Friday, May 3, 2024

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

Must read

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ကော်တိုင်း (ၵေႃတႆး – Kaw Dai Organization) အဖွဲ့အစည်းမှ လုပ်ဆောင်နေသည့် ပညာရေးလုပ်ငန်းစဉ်များတွင် အခြေခံပညာရေး ကဏ္ဍ၌၂၀၀၅ ခုနှစ်မှ စတင်ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ဖြင့် သျှမ်းအမျိုးသားကျောင်းများ (ႁူင်းႁဵၼ်းၸိူဝ့်ၸၢတ်ႈ – Shan National School) ကို ဖွင့်လှစ်နိုင်ခဲ့သည်။

အဆင့်မြင့်ပညာ ကဏ္ဍတွင်လည်း ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် သျှမ်းကွန်မြူနတီကောလိပ် (ၸၼ့်ၸွမ်တူင်ႇၵူၼ်းတႆး – Shan Community College) တွင် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ဥပဒေ ဘာသာရပ်များကို ၃ နှစ်တာ လေ့လာပြီးကျောင်းသား/သူများအနေဖြင့် ထိုင်းနိုင်ငံတွင် ချိတ်ဆက်ထားသည့် အဆင့်မြင့်တက္ကသိုလ်တွင် ၂ နှစ်ထပ်မံ တက်ရောက်ကာ နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရယူနိုင်သည်။

“ကော်တိုင်း” အဖွဲ့အစည်း၏ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်နှင့် စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ စိန်ခေါ်မှုများ၊ အောင်မြင်မှုများနှင့် သျှမ်းလူငယ်များအတွက် ပညာရေးအခွင့်အလမ်းများအကြောင်းကို သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်မိန်းက ကော်တိုင်း ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌဖြစ်သူ  နန်းဟျှိုးဆိုင်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။         ။ ပထမဆုံးအနေနဲ့  ကော်တိုင်း အဖွဲ့အစည်း အကြောင်းကို မိတ်ဆက်ပေးပါဦးခ။

ဖြေ။         ။ ကော်တိုင်း အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ကော်တိုင်း က Community Based Organization ပါ၊ လူမှုအခြေပြု အဖွဲ့အစည်း ဖြစ်တယ်။ ပြီးတော့ ရည်မှန်းချက် ပန်းတိုင်ကတော့ အခြား CSO ၊ CBO နည်းတူ အားလုံးက ငြိမ်းချမ်းရေးကို လိုလားတယ်။တိုင်းရင်းသားအားလုံး သဟဇာတ ရှိရှိနဲ့ အချင်းချင်း လေးစားအသိအမှတ်ပြုပြီးတော့ သဟဇာတရှိရှိ နိုင်ငံရေးစနစ်တစ်ခု တည်ဆောက်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကျမတို့ လိုလားတယ်။

ဒီဟာ ဖြစ်ပေါ်လာဖို့ဆိုရင် ကျမတို့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေက အများကြီးရှိတယ်။ အဲ့ထဲမှာက ဥပမာ CSO ၊ CBO တွေဆိုရင် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေဆိုရင် နည်းလမ်းမျိုးစုံနဲ့ လုပ်နေကြတဲ့အချိန်မှာ ကျမတို့ ကော်တိုင်း ကတော့Community Empowerment နဲ့ Youth Empowerment ၊ လူမှုအသိုင်းအဝိုင်းနဲ့ လူငယ်စွမ်းရည် မြှင့်တင်ရေးအပိုင်းကို အဓိက ဦးစားပေးလုပ်ဆောင်တယ်။

ကော်တိုင်းက ကျမတို့ ယုံကြည်ချက်တစ်ခုဖြစ်တဲ့ Community (လူမှုအဖွဲ့အစည်း) မှာ Power (အာဏာ) ရှိရမယ်။ လူထုဆီမှာ အင်အားရှိရမယ်။အဲ့ဒါတွေ ရှိမှသာ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်မယ်။ အဲ့ကြောင့် ကျမတို့ လုပ်ငန်းထဲမှာ Social Transformation အောက်မှာဆိုရင်ပညာရေး Education က မရှိမဖြစ် လိုအပ်တဲ့ sector အကြီးကြီးတစ်ခုဖြစ်တယ်။

အဲ့ကြောင့် ကျမတို့ ကော်တိုင်းက Community Empowerment လုပ်တဲ့နည်းနဲ့ Youth Empowerment လုပ်တဲ့နေရာမှာ Education ပညာရေးအပိုင်းကို ရွေးပြီးတော့ လုပ်ဆောင်တာ။ ပရိုဂရမ်တွေ အများကြီး ရှိတဲ့အထဲမှာ သျှမ်းအမျိုးသားကျောင်း (Shan National School) ဆိုရင်အခြေခံ ပညာရေးကို လုပ်ဆောင်တယ်။ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) ဆိုရင် အဆင့်မြင့် ပညာ‌ရေးကို လုပ်ဆောင်တယ်။

နောက်ပြီးတော့ လားရှိုးမှာ အခြေစိုက်ထားတဲ့ Community Learning Center မှာဆိုရင်လည်း Community Empowerment ကို ဦးစားပေးလုပ်ဆောင်နေတာ ရှိတယ်။ အဲ့ကြောင့် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် တခြားတိုင်းရင်းသားတွေနဲ့ အတူတူ၊ တခြား Stakeholder တွေနဲ့ အတူတူ ကော်တိုင်းက Community Empowerment နဲ့ Youth Empowerment Sector မှာ ဒီကဏ္ဍတွေကို အဓိက ဦးစားပေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မေး။         ။ သျှမ်းပြည်မှာ အရင်ကတည်းက နိုင်ငံရေး၊ စစ်ရေး အခက်အခဲကြားမှာ ကော်တိုင်း (ၵေႃတႆး – Kaw Dai Organization) အနေနဲ့ ၂၅နှစ်တိုင်တိုင် သျှမ်းလူငယ် မျိုးဆက်သစ်တွေအတွက် ပညာရေး အခွင့်အလမ်းတွေ ပေးလာခဲ့တယ်။ ဒီ ၂၅ နှစ်တာ ကာလအတွင်း ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အောင်မြင်မှု မှတ်တိုင်တွေကို ပြောပြပေးပါ။

ဖြေ။         ။ ၂၅ နှစ်တိုင်တိုင် ကြုံတွေ့ခဲ့တဲ့ စိန်ခေါ်မှု အကြီးကြီးက ဘာလဲဆိုတော့ ကျမတို့တတွေက စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်မှာ နှစ်ကာလများစွာ နေလာခဲ့ကြတော့ ကျမတို့ လိုလားချက်တွေက တချို့တွေဆိုရင် မှုန်ဝါးဝါး ဖြစ်နေကြတယ်။ အော်တော့ အော်ကြတယ် ဒီမိုကရေစီကို လိုလားတယ်၊ ပြည်ထောင်စုစနစ်ကို လိုလားတယ်။ အချင်းချင်း တိုင်းရင်းသားအားလုံး သဟဇာတရှိရှိ နေနိုင်ဖို့ စနစ်တစ်ခုကို တည်ဆောက်ဖို့ လိုလားကြတယ်။

