ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။
“သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော ဆုံးဖြတ်ချက်များပါ ပါဝင်လာနေပြီ ဖြစ်သည်။
တရားဝင် လူဖမ်းစစ်သားစုဆောင်းရန် စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ ၂ နှစ်ခန့်ရှိလာပြီး စစ်မှုထမ်း အပတ်စဉ် (၂၀) အထိ ခေါ်ယူပြီးစီးနေပြီ ဖြစ်သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ တပ်စခန်းများနှင့် မြို့ရွာများကို လက်လွှတ်ဆုံးရှုံးနေရပြီး ထောင်ချီသော တပ်သားများစွာကို ဆုံးရှုံးနေရသည့် စစ်ကော်မရှင်တပ်သည် ၎င်းတို့အတွက် စစ်အင်အား ဖြည့်တင်းရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့သည်။
စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဥပဒေပြုခဲ့ခြင်းဖြစ်ပြီး အရပ်သားအစိုးရများ လက်ထက်တွင် ကျင့်သုံးခြင်း မရှိသော်လည်း ယခုအခါ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကောင်အထည်ဖော်ကျင့်သုံးလာခြင်း ဖြစ်သည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အလှည့်ကျ စာရင်းပေး တာဝန်ထမ်းဆောင်ရမည် ဆိုသော်လည်း လက်တွေ့တွင် အဓမ္မဖမ်းဆီးကာ လူကုန်ကူးသည့် ဈေးကွက်တစ်ခုပမာ ဖြစ်လာသည်။
ယခုအခါ စစ်သင်တန်းကျောင်းသွားရန် စားရင်းပေါက်နေသည့် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေသဖြင့် လူအစားထိုးရန် အုပ်ကြီးများက လူမရှာနိုင်တော့ဘဲ မြို့နယ် ဦးစီးမှူး၊ လဝက ဦးစီးမှူးနှင့် ဒုအုပ်ချုပ်ရေးမှူး ကိုယ်တိုင်က လူရှာပေးနေရသည်။
လူအစားထိုးရန် ပြည်မဘက်က လူငယ်များကို ဖမ်းဆီးခေါ်ယူကာ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ ပေါက်ဈေးရှိပြီး အုပ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စစ်ကော်မရှင်တပ်ဖွဲ့များအတွက် ငွေရွှင်စရာ အခွင့်အလမ်းတစ်ခု ဖြစ်နေကြောင်း နမ့်စန်မြို့ခံ ကိုစိုင်း (အမည်လွှဲ) က ပြောသည်။

“အခုအုပ်ကြီးတွေ လူရှာမရတောတဲ့အဆုံး လကဝ ဦးစီးမှူး၊ မြို့အုပ်၊ ဒုအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် ရှာပေးရတယ်။ အုပ်ကြီးက လူထုအတွက် သက်သာရာသက်သာကြောင်း ဈေးညှိနှိုင်းရတာပေါ့။ လူအရောင်းအဝယ်လို ဖြစ်နေတယ်” ဟု ကိုစိုင်းက ဆိုသည်။
ထိုသို့ ဝယ်ယူရာတွင် တစ်ဦးလျှင် ကျပ်သိန်း ၅၀၊ ၆၀ ဝန်းကျင်သာ ရှိသော်လည်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက သိန်း ၁၀၀ မှ ၁၁၀ အထိ တိုးမြှင့်ကောက်ခံကာ ကိုယ်ကျိုးရှာနေကြောင်း ၎င်းက ဖြည့်စွတ်ပြောသည်။
ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး နမ့်စန်၊ ကွန်ဟိန်းနှင့် ကာလိမြို့တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ထွေအုပ်ရုံးမှ မြို့ပေါ် ရပ်ကွက်အတွင်း နေထိုင်သည့် ပြည်သူများ နေအိမ်သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
၎င်းစာထဲတွင် စစ်မှုထမ်းအပတ်စဉ် (၂၁) အတွက် တစ်အိမ်ထောင်လျှင် (၅၀,၀၀၀) ကျပ်ဖြင့် ကောက်ခံရန် ပါရှိကြောင်း ဒေသခံများက ဆိုကြသည်။
