိုက်ဆံ သိန်းဆယ်ချီဆိုတာ မခက်ခဲပေမယ့် လက်နက်မဲ့ ပြည်သူတွေကတော့ သေနတ်ကိုင်ထားတဲ့သူတွေ ပြောလာရင် အကုန် ကြောက်ရတာပဲ” ဟု သိန္နီမြို့ခံ အမျိုးသမီးအရေးကူညီဆောင်ရွက်နေသူ နန်းခင်သူ (အမည်လွှဲ) က ဆိုပါတယ်။


သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ကလည်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ထိခိုက်ခံရသူတွေဟာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် မတိုင်ကြားနိုင်တာ၊ ပတ်ဝန်းကျင်ကလည်း မပြောရဲ၊ မတိုင်ရဲ ဖြစ်နေတာ ရှိတယ်လို့ သူတို့ရဲ့ ဝက်ပ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။


ဒါပေမယ့် တရုတ်ကျောင်းဆရာမတစ်ယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူအပါအဝင် ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင် နှစ်ယောက်ကို MNDAA တရားရေးဌာန တာဝန်ရှိသူတွေက ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က အများပြည်သူရှေ့ သေဒဏ်ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်တဲ့ ငါးဦးကိုတော့ နှစ်ရှည်ထောက်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။


လားရှိုးမြို့ကို အာဏာသိမ်းစစ်တပ်လက်ထဲကို မလွှဲပြောင်းခင် ၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာလည်း လားရှိုးမြို့အတွင်း လူသတ်၊ ဓားပြတိုက်၊ ပြန်းပေးဆွဲမှု ကျူးလွန်သူ အမျိုးသား (၇) ယောက်ကိုလည်း သေဒဏ်ချမှတ်ခဲ့ပြီး မုဒိမ်မှုကျူးလွန်သူ တစ်ယောက်ကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ပါသေးတယ်။


ဥပဒေမဲ့၊ တရားမျှတမှု ပျောက်ဆုံးနေခြင်း

သိန္နီဒေသမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်တဲ့ကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက မကြာခဏဖြစ်လာပါတယ်။

MNDAA ထိန်းချုပ်တဲ့ နယ်မြေမှာ ကျူးလွန်သူတွေက လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်သူတွေ၊ အင်အားရှိသူတွေ ဖြစ်နေတဲ့အတွက် အမှုဖွင့်တိုင်ကြားဖို့ဆိုတာ မလွယ်ကူပါဘူး။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရင် တချို့မိန်းကလေးတွေဟာ မိသားစုနာမည်ပျက်မှာ၊ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာကို ကြောက်ပြီး တိတ်တိတ်လေးပဲ ဖုံးကွယ်ထားဖို့ ရွေးချယ်တတ်ကြပါတယ်။ တချို့လည်း စားဝတ်နေရေး ခက်ခဲတာကြောင့် ကျူးလွန်သူဘက်ကပေးတဲ့ လျော်ကြေးကို လက်ခံပြီး ပြဿနာကို ငွေနဲ့ပဲ ဖုံးထားလိုက်ကြရပါတယ်။

သျှမ်းပြည်နယ်မြောက်ပိုင်းမှာ အုပ်ချုပ်ရေးယန္တရားတွေ ချို့ယွင်းပြီး ဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေက အရင်ကထက် ပိုတိုးလာနေတယ်ဆိုတာ သိန္နီမြို့နယ်ထဲက ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အိမ်တွင်းရေးကိစ္စလို့ပဲ သဘောထားပြီး မတိုင်ကြားကြတာတွေ ရှိသလို၊ ကျူးလွန်ခံရသူကို ပတ်ဝန်းကျင်က မကာကွယ်ပေးတာကလည်း အမျိုးသမီးတွေအတွက် စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အလုပ်အကိုင် ရှားပါးတာ၊ ကုန်ဈေးနှုန်းကြီးတာနဲ့ မူးယစ်ဆေးဝါးပြဿနာတွေကလည်း အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေပါတယ်။

စစ်အာဏာသိမ်းပြီး ၅ နှစ်အတွင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁,၀၀၀ နီးပါး ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် တစ်နှစ်တည်းမှာတင် ၂၀၉ မှုအထိ ရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် WLB က ထုတ်ပြန်ထားပါတယ်။