ဒါပေမယ့် တကယ်တမ်း ကျမတို့မှာ ဘာစိန်ခေါ်မှုတွေ ရှိလည်းဆိုတော့ သူများက ကိုယ့်ကို လေးစားတာတော့ လိုချင်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကကော သူများကို လေးစားလားဆိုတော့ အဲ့တာက မေးခွန်းအကြီးကြီး ဖြစ်တယ်ပေါ့နော်၊ ဒါက စိန်ခေါ်မှုပဲ။ ဘာလို့လဲဆိုတော့အာဏာရှင်စနစ်က ကျမတို့ရဲ့ Mindset အတွေးအခေါ်ထဲမှာ မြင်နေကျ တွေ့နေကျ အလေ့အထထဲမှာ ရှိနေတော့ ဒီဟာကို ကျော်လွှားဖို့ဆိုတာတော်တော်လေး ခဲယဉ်းတယ်။

ဥပမာ – ကျမတို့ တစ်ခုကြည့်မယ်ဆိုရင် ပညာရေးကဏ္ဍဆိုတာ တိုင်းပြည်ရဲ့ တာဝန်ဖြစ်တယ်။ သူတို့ရဲ့ တာဝန် သူတို့ရဲ့ Mandate(လုပ်ပိုင်ခွင့်)ဖြစ်တယ်။ တိုင်းရင်းသားအားလုံးရဲ့ ပညာရေးကို လက်ခံရမယ်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်ရမယ်ဆိုတာ တိုင်းပြည်ရဲ့တာဝန်၊ တိုင်းပြည်က စီစဉ်ပေးရမယ်။ ကျမတို့ တိုင်းပြည်က အခြေအနေ အမျိုးမျိုးကြောင့် မလုပ်နိုင်ဘူးဆိုရင်တောင်မှ Stakeholder တွေအများကြီးရှိတယ်။

သျှမ်းပြည်မှာ ဆိုရင်လည်း Stakeholder တွေ အများကြီးရှိတယ်။ ကိုယ်အုပ်ချုပ်နေတဲ့ နေရာမှာ ကိုယ်ပြန်ပြီးတော့ အကျိုးပြုပေးရမယ်ဆိုတာဒါက Stakeholder တိုင်းရဲ့ တာဝန်ဖြစ်တယ်။ အုပ်ချုပ်မင်းလုပ်နေတဲ့ အစိုးရက ပညာရေးကို မပေးနိုင်ဘူး ဆိုရင်တောင်မှ အခု ဒီဒေသ ဒီမြို့ ဒီခရိုင်ကို အုပ်ချုပ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း အများကြီးရှိတယ်။ သူတို့နယ်မြေထဲမှာ နေနေတဲ့ ကလေးတွေရဲ့ ပညာရေးက သူတို့ပြန်ပြီးတော့ အကျိုးပြု‌‌‌ပေးရမယ်ဆိုတဲ့ အသိလေးတွေ မဝင်နေဘူး။

ပြောချင်တာက စိန်ခေါ်မှု အကြီးကြီးက ကိုယ်လုပ်ရမယ့်အလုပ်ကို ကိုယ်တကယ်တောင်းဆိုနေတဲ့ ဒီမိုကရေစီတွေ၊ ဖက်ဒရယ်ပြည်ထောင်စုတွေဆိုတာ တကယ်ကော ဟုတ်ရဲ့လားဆိုတာ သံသယဝင်တယ်။ ကျမတို့ လုပ်ရမယ့်အလုပ် ရှေ့မတွင်တာဟာ ရှေ့မသွားတာဟာ ပြန်ကြည့်လိုက်မယ်ဆိုရင် စိန်ခေါ်မှုတစ်ခုက များသောအားဖြင့် ဘာတွေ့ရလဲဆိုတော့ အာဏာရှင်စိတ်ဓာတ် ဝင်နေတယ်။

အာဏာရှင်ကို တိုက်ထုတ်တယ်၊ အာဏာရှင်ကို မခံချင်ဘဲ ဒီမိုကရေစီကို လိုလားပြီးတော့ တောင်းဆိုနေကြတယ် ဆိုပေမယ့်လည်း တကယ်တမ်းကျမတို့ လုပ်နေတဲ့ လုပ်နည်းလုပ်ဟန်တွေက ဒီမိုကရေစီဘက်ကို မယိမ်းဘဲနဲ့ အာဏာရှင်စနစ်ဆန်ဆန် လုပ်နေတဲ့ စနစ်တွေ ကြီးစိုးနေသေးတယ်။ဒီလိုမျိုးတွေ ဖြစ်လာတော့ လူထုက ကြားညှပ်လာပြီး အကြောက်တရားတွေ ဝင်လာတယ်။

ဒီအဖွဲ့ကလည်း အာဏာရှင်ပုံစံနဲ့ လုပ်တယ်၊ နောက်တစ်ဖွဲ့ကလည်း အာဏာရှင်ပုံစံနဲ့ လုပ်တယ်ဆိုတော့ သူများတွေ ပြောသလို အာဏာရှင်နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းလိုမျိုးပေါ့။ ကျမတို့ သျှမ်းပြည်သူလူထုတွေဆိုရင် အာဏာရှင် ဘယ်နှထပ်ကွမ်းတောင်မှ မသိတော့ဘူး။

အာဏာရှင်တွေ အမျိုးမျိုးကြားထဲမှာ နှစ်ကာလများစွာ ညှပ်ခံနေရတဲ့ ပြည်သူလူထုက ဘာဖြစ်မလဲဆိုတော့ အကြောက်တရားရှိမယ်။ လုံခြုံရေးစိုးရိမ်မှုတွေ ရှိလာတယ်။ အကြောက်တရားတွေ ကြီးစိုးလာတယ်။ ပြီးရင် အချင်းချင်း မယုံကြည်တဲ့ စိတ်လေးတွေ များလာတယ်။ အဲ့လိုမျိုးတွေအတွက်ကြောင့် စစ်အာဏာရှင်တွေရဲ့အောက်မှာ နှစ်ရှည်လများ နေလာတဲ့ လူတွေရဲ့ သဘောသဘာဝအတိုင်း တာဝန်မယူချင်ကြတော့ဘူး။

ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကိုလည်း စိတ်မဝင်စားသလိုနဲ့ ခေါင်းရှောင်လာတယ်၊ ကိုယ်လွတ်ရုန်းလာတယ်။ ဒါကသဘောသဘာဝပဲ။ အဲ့လိုမျိုး ဖြစ်လာတဲ့အချိန်မှာ ကျမတို့လို CBO တွေရဲ့ တာဝန်၊ ကော်တိုင်းရဲ့ တာဝန်က ဘာဖြစ်လာလဲဆိုတော့ ကျမတို့ရဲ့ယုံကြည်ချက်က ဒီလိုမျိုးဖြစ်နေတဲ့ လူမှုပတ်ဝန်းကျင် Community ကို Empowerment လုပ်ရမယ်။

ဒီလိုမျိုးဖြစ်နေတဲ့ လူငယ်တွေကို Empowerment လုပ်ရမယ်။ အဲ့လိုမျိုး ယုံကြည်တဲ့အတွက် Community Empowerment နဲ့ YouthEmpowerment ပုံစံကို ရွေးချယ်ပြီးတော့ လုပ်ရခြင်းဖြစ်တယ်။ ဒီဟာတွေကို ကျော်လွှားဖို့ လုပ်နေတဲ့အချိန်မှာလည်း စိန်ခေါ်မှု အကြီးကြီး ဖြစ်တယ်။