“ရပ်ကွက် တစ်ခုနဲ့တစ်ခု မတူဘူး။ သူတို့ အုပ်စုခွဲပြီး တောင်းတာ။ ဥပမာ – ချမ်းသာတဲ့အိမ်ဆိုရင် ငါးသောင်း၊ အလယ်အလတ်ဆိုရင် သုံးသောင်း၊ အနိမ့်ဆုံးကတော့ နှစ်သောင်းအထိ ကောက်တယ်။ အထက်ကအမိန့်ကို မလွန်ဆန်နိုင်လို့ဆိုပြီး ထင်းရောင်းစားပြီး တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေကိုလည်း ကောက်တယ်” ဟု ကိုစိုင်းက လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာတွေကို ပြောပြသည်။
အလားတူ မိုင်းတုံမြို့နယ်တွင်လည်း စစ်မှုထမ်းလစဉ်ကြေး သုံးလစာအတွက် ထည့်ပြီးပြီဖြစ်သော်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ထပ်မံကောက်ယူနေကြောင်း မိုင်းတုံမြို့ခံ စိုင်းတစ် (အမည်လွှဲ)က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“တကယ်တမ်း သုံးလစာအတွက် ထည့်ပြီးပြီ။ အဲ့ဒါကို အုပ်ချုပ်ရေးမှူးက ဘာမှမသိဘူး၊ အထက်က အမိန့်အတိုင်း ကောက်တယ်လို့ပဲ ပြောတယ်။ ဒီတိုင်းဆက်သွားမယ်ဆိုရင် အခွန်လိုမျိုး ဆောင်နေရမှာပေါ့။ စားဝတ်နေရေး ခက်ခဲနေတဲ့ကြားထဲက ဒီလိုလာကောက်တော့ ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ ဘယ်သူ့ကို အကူအညီခေါ်ရမှန်းလည်း မသိဘူး” ဟု လက်ရှိ မြေပြင်တွင် ဖြစ်ပျက်နေသည့် အုပ်ချုပ်ရေးမှူးများ၏ အလွန်အကျူး ငွေတောင်းခံခြင်းနှင့် ပတ်သက်ပြီး စိုင်းတစ်က ပြောပြသည်။
စာရင်းဇယားထက် ပိုမိုဆိုးရွားသော မြေပြင်အခြေအနေ

စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားသည်။
စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် သင်တန်သား ၅,၀၀၀ နှုန်းဖြင့် ခေါ်ယူမည်ဟု ကြေညာထားရာ ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ စစ်မှုထမ်း အပတ်စဉ် (၂၀) ကြိမ်အထိ ဖွင့်လှစ်ထားပြီး ဖြစ်သည်။
အဆိုပါကိန်းဂဏန်းအတိုင်းသာဆိုလျှင် စစ်ကော်မရှင်တပ်က ၂ နှစ် နီးပါးအတွင်း စစ်သားသစ် ၁၀၀,၀၀၀ (တစ်သိန်း) စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။
လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် Spring Revolution Database – SRD ၏ စာရင်းများအရ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတဝှမ်း၌ စစ်မှုထမ်းရန် ဖမ်းဆီးခံရသူ ၆,၄၄၀ ဦး ရှိသည်ဟု ဖော်ပြထားသော်လည်း မြေပြင် အခြေအနေမှာ ထိုထက်များစွာ ဖမ်းဆီးခံရနိုင်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
သတင်းစီးဆင်းမှုခက်ခဲခြင်းနှင့် စစ်ကော်မရှင်တပ်က သတင်းအမှောင်ချထားခြင်းတို့ကြောင့် စာရင်းဇယားတွင် ပေါ်ပေါက်လာခြင်းမရှိဘဲ ဖမ်းဆီးခံရသူများစွာ ရှိနေသည်။
ထို့အပြင် သျှမ်းပြည်တွင် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးမှုနှင့်အပြိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း အဓမ္မလူသစ်စုဆောင်းမှုပြုလုပ်နေသဖြင့် ဒေသခံလူငယ်များမှာ အခြားလွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည်။