သျှမ်းအမျိုးသမီးရေးရာအဖွဲ့က နန်းခမ်းမိုင်ကတော့ “အခု ကျမတို့က အချက်အလက်ကျကျနဲ့ မပြောနိုင်တော့ပေမဲ့ ဒေသတွင်း အကြမ်းဖက်မှုက တက်ဆဲတက်မြဲပဲ ဖြစ်တယ်။ ၁၀၂၇ နောက်ပိုင်းမှာ အချက်အလက် ကောက်ယူဖို့ ခက်ခဲသွားတော့ မသိလိုက်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေနိုင်တယ်” လို့ သုံးသပ်ထားပါတယ်။

“အကြမ်းဖက်မှုတွေက တက်ဆဲတက်မြဲပါပဲ။ ၂၀၂၃ နဲ့ ၂၀၂၄ မှတ်တမ်းတွေအရ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပေါင်း ၈၀ ကျော်ရှိခဲ့ပေမဲ့ ဒါက လက်လှမ်းမီသလောက်ပဲ ရှိပါသေးတယ်။ ၁၀၂၇ နောက်ပိုင်းမှာတော့ အချက်အလက် ကောက်ယူဖို့ အခွင့်အလမ်း ပိုနည်းသွားလို့ မသိလိုက်ရတဲ့ ကိစ္စတွေ အများကြီး ရှိနေနိုင်တယ်” လို့ နန်းခမ်းမိုင် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN) က ဆက်ပြောပါတယ်။

အာဏာရှိသူတွေအနေနဲ့ ပွင့်လင်းမြင်သာတဲ့ ဥပဒေယန္တရားကို ချမှတ်ပေးဖို့နဲ့ အာဏာရှိသူကိုယ်တိုင် ကျူးလွန်တာမျိုး မဖြစ်ဖို့ လိုအပ်တယ်လို့လည်း သူမက ထပ်လောင်းပြောထားပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေအနေနဲ့ ထုတ်ဖော်ပြောဖို့ အလွန်ခက်ခဲနေပါတယ်။ ခြိမ်းခြောက်ခံရတာ၊ အသိုင်းအဝိုင်းက ဖယ်ကျဉ်ခံရမှာကို စိုးရိမ်တာတွေကြောင့် ကြိတ်မှိတ်ခံနေရတာကလွဲလို့ ဘာမှမလုပ်နိုင်ကြပေ။

လက်ရှိမှာတော့ MNDAA ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ အမျိုးသမီးတွေ ဟာ နန်းအေးဆိုင်လို၊ တရုတ်ကျောင်းက ဆရာမလို့ တပ်သားတွေ မုဒိမ်းမကျင့်ရန်အတွက် နေ့စဉ်ဓူဝ ဆုတောင်းပြီး သွားလာနေရတာကလွဲပြီး ရွေးချယ်စရာလမ်းမရှိပေ။

နန်းမွေခမ်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA ဖမ်းဆီးထားသည့် လားရှိုးဒေသခံ ဆန္ဒပြသူ (၅) ဦး ပြန်လည်လွတ်မြောက်လာ

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဆန္ဒပြရွာသား (၅) ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ SSPP ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီး တစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ရှိ ကိုးကန့်တပ်ဖွဲ့...

TNLA နှင့် MNDAA အပြန်အလှန် ဖမ်းဆီးမှုပြုလုပ်နေ

0
သျှမ်းပြည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် TNLA တပ်သား ၅၀ ခန့်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိုးမြို့ဘက် ကားတင်ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) ည ၆ နာရီခန့်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုတွင်...

MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...

ကွတ်ခိုင် MNDAA ရုံးကို TNLA ဝင်ရောက်စီးနင်း၊ နှစ်ဘက်စစ်ရေးတင်းမာမှုကြောင့် ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ည ၉ နာရီကျော်မှ စတင်ပြီး ကွတ်ခိုင်မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကိုးကန့်တပ်ဖွဲ့...

လားရှိုးမြို့နယ်တွင် အသက် ၁၆ နှစ်မှစပြီး လူမျိုးဘာသာမရွေး MNDAA တပ်သားသစ်ခေါ်ယူနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာတိုင်းနီးပါးတွင် အသက် ၁၆ နှစ်မှ စပြီး လူမျိုးဘာသာမရွေး တပ်သားသစ် ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၃၁ ရက်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA တာဝန်ရှိသူများသည် လားရှိုးမြို့ပြင် အေတီတံတား တစ်ဖက်ခြမ်းရှိ ကျေးရွာတာဝန်ခံများကို...