နောက်ပြီးတော့ အောင်မြင်မှု ပန်းတိုင်က ဘာလဲဆိုတော့ ဒီ ၂၅ နှစ်လုံးလုံး ကျမတို့ ကြိုးစားလုပ်ခဲ့တာက Social Transformation လူမှုအသိုက်အဝန်း ပြုပြင်ပြောင်းလဲမှု ခေါင်းစဉ်အောက်မှာ ကော်တိုင်းက ဘယ်ဟာကို ကိုင်လဲဆိုတော့ ဒီ Social Transformation လုပ်မယ်ဆိုရင်အရေးကြီးဆုံး အချက်က ပညာရေးဖြစ်တယ်။

လူတွေရဲ့ အတွေးအခေါ် mindset ကို ပြုပြင်မယ်၊ ဥပမာ – ကျမတို့ တွေးခေါ်ပုံ တွေးခေါ်နည်းတွေ လက်ခံကျင့်သုံးနေတဲ့ အလေ့အကျင့်တွေမှာတချို့ဟာက ခေတ်မဆန်တော့ဘူး၊ တချို့ဟာက ဒီမိုကရေစီနည်းလမ်း မကျတော့ဘူး။ တချို့အရာကျတော့ တခြားသူကို နှိမ်ပြီးတော့မှ ဆက်ဆံနေတာကိုလည်း သတိမထားမိကြဘူး။ ဒါက လူ့အခွင့်အရေးနဲ့လည်း သက်ဆိုင်သလို တွေးခေါ်ပုံနဲ့လည်း အများကြီး သက်ဆိုင်တယ်။

Social Transformation လုပ်ဖို့ဆိုရင် ကျမတို့က Education မဖြစ်မနေ တည်ဆောက်ရမယ်။ မဖြစ်မနေ လုပ်ရမယ်ဆိုတာ အဲ့လိုမျိုး လက်ခံတဲ့အတွက် ၂၀၀၅ ကနေ စပြီးတော့ သျှမ်းအမျိုးသားကျောင်း (Shan National School) ကို စပြီးတော့ တည်ထောင်တယ်။ ကျမတို့လည်း လေ့လာတယ်၊ စူးစမ်းတယ်၊ သင်ခန်းစာတွေ ယူတယ်။ လုပ်ရင်းနဲ့ မှန်လိုက် မှားလိုက်နဲ့ ကျမတို့က အမှားအပေါ်မှာ သင်ခန်းစာယူရင်း အမြဲတမ်းအပြောင်းအလဲ လုပ်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။

၂၅ နှစ်တိုင်တိုင် ကျမတို့ ဘာတွေ လုပ်နိုင်လည်းဆိုတော့ အခြေခံပညာရေး စနစ်တစ်ခုကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့တယ်။ Grade-1 ကနေ Grade-10 အထိ ပေါ့နော်။ ပြီးရင် အဆင့်မြင့် ပညာရေး စနစ်တစ်ခုကို အောင်အောင်မြင်မြင် တည်ထောင်နိုင်တယ်။ ကျမတို့ ယုံကြည်ချက်နဲ့ ဘယ်လို Align (ညှိနှိုင်း) ဖြစ်လဲဆိုတော့ Social Transformation လုပ်ဖို့ ကျမတို့က Education မလုပ်လို့ မရဘူး။

ကျမတို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပုံစံသွားမယ် ဆိုပါတော့ နောင်လာမယ့် အနာဂါတ်မှာ ကိုယ်လိုချင်တဲ့ တိုင်းပြည်ပုံစံက ဒီမိုကရေစီရမှ ဒီမိုကရေစီရဲ့ Principles စံနှုန်းစံထားတွေ လာသင်နေလို့တော့ နှလုံးသားထဲမှာ စိမ့်မဝင်သွားဘူး။ ကိုယ်ကိုယ်တိုင်လည်း လိုက်ပြီးတော့ မလုပ်တတ်ဘူး။

ဥပမာ – ဆုံးဖြတ်ချက် တစ်ခုခု ချမယ်၊ အစည်းအဝေး တစ်ခုလုပ်ရမယ်။ လူအားလုံးရဲ့ အယူအဆတွေ၊ တွေးခေါ်ပုံတွေကို နားထောင်တတ်ရမယ်ဆိုတာ ကလေးတွေကအစ စပြီးတော့ လေ့ကျင့်ပျိုးထောင်ပေးမှ ကြီးလာရင် အချင်းချင်း နားထောင်ရမယ်ဆိုတာ နားလည်တယ်။ လူကြီးတွေကိုဒီဟာသွားသင်ပြကြည့်ပါလား၊ အစည်းအဝေး ပြီးသွားတယ် ငါမပါဘူးဟ ဆိုပြီး မလုပ်တော့ဘူးလေ။

ဘာလို့အဲ့လိုမျိုး ဖြစ်လည်းဆိုတော့ ကလေးကအစ ဒီမိုကရေစီ စံနှုန်းတွေကို သင်ပြထားမှ ကိုယ်လိုချင်တဲ့ Democratic Values (ဒီမိုကရေစီ တန်ဖိုး) တွေ၊ Democratic Principles (ဒီမိုကရေစီ စံနှုန်း) တွေ၊ နောက်ပြီးတော့ တိုင်းရင်းသားအချင်းချင်းကို လေးစားရမယ်ဆိုတာ ငယ်ငယ်ကတည်းက သင်ထားမှ သူများကို လေးစားတတ်တာ။

ဒီဟာတွေကို လုပ်နိုင်ဖို့ဆိုရင် ပညာရေးစနစ်တစ်ခု တည်ထောင်ရမယ်ဆိုတာ ဒီရည်မှန်းချက်နဲ့ ကျမတို့ ကော်တိုင်းက ၂၅ နှစ်လုံးလုံး ကြိုးစားလုပ်လာခဲ့တာဆိုရင် အခြေခံပညာရေး စနစ်ကို ထူထောင်နိုင်ရမယ်၊ ပြီးတော့ အဆင့်မြင့် ပညာရေးစနစ်ကို တည်ထောင်နိုင်ရမယ်ဆိုတဲ့ ဒီပန်းတိုင်ကိုရောက်နိုင်ခဲ့တယ်။ လုပ်လာတဲ့ အလုပ်တွေ အများကြီးထဲက အောင်မြင်မှုလေး ၂ ခုပါ။

မေး။         ။ ကော်တိုင်း အဖွဲ့အစည်းရဲ့ လက်အောက်က အခြေခံပညာရေး ကဏ္ဍမှာဆိုရင်  သျှမ်းအမျိုးသားကျောင်း (Shan National School – ႁူင်းႁဵၼ်းၸိူဝ့်ၸၢတ်ႈ) တွေလည်း ဖွင့်လှစ်ထားတာ ရှိတယ်။ မျိုးဆက်သစ် ကလေးငယ်တွေရဲ့ ပညာရေး အခန်းကဏ္ဍမှာ ဘယ်လောက်ထိ အရေးပါလဲ။