ယင်းကဲ့သို့ စစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ငွေတောင်းခံခြင်း အပါအဝင် အားနည်းချက်များ ရှိခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကိုယ်တိုင်က ၂၀၂၅ ဇန်နဝါရီလတွင် ဝန်ခံပြောဆိုထားသော်လည်း မြေပြင်တွင်မှု ဆက်ကြေးကောက်ခံမှုက ရပ်တန့်သွားခြင်း မရှိပေ။
စစ်ကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ အပြိုင်အဆိုင် တပ်သားစုဆောင်းမှု
သျှမ်းပြည်တောင်ပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံစစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းတို့အတွက် စစ်မှုထမ်းလျှင် စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရမည်ဆိုသည့် မက်လုံးဖြင့် လူသစ်စုဆောင်း နေသည်။
သို့သော် လက်တွေ့တွင် စစ်ကော်မရှင်အတွက် စစ်မှုထမ်းလစဉ်းကြေးရော၊ PNO အတွက် စစ်အသုံးစရိတ်နှင့် အခွန်များကိုပါ နှစ်ထပ်ကွမ်း ပေးဆောင်နေရကြောင်း ပင်လောင်းမြို့ခံ ဦးကျော်ဟိန်း (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်မှုထမ်း လစဉ်ကြေးရော၊ PNO စစ်အသုံးစရိတ်ရော၊ အခွန်ရော ထည့်ရတယ်။ ပိုက်ဆံမရှိလည်း ရှိတဲ့ဟာတွေရောင်းပြီး ထည့်ပေးနေရတာ။ ကြာလာတော့ လူတွေလည်း အရမ်းပင်ပန်းနေပြီ” ဟု ဦးကျော်ဟိန်းက လက်ရှိ ကြုံတွေ့နေရသည့် ပြဿနာများအား ပြောပြနေသည်။
PNO တစ်ခုတည်းသာမက အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း နယ်မြေစိုးမိုးရေးနှင့် စစ်အသုံးစရိတ် အကြောင်းပြကာ ဒေသခံများထံမှ ငွေကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများကို ပြုလုပ်နေကြသည်။
ဒေသခံများ၏ ပြောပြချက်အရ အချို့သော လက်နက်ကိုင်အဖွဲ့များသည် အိမ်ထောင်စုအလိုက် အခွန်ကောက်ခံရုံ သာမက စစ်မှုမထမ်းလိုပါက တစ်ဦးလျှင် သိန်းဆယ်ချီသော “ကင်းလွတ်ခွင့်ကြေး” များကိုပါ တောင်းခံနေကြောင်း သိရသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် ဧပြီလတွင် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ (MNDAA) များ ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ထားသည့် မြို့ပေါ်ရပ်ကွက် (၁၂) ခုတွင် ယခု ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ လူဦးရေစာရင်း ပြန်လည်ကောက်ယူနေသည်။
၎င်းမှာ စစ်ကော်မရှင်တပ်အတွက် ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“စစ်မဖြစ်ခင်တုန်းက စစ်မှုထမ်းခေါ်ဖို့ တစ်ခါကြားသေးတယ်လေ။ အိမ်မှာ သား ၂ ယောက်နဲ့ သမီး ၁ ယောက်ရှိတာ စာရင်းယူသွားတယ်။ အခုလည်း ရပ်ကွက်လူကြီးတွေကိုယ်တိုင် ရပ်ကွက်ထဲ ထပ်ဆင်းနေပြီဆိုတော့ စစ်မှုထမ်းခေါ်မှာကို အရမ်းစိုးရိမ်နေရတယ်” ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း လားရှိုးမြို့နယ်အတွင်းရှိ ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ ကျေးရွာများတွင် MNDAA က တပ်သားသစ်များ အတင်းအကြပ် စုဆောင်းနေပြန်သည်။