ဖြေ။         ။ ကျမတို့ တကယ်တမ်း မြင်လိုတဲ့ Social Institution နဲ့ Community ပုံစံ၊ မြင်လိုတဲ့ သျှမ်းလူမှုအသိုင်းအဝိုင်းကို Visualize ပုံဖော်ကြည့်မယ်ဆိုရင် ကျမတို့ ဖြစ်ချင်တာသည် အပြန်အလှန် လေးစားပြီးတော့ အချင်းချင်း ဖေးမကူညီတတ်တဲ့ စုပေါင်းခေါင်းဆောင်ပြီးတော့ စုပေါင်းအဖြေရှာတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို လိုလားတာ။

အဲ့လိုမျိုး ကိုယ်လိုလားတဲ့ လူမှုအသိုက်အဝန်းပုံစံကို ဒီကလေးတွေကနေ စပြီးတော့ ပြုစုပျိုးထောင်ပေးရမှာဖြစ်တဲ့အတွက် ကျမတို့ အခြေခံပညာရေးကို ကြိုးစားပြီးတော့ လုပ်တယ်။ နောက်ပြီးတော့ ဥပမာ ကျမတို့က ကောလိပ်ကိုပဲ လုပ်ပြီးတော့ အခြေခံပညာရေးကို မလုပ်ဘူးဆိုရင် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ငယ်စဉ်အရွယ်မှာ အမြန်ဆုံး၊ အကောင်းဆုံး အရွယ်တွေ ဖြစ်တယ်။

ဒီလိုမျိုး အကောင်းဆုံးအရွယ်မှာ ကျမတို့ မပြုစု၊ မပျိုးထောင်လိုက်ရဘူးဆိုရင် နောက်ပြီးတော့ ကြီးလာမှ ကောလိပ် အဆင့်မှာ လာပြီးတော့သင်ကြားမယ်ဆိုရင် အခက်အခဲတွေ အများကြီးရှိတယ်။ ဥပမာ – ကျမတို့ အခုလုပ်နေတဲ့ သျှမ်းအမျိုးသားကျောင်းက လာတဲ့ ကျောင်းသူကျောင်းသားတွေရယ်၊ နောက်ပြီးတော့ Public School ဖြစ်တဲ့ အစိုးရကျောင်းနဲ့ အခြားကျောင်းတွေကနေ လာတဲ့ ကျောင်းသားတွေကို ယှဉ်ပြီးတော့ ကြည့်မယ်ဆိုရင် ဘာတွေ့လဲဆိုတော့ တခြားကျောင်းပုံစံကနေ လာတဲ့ ကျောင်းသားတွေက တချို့ဆို စာတော်ကြပါတယ် memorizing ပုံစံအများကြီး ကြိုးစားလာခဲ့ကြလို့လေ။

စာကို အရမ်းကျက်လာရတယ်၊ စာကို အရမ်းကြည့်လာရတယ်၊ တချို့ဆိုရင် မှတ်ဉာဏ်အရမ်းကောင်းတယ်။ ဒါပေမယ့် ပြဿနာတစ်ခုခု ရှိလာပြီ၊စုပေါင်းအဖြေရှာရတော့မယ်၊ စုပေါင်းဖြေရှင်းရတော့မယ်ဆိုရင် မရတော့ဘူး။ အတွေးအခေါ်ပိုင်းတွေကို မလေ့ကျင့်လာရဘူး၊ မသင်ကြားလာရဘူး။ ကျမတို့ရဲ့ ယုံကြည်မှုက ပညာရေးမှာ fact knowledge သတင်းအချက်အလက်တွေက အရေးကြီးပါတယ်။

ဒါပေမယ့် ဒီထက်ပိုအရေးကြီးတာက သင်ကြားနည်း၊ ကလေးတွေကို ဘယ်လိုသင်ကြားလဲ။ ကလေးတွေကို ကျောင်းနေအရွယ်ကနေ သူတို့အရွယ်ရောက်တဲ့အထိ အရေးအကြီးဆုံးအရာက ဘာလဲဆိုတော့ တွေးခေါ်တတ်ဖို့ပေါ့။ ဒီကလေးတွေ အရွယ်ရနေတုန်း အဓိက လိုအပ်တဲ့တွေးခေါ်နိုင်စွမ်းတွေကို ပြုစုပျိုးထောင်ပေးနိုင်ဖို့ဆိုရင် အခြေခံပညာရေးလည်း မရှိမဖြစ် လိုအပ်တယ်။ ကျမတို့က ဒီကျောင်းနေအရွယ်ဖြစ်တဲ့ကလေးတွေကို Grade-1 to 10 အထိ အခြေခံပညာရေး ဖွင့်လှစ်ရခြင်း ဖြစ်တယ်။

မေး။         ။ အခြေခံပညာရေးမှာ ကိုယ်တိုင် စပြီး ထူထောင်ခဲ့တဲ့ စနစ်တစ်ခုမှာ Grade-1 to 10 အထိ ရှိတယ်ဆိုတော့ ဒီအကြောင်းကို ရှင်းပြပေးပါဦး။ ဒါက ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းနဲ့ သွားတာလား။

ဖြေ။         ။ ခုနက ပြောသလိုပဲ ကျမတို့ရဲ့ တကယ့်လိုအပ်ချက်က Social Transformation ဖြစ်တယ်။ ကျမတို့ ယုံကြည်ထားပြီးသားအလေ့အကျင့်တွေ၊ နိုင်ငံရေးစနစ် လူမှုရေးစနစ် ဒီဟာတွေက ကျမတို့ တိုးတက်ဖွံ့ဖြိုးဖို့ အဟန့်အတားတွေ အများကြီး ဖြစ်နေတဲ့အတွက်ကြောင့်မလို့ Social Transformation လုပ်ရမယ်။ အဲ့ကြောင့် Education ကို ကိုင်တယ်ဆိုကတည်းက အစိုးရက လုပ်နေတဲ့နည်း၊ လုပ်နေတဲ့ဟန်ကိုအသုံးပြုလို့ မရဘူး။

အဲ့တာကြောင့် ကျမတို့က ကိုယ်လိုအပ်တဲ့ လိုအပ်ချက်တွေအတိုင်း ထလုပ်ဖို့ တာဝန်ရှိတယ်လို့ ယူဆတယ်။ ကျမတို့ လိုအပ်တာက မိခင်ဘာသာစကားအခြေပြု ပညာရေး၊ ဒီဟာသည် တိုင်းရင်းသားအားလုံးရဲ့ လိုအပ်ချက်ဖြစ်တယ်ဆိုတာ အစိုးရကလည်း လက်ခံချင်မှ လက်ခံမယ်။နောက်ပြီးတော့ လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေလည်း လက်ခံချင်မှ လက်ခံမယ်။

ဒါပေမယ့် ကျမတို့ရဲ့ လိုအပ်ချက်ဖြစ်တယ်၊ ကျမတို့ ထလုပ်မှရမယ့် လုပ်ငန်းဖြစ်တယ်ပေါ့နော်။ သူများကို သွားအားကိုးနေလို့ မရဘူး၊ စောင့်နေလို့လည်း မရဘူး။ ကျမတို့ လိုအပ်ချက်ဖြစ်တဲ့အတွက် လုပ်ရမယ်၊ ကိုယ့်တာဝန်ဖြစ်တယ်။ မိခင်ဘာသာစကား အခြေပြု ပညာရေးသည် ကျမတို့ရဲ့ တာဝန်ဖြစ်တယ်။ အဲ့တာကြောင့် ၂၀၀၅ ခုနှစ်မှာ မိခင်ဘာသာစကား အခြေပြု ပညာရေးကို စလုပ်ရခြင်းဖြစ်တယ်။

ကျမတို့လုပ်တဲ့ပုံစံက ဘယ်လိုမျိုးလဲဆိုတော့ အခြေခံပညာရေးမှာ Grade-1 to 3 အထိကို သျှမ်းစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာ ဒီသုံးဘာသာပဲ သင်တယ်။ Grade-4, 5, 6 ရောက်မှ မြန်မာစာကို စပြီးတော့ သင်ပေးတာပေါ့။ ဘာလို့အဲ့လိုလုပ်လဲဆိုတော့ ဒီအရွယ်မှာ ဘာသာစကား အများကြီးထည့်လဲရပါတယ်၊ ကလေးတွေက လက်ခံနိုင်စွမ်းရှိတယ်။

သို့ပေမဲ့ သူတို့ဒီအရွယ်မှာ အကောင်းဆုံး နားလည်ရမယ့် ဘာသာစကားသည် မိခင်ဘာသာစကားဖြစ်တယ်။ ကိုယ့်မိခင်ဘာသာစကားကိုကောင်းကောင်းလေး နားလည်ဖို့၊ ပြောဆိုဆက်ဆံတတ်ဖို့ဆိုရင် ဒါကို သင်ပေးမှ ရမယ်။ ဒါကြောင့် မိခင်ဘာသာစကား အခြေပြု ပညာရေးကို စလုပ်ရခြင်းဖြစ်တယ်။

ဒီ Grade-10 ပြီးပြီဆိုရင် အခြေခံပညာရေး ပြီးဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေကို ဘယ်လိုပုံစံမျိုး မြင်ချင်လဲဆိုတော့ ကိုယ့်မိခင်ဘာသာစကားကို ကျွမ်းကျင်တဲ့ လူမျိုးဖြစ်တယ်၊ နောက်ပြီးတော့ အင်္ဂလိပ်စာကို အခြေခံကောင်းကောင်းနဲ့ ကျောင်းပြီးတဲ့လူ ဖြစ်စေချင်တယ်။နောက်ထပ်က မြန်မာနိုင်ငံမှာ နေတဲ့အတွက် မြန်မာစကားကိုလည်း ပြောဆိုဆက်သွယ်နိုင်ရမယ်။ ကျမတို့ လိုအပ်တဲ့ မြင်ချင်တဲ့ ပုံစံလေး ဖြစ်တယ်။ အဲ့တာကြောင့် ကြိုးစားပြီး လုပ်ရခြင်းဖြစ်တယ်။

အစိုးရရဲ့ သင်ရိုးညွှန်းတမ်းကိုလည်း မယူဘူး၊ သင်ကြားနည်းကိုလည်း မယူဘူး။ မယူရတဲ့ အကြောင်းရင်းကလည်း ခုနက ပြောသလိုပါပဲ ကျမတို့လိုချင်တဲ့ လူမှုအသိုက်အဝန်းပုံစံကို သွားနေတဲ့အချိန်မှာ ဖြစ်နေတဲ့အရာတွေက အဟန့်အတား ဖြစ်နေတဲ့အတွက် ကိုယ်တိုင် ထလုပ်ရမယ်၊ကိုယ်တိုင်စီမံနိုင်ရမယ်ဆိုတဲ့ အသိနဲ့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။

မေး။         ။ တစ်ဘက်မှာလည်း သျှမ်းလူမှုအသိုင်းအဝိုင်းမှာ တွေ့ရလေ့ရှိတာက မိဘတွေမှာ ကလေးတွေအတွက် ပညာရေးကို ဆုံးခန်းတိုင်အောင် ဦးစားမပေးတာ၊ အရွယ်ရောက်လာတဲ့ ကလေးတွေကို လုပ်ငန်းခွင်ကို ပို့တာမျိုးတွေဟာ သျှမ်းလူမျိုးတွေရဲ့ အလားအလာရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးမှုရှိလာတာကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။         ။ ဒါက အရမ်းကို စိတ်မကောင်းဖြစ်ရတဲ့ အချက်ဖြစ်တယ်။ ကျမတို့ သျှမ်းက ဥပမာ – တခြားပြည်နယ်တွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် အဆင်းရဲဆုံး ပြည်နယ်ထဲမှာလည်း ပါမနေဘူး။ ပညာရေးမှာ ကြည့်မယ်ဆိုရင် အောက်ဆုံးနီးပါးလောက်မှာ ရောက်နေတယ်။ ပညာရေးကိုဦးစားမပေးကြဘူး၊ ပညာရေးက မိဘတိုင်းရဲ့ ပထမ ဦးစားပေး First Agenda ထဲမှာ ရောက်မနေဘူး။

ရောက်မနေတဲ့ အကြောင်းရင်းကလည်း ကျမတို့ ပြန်ကြည့်မယ်ဆိုရင် အုပ်ချုပ်မင်းလုပ်နေတဲ့ အစိုးရအဆက်ဆက်မှာ ပယောက အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ သျှမ်းပြည်အနေနဲ့ ကြည့်လိုက်မယ်ဆိုရင် Conflict Affected Community/Area နှစ်ရှည်လများစွာ ပဋိပက္ခကြားထဲမှာညှပ်နေတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။

တခြားပြည်နယ်တွေမှာက ရပ်လိုက် ဖြစ်လိုက်နဲ့၊ သျှမ်းပြည်မှာက ၁၉၅၂ အဲ့အချိန်ကတည်းက အခုထိ အဆက်မပြတ် ဖြစ်လာတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ နောက်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းကလည်း တစ်ဖွဲ့တည်း ရှိတာမဟုတ်ဘူး။ လက်နက်ကိုင် အဖွဲ့အစည်း အများကြီးကြားမှာညှပ်နေတဲ့ ပြည်သူလူထု ဖြစ်နေတဲ့အတွက် ကျမတို့က ဝန်ထုပ်ဝန်ပိုးတွေ များတယ်။ ပြီးရင် အကြောက်တရားတွေနဲ့ နေနေရတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ အဲ့တာကြောင့် ပညာရေးက ခေါင်းစဉ် နံပါတ်တစ်ထဲမှာ ရှိမနေဘူး။

ကိုယ့်ဝမ်းစာအတွက် အသက်ဆက်ရှင်နိုင်အောင် လုပ်ရမယ်၊ ကိုယ့်မိသားစု နေနိုင်ဖို့ စီးပွားရေးရှိရမယ်ဆိုတဲ့ အသိတွေ ဝင်လာတယ်။ ဒီလိုမျိုး သျှမ်းပြည်က ပဋိပက္ခတွေ ဖြစ်ရင်းနဲ့ ပဋိပက္ခရဲ့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ပြဿနာပေါင်းများစွာပေါ့၊ ဥပမာ – မူးယစ်ဆေးဝါးနဲ့ တရားမဝင် လုပ်ငန်းတွေ မျိုးစုံကြားထဲမှာ ညှပ်နေတဲ့ ပြည်နယ်တစ်ခု ဖြစ်နေတယ်။