နမ့်ပေါင်တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ရပ်ကွက်လျှင် (၅) ယောက်စီဖြင့် စုစုပေါင်း (၄၀) ဦး ပေးအပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အမိန့်ပေးထားကြောင်း သိရသည်။
“ပြောတာတော့ ပြည်သူ့စစ်လုပ်ပြီး ရွာစောင့်ဖို့ပဲ။ ဒါပေမယ့် စစ်ဝတ်စုံနဲ့ သေနတ်ထုတ်ပေးမယ်၊ သင်တန်းတက်ရမယ်ဆိုတော့ စစ်တိုက်ခိုင်းမှာပဲလေ။ အခုဆို ဒါ..သုံးကြိမ်မြောက် လူရှာပေးနေရတာ” ဟု နမ့်ပေါင်ဒေသခံတစ်ဦးက ဆိုသည်။
လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ မန်ပျဉ်၊ မန်စယ်၊ နားနန်း၊ မိုင်းပိုင်၊ ကွန်သျှိုး၊ ကုံးမုံ စသည့် ကျေးရွာအုပ်စုများတွင်လည်း MNDAA က လူသစ်တောင်းခံနေသဖြင့် ပေးစရာလူမရှိသော ကျေးရွာများမှာ သံလွင်စံပြကျေးရွာရှိ MNDAA တပ်ခစန်းသို့ သွားရောက် တောင်းပန်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထူခြားချက်မှာ လားရှိုးမြို့နယ်အတွင်း အပြိုင်အဆိုင် လူသစ်စုဆောင်းနေသည့် ကြားထဲတွင်ပင် MNDAA က ၎င်းတို့ ဖမ်းဆီးထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀၀ ဦးနှင့် အကျဉ်းသား ၅ ဦးကို လွတ်ငြိမ်းချမ်းသွာခွင့်ပေးခဲ့ကြောင်း ကိုးကန့်သတင်းကွက်ရက်မှ ဇန်နဝါရီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ အကျဉ်းသားများ လွှတ်ပေးနေသော်လည်း အခြားတစ်ဖက်တွင်မူ သာမန်အရပ်သား လူငယ်များကို တိုက်ပွဲဝင်ရန် အတင်းအကြပ် စုဆောင်းနေခြင်း ဖြစ်သည်။
စစ်မှုထမ်းရန် ဖိအားပေးခံရသဖြင့် အဆိပ်သောက်သေဆုံးရသည့် ဖြစ်ရပ်
၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သျှမ်းပြည်၏ မြေပြင်အခြေအနေမှာ စစ်ကော်မရှင်တပ် သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကပါ အပြိုင်အဆိုင် လူသစ်စုဆောင်းနေကြသဖြင့် ဒေသခံပြည်သူများမျာ မည်သည့်ဘက်သို့ ပြေးရမည်မှန်းမသိဘဲ လက်နက်ကိုင်များ၏ ဓားစာခံ ဘဝသို့ ရောက်ရှိနေကြသည်။
လားရှိုးမြို့နယ်အတွင်း ‘ဝ’ တပ်ဖွဲ့ (UWSA) ၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကြောင့် အသက် (၄၀) အရွယ်ရှိ ဒေသခံတစ်ဦး အဆိပ်သောက် သေကြောင်းကြံစည်သွားရသည့် ဖြစ်ရပ်က သျှမ်းပြည်မှ လူငယ်နှင့် လူလတ်ပိုင်းတို့၏ ဘဝလုံခြုံမှု မည်မျှ ပျက်စီးနေသည်ကို သက်သေပြနေသည်။
ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို UWSA က ခေါ်ယူပြီး စစ်သင်တန်းအတွက် လူငယ် (၁၀၀) ဦး ပေးအပ်ရန် အတင်းအကြပ် တောင်းဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုဖိအားကြောင့် ဇန်နဝါရီလ ၂၀ ရက်တွင် လားရှိုးမြို့နယ် ဟိုလင်းကျေးရွာမှ အသက် (၄၀) အရွယ် စိုင်းလွက်ဆိုသူမှာ စစ်သင်တန်း မသွာလိုခြင်းနှင့် မိသားစုစားဝတ်နေရေး တာဝန်ယူရသည့် ဖိအားများကြောင့် အဆိပ်သောက် သေဆုံးသွားခဲ့သည်။