အခုဆိုရင် Scamming (အွန်လိုင်းဂိမ်း ငွေကြေးလိမ်လည်မှုလုပ်ငန်း) တွေပေါ့၊ ဒီလုပ်ငန်းတွေမှာ လူငယ်တွေက ကြားညှပ်နေတယ်။ ဒီ လေးငါးနှစ်မတိုင်ခင်နဲ့ “၁၀၂၇ စစ်ဆင်ရေး” မစတင်ခင်မှာ သျှမ်းပြည်က Scamming အောက်မှာ တော်တော်လေး အလူးအလိမ့် ခံရတယ်လို့ ကျမ ယူဆတယ်။ လူငယ်တွေက ထောင်ပေါင်းများစွာ Scamming Industry ထဲ ရောက်သွားကြတယ်၊ မိဘတွေကလည်း မတားဘူး။

မတားရတဲ့ အကြောင်းရင်းကလည်း သူတို့မှာ လိုအပ်ချက်တွေ အများကြီး ရှိနေတဲ့အတွက် ဟိုဘက်ဒီဘက် အဖွဲ့အစည်းကိုလည်း ပေးရတာနဲ့ဝင်ငွေက နည်းတဲ့အတွက် မိဘတွေကလည်း မတားကြဘူး။ ဒီလိုမျိုး ကြားထဲမှာ ညှပ်နေတဲ့အတွက် သျှမ်းပြည်သူလူထုက ပညာရေးအပိုင်းကိုစိတ်မဝင်စားက ကျမအနေနဲ့ နည်းနည်းတော့ မအံ့ဩဘူး၊ ဒါပေမယ့် ဝမ်းနည်းတယ်။ ဆိုတော့ ဒီဟာတွေသည် အစိုးရမှာ တာဝန်တွေ ရှိတယ်၊လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

မေး။         ။ ကော်တိုင်း အဖွဲ့အစည်းရဲ့ အဆင့်မြင့်ပညာရေးကဏ္ဍမှာဆိုရင်လည်း GED ပြင်ဆင်ပေးတဲ့ အတန်းတွေ ရှိမယ်၊ သျှမ်းကွန်မြူနတီကောလိပ် (ၸၼ်ႉၸွမ်တူင်ႇၵူၼ်းတႆး – Shan Community College) ဖွင့်လှစ်ထားတာ ရှိတယ်။ ဒီတက္ကသိုလ်မှာ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေနဲ့ ကျောင်းသားတွေအတွက် အရည်အချင်း သတ်မှတ်ချက်က ဘာတွေ လိုအပ်လဲ။

ဖြေ။         ။ ကျမတို့ သျှမ်းကွန်မြူနတီကောလိပ်မှာ GED အတန်းတွေ ရှိတယ်၊ အင်္ဂလိပ်စာ ပြင်ဆင်ပေးတဲ့ TOFEL အတန်းတွေ ရှိတယ်။ ပြီးရင်ဒီကောလိပ်ကို တက်ချင်တယ်ဆိုရင် အခုလောလောဆယ် Social Science မေဂျာနဲ့ Associate Degree ပေးတဲ့ အစီအစဉ်တွေ ရှိတယ်။

လိုအပ်တဲ့ အရည်အချင်းတွေက ကျမတို့ ဒီလိုမျိုး ပညာရေး အခက်အခဲ ရှိနေတဲ့ အချိန်မှာ သျှမ်းပြည်သူလူထု တစ်ရပ်လုံးနဲ့ မြန်မာနိုင်ငံ တဝှမ်းမှာ ပညာရေး အခွင့်အလမ်းတွေ နည်းပါးနေတဲ့ အချိန်မှာ ကျမတို့အနေနဲ့ ဆယ်တန်းအောင်မှ၊ ဟိုဟာဒီဟာ အောင်မှ တက်လို့ရမယ်ဆိုတဲ့ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်တယ်။

တကယ်လို့ သျှမ်းကွန်မြူနတီကောလိပ်ကို တက်ချင်တယ်ဆိုရင် အတန်းလက်မှတ် မရှိရင်တောင်မှ အနည်းဆုံးတော့ ဘာသာစကားတော့Readiness အဆင်သင့် ဖြစ်ဖို့လိုတယ်။ ဥပမာ – အင်္ဂလိပ်စာဆိုရင် Pre-Intermediate Level တော့ တတ်ထားရမယ်။ ပြီးရင် သျှမ်းကွန်မြူနတီကောလိပ် ဖြစ်တဲ့အတွက် သျှမ်းစာ၊ သျှမ်းစကား အခြေခံ ရှိထားဖို့ လိုတယ်။ ဒီဟာကို ကောလိပ်အဆင့် အချက်အလက်တွေကို ပြောဆိုဆက်ဆံနိုင်တယ်ဆိုရင် ကျမတို့ လက်ခံတယ်။

Pre-College Program မှာ သူတို့ကို ၅ လ ဒါမှမဟုတ် ၁ နှစ် ပေးတက်လိုက်မယ်၊ အဲ့လိုပေးတက်ပြီးတော့ Entrance Exam ဝင်ခွင့်စာမေးပွဲ စီစဉ်ပေးတယ်။ ဝင်ခွင့်စာမေးပွဲ အောင်ပြီဆိုရင် ပြင်ဆင်ထားတဲ့ Course သင်ရိုးကို အကုန်တက်လို့ရတယ်။ ကန့်သတ်ချက်က ဟိုအတန်း၊ ဒီအတန်းပြီးရမယ်ဆိုတာ မရှိတော့ဘူး၊ စကတည်းက မရှိခဲ့ဘူး။ ဒါပေမယ့် အရည်အချင်း ရှိဖို့တော့ လိုတယ်။

နောက်ပြီးတော့ ကောလိပ်အဆင့်မှာ ရှိဖို့လိုအပ်တဲ့ Presentation လုပ်ရတာ၊ အရေးအဖတ် အပြောအဆို အဲလိုမျိုးလုပ်တဲ့အချိန်မှာ လိုက်လုပ်နိုင်တယ်ဆိုရင် ကျမတို့က လက်ခံတယ်။ Language Readiness ဖြစ်ဖို့လိုတယ်။ ဒီအတောအတွင်းမှာ ဘာဖြစ်လို့ ကျမတို့ GED ထည့်ပေးလဲဆိုတော့ အဆင့်မြင့်ပညာရေးမှာ ထိုင်းနိုင်ငံက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ထားတဲ့အတွက် သူတို့ရှေ့ဆက်နိုင်ဖို့ဆိုရင် Accreditation အသိအမှတ်ပြုထားတဲ့ နည်းလမ်းတွေ ရှိဖို့တော့ လိုတယ်။

အဲ့လိုမျိုး လုပ်ဖို့ဆိုရင် အထက်တန်း ပြီးထားတဲ့ ကျောင်းသားတွေက ဥပမာ – သျှမ်းအမျိုးသားကျောင်းက ပြီးထားတဲ့ ကျောင်းသားတွေဆိုရင်စိတ်မပူပါဘူး။ အပြင်က လာတဲ့ ကျောင်းသားတွေဆိုရင် ဆယ်တန်းမပြီးလို့၊ Grade-12 မပြီးလို့ သျှမ်းကွန်မြူနတီကောလိပ်ကို တက်ချင်တယ်ဆိုရင် သူတို့လုပ်ရမှာက အင်္ဂလိပ်စာနဲ့ သျှမ်းစာ၊ သျှမ်းစကားကို အရင်ဆုံး ပြင်ဆင်ပြီး လာတက်လို့ရတယ်။

လာတက်ရင်းနဲ့ ၃ နှစ်အတွင်းမှာ တစ်ခါတည်း GED ပါ ဖြေပေးလိုက်တယ်။ ဆယ်တန်း ဒါမှမဟုတ် Grade-12 မပြီးသေးတဲ့ ကျောင်းသားကျောင်းသူတွေ အတွက်လည်း စောင့်နေစရာ မလိုဘူး၊ ဒီကြားထဲမှာ GED ပါ တခါတည်း ပြင်ဆင်ပေးတယ်။ ကောလိပ်ပြီးတာနဲ့ GED ပါ တခါတည်း ပြီးသွားတာ ဖြစ်လိမ့်မယ်။ လာတက်ချင်တယ်ဆိုရင် ဆက်သွယ်ပါ၊ လက်ခံပေးဖို့ နည်းလမ်းမျိုးစုံ ရှိပါတယ်။

မေး။         ။ အခုဆိုရင် နိုင်ငံရေး မတည်ငြိမ်တော့ ပညာရေး အခွင့်အလမ်း ဆုံးရှုံးတာတွေ ရှိလာတယ်။ ဒီထဲမှာဆိုရင် အဆိုးဝါးဆုံးက အသက်၁၈ နှစ်ကစပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဥပဒေပြဋ္ဌာန်းတာ၊ လက်နက်ကိုင်တပ်တွေကလည်း တပ်သားစုဆောင်းတာတွေ ရှိလာတယ်။ ဒါကြောင့် သျှမ်းလူငယ်တွေကလည်း နိုင်ငံခြားကို အလုံးအရင်း ထွက်ခွာသွားကြတာတွေ ရှိနေတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ကော်တိုင်းအနေနဲ့ သွားနေတဲ့ အဆင့်မြင့်ပညာရေး လမ်းကြောင်းအတွက် ဘယ်လိုစိုးရိမ်မှုတွေ ရှိလဲ။

ဖြေ။         ။ ဒါက ပြဿနာကို ဖြေရှင်းရင်း ပြဿနာတွေ ပိုပေါ်လာတယ်ဆိုတဲ့ ပုံစံမျိုးပါ။ ကျမတို့ရဲ့ Stakeholder တွေပေါ့၊ နိုင်ငံရေးပါတီတွေ၊လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖြစ်၊ CSO CBO ဖြစ်ဖြစ် လုပ်ရင်းလုပ်ရင်းနဲ့ ကျမတို့ ရှေ့မတိုးတာက ပြဿနာကို ဖြေရှင်းရင်းနဲ့ ပြဿနာ ပိုပေါ်လာတာပေါ့။ ဒီလိုမျိုး သံသရာထဲမှာ လည်နေတယ်ပေါ့နော်။ ဒီဟာလုပ်လိုက်တဲ့အတွက် ကျမတို့ သျှမ်းပြည်သူလူထုတွေက အလုံးအရင်းနဲ့နိုင်ငံခြားကို ထွက်ပြေးကြတယ်။

ဒါက ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် လုံးဝ မကောင်းဘူး။ ခနတဖြုတ်တော့ လွတ်ရာလွတ်ကြောင်း ရှိမှာပေါ့၊ ရေရှည်ဆိုရင် လုံးဝမကောင်းတဲ့အချက်ဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ ဒီလူတွေ မရှိတော့ဘူးဆိုရင် လစ်ဟင်းမှုတွေ အများကြီးရှိလာမယ်။ တခြားနယ်ကလူတွေ အစားထိုးဝင်လာမယ်။ ပြဿနာတွေ ထောင်ပေါင်းမြောက်များစွာ ပိုပြီးတိုးလာမယ်။

စစ်မှုထမ်းရမယ်ဆိုတဲ့ ဂယက်က ကျမတို့ လုပ်ငန်းတွေ အကုန်လုံးအပေါ်မှာ သက်ရောက်မှု အများအပြားရှိတယ်။ ထွက်ပြေးတဲ့လူတွေ အပေါ်မှာလည်း အပြစ်မတင်ချင်ဘူး။ ကိုယ်လွတ်ရုန်းရတဲ့အတွက် လွတ်ရာလွတ်ကြောင်း ပြေးကြတာပဲ။

ဒါပေမယ့် ကျမအနေနဲ့ အကြံဉာဏ်ပေးချင်တာက စကောလားရှစ်ပေးတဲ့ အဖွဲ့အစည်းတွေ တော်တော်များတယ်။ အဆင်သင့်ဖြစ်ပြီးတော့လျှောက်လွှာတွေ တင်နိုင်တဲ့ ကျောင်းသားအရေအတွက်က အရမ်းနည်းတယ်။ ဒီလိုမျိုးဖြစ်ရတဲ့ အကြောင်းရင်းကလည်း အမြဲတမ်း စစ်ပြေးနေရတာနဲ့၊ စားဝတ်နေရေးပဲ လုံးပမ်းနေရတာနဲ့ ကိုယ်ပြင်ဆင်ရမယ့် အရည်အချင်းတွေ၊ စာရွက်စာတမ်းတွေက အချိန်မရှိတော့ စကောလားရှစ်တွေဘယ်လောက်ပဲပေးပေး လက်လှမ်းမယူနိုင်ဘူး။

ဒီလိုမျိုး မယူနိုင်တာက ဆုံးရှုံးမှု အကြီးကြီးတစ်ခု ဖြစ်တယ်။ ကျမအကြံဉာဏ်ပေးချင်တာက လူငယ်တွေ လုံခြုံရေးကောင်းတဲ့နေရာမှာ နေပါ၊ တချိန်တည်းမှာပဲ လူငယ်ပီပီ ပညာရေးနဲ့ လေ့လာသင်ယူမှုတော့ ရှိရမယ်။ စစ်ဘေးရှောင်နေရင်းနဲ့ ရရာအလုပ်ပဲ ဝင်လုပ်နေမယ်ဆိုရင် နောင်အနာဂတ်မှာ ဒီလောက်အရင်းအနှီးနဲ့ပဲ ကိုယ့်ဘဝကို တည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ ကိုယ်နေတဲ့ ရပ်ရွာဒေသမှာ မလုံခြုံတော့လို့ ပြေးရမယ်ဆိုရင် ပြေးပါ၊ သွားပါ။ ဒါပေမယ့် ကိုယ်ရောက်တဲ့နေရာမှာ ရရာနည်းလမ်းနဲ့ ပညာရေးကို ဆက်ပြီးသင်ယူပါ။