“အဆိပ်သောက်သေတဲ့ စိုင်းလွတ်က အိမ်မှာလည်း မိသားစု စားဝတ်နေရေး တာဝန်ယူရတဲ့အပြင် စစ်သင်တန်း သွားရမယ့်ထဲ ထပ်ပါတော့ ကြံရာမရတဲ့အဆုံး အဆိပ်သောက် သေကြောင်းကြံသွားတာ” ဟု လားရှိုးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ယမန်နှစ် ၂၀၂၅ ခုနှစ်အတွင်း လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုမှ ဒေသခံများလည်း UWSA ဆင့်ခေါ်သည့် ပြည်သူ့စစ်သင်တန်းသို့ တစ်ကြိမ် တက်ရောက်ခဲ့ရပြီး အပြင်းအထန် စစ်ရေးလေ့ကျင့်ခိုင်းခြင်း၊ ဘာသာစကား နားမလည်ခြင်းများကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းပြီး အဆိုပါ စစ်သင်တန်းမှ ပြန်လာပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
လားရှိုးမြို့နယ်ရှိ လူငယ်များးကို စစ်သင်တန်းတက်ရောက်ရန် UWSA ဘက်မှ အတင်းအကြပ် ဆင့်ခေါ်နေခြင်းနှင့် ပတ်သက်၍ ‘ဝ’ ပြည်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ“ မိုင်းကျက်နယ် ပြည်သူ့စစ် အဖွဲ့ဝင်ဟောင်းများ ပုံမှန်စစ်ရေးလေ့ကျင့်ဖို့ပဲ ရှိပါတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
‘ဝ’ တပ်ဖွဲ့ (UWSA) သည် သံလွင်မြစ် အနောက်ခြမ်းရှိ လားရှိုး၊ သိန္နီနှင့် တန့်ယန်းမြို့နယ်များတွင် နယ်မြေချဲ့ထွင်လာပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စတင်လာသည်။
၂၀၂၅ ခုနှစ် မေလအတွင်းကလည်း တန့်ယန်းမြို့နယ်တွင် ပြည်သူ့စစ်သင်တန်း အကြောင်းပြကာ အတင်းအဓမ္မ လူစုဆောင်းခဲ့သဖြင့် ဒေသခံများစွာ ထွက်ပြေးခဲ့ရဖူးသည်။
လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ
ယနေ့ သျှမ်းပြည်၏ ပဋိက္ခကြားတွင် စစ်ကော်မရှင်၊ MNDAA၊ UWSA၊ PNO ၊ SSPP နှင့် RCSS အစရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးသည် ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်များအတွက် ဒေသခံပြည်သူများကို ဓားစာခံအဖြစ် အသုံးချနေကြသည်။
တဖက်တွင်လည်း စစ်ကော်မရှင်နှင့် တိုက်ပွဲ၊စစ်ရေး မဖြစ်ပွားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂)ဖွဲ့ကလည်း စစ်အင်းအားကို အလုအယက် ခေါ်ဆောင်မှုတွေ့ရှိနေရသည်။
စစ်ကော်မရှင်တပ်၏ စစ်မှုထမ်းဥပဒေ ဘေးမှလွတ်ရန် လူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများသို့ ပြေးဝင်ခိုလှုံကြသော်လည်း ထိုနေရာများတွင်လည်း အလားတူ လူသစ်စုဆောင်းမှုများနှင့် ထပ်မံရင်ဆိုင်နေရပြန်သည်။
ငွေကြေးတတ်နိုင်သူများက ပြည်ပသို့ ထွက်ခွာနိုင်ကြသော်လည်း ဆင်းရဲနွမ်းပါးသည် အခြေခံလူတန်းစားများမှာမူ မည့်သည့်ဘက်သို့ ပြေးပြေး လက်နက်ကိုင်များ၏ ဖမ်းဆီးမှုနှင့် ကြုံတွေ့နေရသည်။
သျှမ်းပြည်မှ လူငယ်များနှင့် မိသားစုဝင်များအတွက် စစ်မှုထမ်းရမည်ဆိုသည့် သတင်းစကားသည် သေမင်းထံမှ ဖိတ်စာရကဲ့သို့ပင် ဖြစ်နေပြီး အချို့မှာ ထိုဖိအားအောက်တွင် အသက်ကို စတေး၍ လွတ်မြောက်ရာ လမ်းကို ရှာဖွေနေကြရတော့သည်။
“အခုက ဘယ်သွားသွား မလုံခြုံတော့ဘူး။ စစ်တပ်က ဖမ်းမလား၊ လက်နက်ကိုင်က ဖမ်းမလားဆိုတာပဲ ကြောက်နေရတာ။ လူငယ်တွေကတော့ ဘယ်ဘက်ကမှ မပါချင်ဘဲ ဓားစာခံဖြစ်နေကြရတာပါပဲ” ဟု လားရှိုးမြို့ လူငယ်တစ်ဦးက ပြောသည်။












Leave a Comments