တကယ့်ကျောင်းပုံစံနဲ့ Formal Education ပဲဖြစ်ဖြစ်၊ ကျောင်းပြင်ပ ပညာရေး Informal Education ပဲဖြစ်ဖြစ် ကိုယ်လက်လှမ်းမီနိုင်တဲ့ Skill set တစ်ခုခုပေါ့။ ကိုယ်အလုပ်လုပ်တဲ့ နေရာမှာ ဆိုရင်လည်းပဲ အသိပညာ ရယူနိုင်တဲ့ လုပ်ငန်းတွေဆီမှာ ဝင်လုပ်ပါ။ နောက်ပိုင်းမှာ ကိုယ်အလုပ်ပြန်လုပ်နိုင်တဲ့ အသိပညာ တစ်ခုခု ရနိုင်တဲ့ အလုပ်မျိုးမှာ ဝင်လုပ်ပါ။

ရည်မှန်းချက်နဲ့ ပြေးလည်းပြေးမယ်၊ သွားလည်းသွားပြီးတော့ ကိုယ့်ဘဝ တည်ဆောက်ရေးအတွက် ပညာလည်း သင်ယူမယ်ဆိုရင် အရှုံးထဲကအမြတ်တော့ ရလိမ့်မယ်။ အဲ့တာကြောင့် ပြေးဖို့အတွက်ပဲ မစဉ်းစားပါနဲ့၊ လူငယ်ဖြစ်တဲ့ အတွက် အသိပညာ လေ့လာရမယ့် အချိန်ဖြစ်တယ်။အချိန်ရှိတုန်း လူငယ်တွေ လုံခြုံတဲ့ နေရာမှာနေပါ၊ ပညာရေးကိုလည်း အဆက်မပြတ် ဆက်လက်သင်ယူပါလို့ တိုက်တွန်းချင်တယ်။

မေး။         ။ ကော်တိုင်း အနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားဖို့ အလားအလာရှိတဲ့ လုပ်ငန်းစဉ်များကိုလဲ သိသင့်သလောက် ပြောပြပေးပါ။

ဖြေ။         ။ ကော်တိုင်း က Social Transformation အောက်မှာ လုပ်နေတဲ့ Education Program ပညာရေးလုပ်ငန်းစဉ် ဖြစ်တယ်။ ကျမတို့လူမှုရေး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက် Political Transformation နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အတွက် တွန်းအားတစ်ခု ဖြစ်ဖို့ရယ်၊လူမှုရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရာမှာ ပညာရေးက မရှိမဖြစ် လုပ်ဖို့လိုတဲ့အတွက် ကျမတို့က ဒီလုပ်ငန်းအပေါ်မှာ တစိုက်မတ်မတ်လုပ်ဆောင်သွားမယ်။

နောက်ပြီးတော့ အဆင့်မြင့် ပညာရေးအပိုင်းမှာ ဒီထက်မက ကျမတို့ ရှိနေတဲ့ အချိတ်အဆက်ကနေ ကျောင်းသူကျောင်းသားတွေ ရွေးချယ်မှု များများပိုလုပ်လာနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်။ အခြေခံပညာရေး အပိုင်းမှာလည်းပဲ ဒီထက်မက လက်ခံနိုင်အောင် ကြိုးစားမယ်။

အခုဆိုရင် ကျမတို့က လက်ခံချင်ပေမယ့် လက်မခံနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အခြေအနေ အမျိုးမျိုးကြောင့် အခြေခံပညာရေး သင်ပေးနေတဲ့ဧရိယာမျိုးစုံတွေမှာ နေရာအကျပ်အတည်းကြောင့် ကျောင်းသား ထောင်ချီသောင်းချီ လက်မခံနိုင်သေးဘူး။ ဒါပေမယ့် နောက်ပိုင်းတွေမှာ ဒီထက်မက လက်ခံနိုင်အောင် ကျမတို့ ကြိုးစားနေပါတယ်။ ကျမတို့ ရှေ့ဆက်လုပ်ငန်းမှာလည်းပဲ Community Empowerment ရယ်၊ Youth Empowerment အပိုင်းကို ဒီလုပ်ငန်းနှစ်ခုမှာ ပိုပြီးတော့ လုပ်ဆောင်သွားမယ်။

မေး ။        ။ ကော်တိုင်းအနေနဲ့ ပညာရေးနဲ့ အမျိုးသားရေး လက္ခဏာကို တည်ဆောက်တဲ့ နေရာမှာ သျှမ်းလူမျိုးတွေကို ပညာရေးမှာ ပိုပြီးတော့အားပေးလာအောင်၊ ပညာရေးမှာ ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်လာအောင် ဘယ်လိုမျိုး တောင်းဆိုချင်လဲ။

ဖြေ ။        ။ ပညာရေးဖြစ်ဖြစ်၊ နိုင်ငံရေးမှာ ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်လာအောင်ဆိုရင် အားလုံးရဲ့ လိုလားချက်ဖြစ်တယ်။ ကျမတို့ဘယ်လူမှုပတ်ဝန်းကျင်မှာမဆို လူငယ်တွေ ပါဝင်လာတာကို လိုလားကြတယ်၊ လူငယ်တွေ စိတ်ဝင်စားတာကို လိုလားကြတယ်။ ဒါပေမယ့် လူငယ်တွေကို ကူညီပေးတဲ့ ပရိုဂရမ်တွေက အရမ်းနည်းနေတယ်။ ကျမတို့ သွားပြီးတော့ တောင့်တနေလို့လည်း မဖြစ်ဘူး။

ကျမတော့ လူငယ်တွေကို တောင်းဆိုမယ့်အစား လူကြီးတွေကို တောင်းဆိုချင်တယ်။ ကျမတို့တွေက လူငယ်တွေရဲ့ အင်အားကို လိုလားကြတယ်၊ဘယ်အဖွဲ့အစည်းမဆို လူငယ်တွေရဲ့ အင်အားကို အရမ်းလိုလားကြတယ်။ ဒါပေမယ့် လူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ၊ ဘယ်လိုကူညီပေးမလဲဆိုတဲ့ စဉ်းစားချက်တွေ မရှိတာ အရမ်းအားနည်းတယ်၊ အရမ်းဝမ်းနည်းဖို့ကောင်းတယ်။

ရှိနေတဲ့ Stakeholder တွေ၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် လူငယ်တွေရဲ့ အင်အားကို လိုလားနေတဲ့ အချိန်မှာလူငယ်တွေရဲ့ အနာဂတ်ကို ကိုယ်ဘယ်လို စဉ်းစားပေးလဲဆိုတာ ထည့်သွင်းစဉ်းစားထားဖို့လိုတယ်။ လူငယ်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်၊နိုင်ငံရေးထဲမှာ လူငယ်တွေ စိတ်ပါဝင်စားတာကို လိုလားကြတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာကော၊ တော်လှန်ရေးထဲမှာကော လူငယ်တွေ ပါဝင်တာကို လိုလားကြတယ်။ ဒါပေမယ့် လူငယ်တွေအတွက် ဘာတွေလုပ်ပေးလဲဆိုတဲ့ စဉ်းစားချက်မျိုးလဲ ရှိဖို့လိုတယ်။ ဒါက အရမ်းအရေးကြီးတယ်လို့ကျမတောင်းဆိုချင်ပါတယ်။

မေး ။        ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။        ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ မိုင်ဆုန်ခ။

Leave a Comments

- Advertisement -spot_img

Latest article