Friday, May 17, 2024

ချင်းမိုင်အလုပ်သမားများအတွက် တစ်ရက်လုပ်အားခ ဘတ် ၆၀၀ အထိပေးရန်တောင်းဆို

Must read

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းအလုပ်သမားများက စုပေါင်းပြီး တစ်ရက်လျှင် လုပ်အားခ ဘတ် ၆၀၀ အထိတိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ (မေ ၁) ရက်တွင် ကျရောက်သော မေဒေး (သို့) အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများအပါအဝင် ထိုင်းအလုပ်သမားများကစုပေါင်းပြီး ကိုယ်စီတောင်းဆိုချက် ပိုစတားများ ကိုင်ဆောင်၍ ချင်းမိုင်မြို့အလုပ်သမားရှာဖွေရေးရုံးသို့ သွားရောက်တောင်းဆိုခဲ့ပြီးသည့်နောက် ဆန်ကဆတ်မှ ထဖဲဂိတ်အထိ လမ်းလျှောက်ချီတက်ကာ တောင်းဆိုခဲ့သည်။

“အဓိကတော့ လုပ်အားခတွေ၊၊ အိမ်ဖော်အလုပ်သမားတွေအတွက် လူမှုဖူလုံရေးကိစ္စတွေ တောင်းဆိုတာပေါ့။ အခုကျမတို့ရတဲ့လုပ်အားခတွေက ထိုင်းနိုင်ငံမှာချမှတ်ထားတဲ့ တစ်ရက်ကို အနည်းဆုံးလုပ်အားခ ဘတ် ၃၅၀၊ အပြည့်အဝမရပါဘူး။ အိမ်ဖော်အလုပ်လုပ်တဲ့သူတွေအနေနဲ့ အိမ်ထဲမှာဘဲလုပ်ရတဲ့အတွက်ကြောင့် မပေးနိုင်ဘူးဆိုပြီးနှိမ်ခံရတယ်။ တစ်ရက်ကို ဘတ် ၂၀၀ ကျော်၊ ၂၅၀ ဘတ်ပဲရတယ်” ဟု အိမ်ဖော်အလုပ်လုပ်သည့် မြန်မာအလုပ်သမားအမျိုးသမီး တစ်ဦးက ပြောသည်။

လက်ရှိမှာ ကုန်စျေးနှုန်းများ နေ့စဥ်နဲ့အမျှ တက်လာပြီး အသုံးစရိတ်အတွက် လုံလောက်မှုမရှိကြောင်း၊ထို့ကြောင့် လုပ်အားခများကို တန်းတူပေးရန် အနည်းဆုံး ဘတ်၃၅၀ မှ အများဆုံး ဘတ် (၆၀၀)ထိ တိုးမြင့်ပေးရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုလိုက်သည်။

” အခုကျမတို့နေ့စဉ် အသုံးစာရိတ်နဲ့ လာတွက်ရင်ဘယ်လိုမှမလောက်ပါဘူး။ သူများလုပ်အားခတိုးနေတဲ့အချိန်မှာ ကျမတို့ကမတိုးနိုင်ဘဲ သူများသုံး သလောက်ကျမတို့ကသုံးနေရတယ်။ ဒါကြောင့် လုပ်အားခကို သူများတောင်းသလောက် ကျား၊ မ အလုပ်မျိုး မခွဲခြားဘဲ ဘတ် ၆၀၀ အထိပေးစေချင်တယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံမှာဖွေးမွားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအနေဖြင့်လည်း တရားဝင်နေထိုင်ခွင့် (ထိုင်းကတ်) လုပ်ဆောင်ခွင့်ပေးရန်၊ အိမ်ထောင်ရေးပြဿနာမှာ အနှိင်ကျင့်စော်ကား ခံရသည့် ကလေးငယ်နှင့် အမျိုးသမီးများအတွက် လုံခြုံကင်းဘေးသည့် နေရာပေးရန်နှင့် ၎င်းတို့အားစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်ပေးရန် စသည့်ဖြင့် တောင်းဆိုခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုချက် ပိုစတာများမှာ“ တစ်ရက်ကို အနည်းဆုံးလုပ်အားခ ဘတ် ၄၀၀ တိုးပေးပါ၊ ဘတ် ၆၀၀ တိုးပေးပါ”၊ “နေအရမ်းပူတယ် အလုပ်မလုပ်နိုင်ဘူး”၊ “ငါတို့ရဲ့အစွမ်းအစကို လာမတားဆီးပိတ်ပင်နဲ့” ဟုဆိုကာ ထုတ်ဖော်ရေးသားထားကြသည်။

“ကျနော်တို့ မြန်မာလုပ်သားတွေရဲ့ ပြဿနာက အထောက်အထားသွားလုပ်ရင် အဲ့ဒါကိုရဖို့ ပတ်စပိုစ့်ရုံးကို ပြေးရတယ်။ ဟိုနေရာကို သွားခိုင်းတယ်၊ ဒီနေရာကိုသွားခိုင်းတာနဲ့ ကျနော်တို့မှာအလုပ်တွေနားရတယ်။ တချို့သူတွေကလည်း ဘယ်လိုလုပ်ရမှန်းမသိဘူး၊ နေရာမသိဘူး။ ပွဲစားကိုလုပ်ခိုင်းတယ်။ ပြီးရင်ပိုက်ဆံ အများကြီးပေးရတယ်။ ဖြစ်ရင်နိုင်တော့ တစ်နေရာတည်းမှာလုပ်ပေးစေချင်တယ်။ အဲ့ဆိုပွဲစားကို လုပ်ခိုင်းတာလည်း မဖြစ်ရတော့ဘူး။ ပိုက်ဆံလည်းသိပ်မကုန်တော့ဘူး” ဟု Human Rights and Development Foundation ကတာဝန်ခံတစ်ဦးဖြစ်သူ စိုင်းကောင်းကပြောသည်။

၁၈၈၆ ခုနှစ် မေလ ၁ ရက်တွင် အမေရိကန်ပြည်ထောင်စုမှာ အလုပ်သမားသမဂ္ဂများက တစ်နေ့ကို အလုပ်ချိန် ၈ နာရီ သတ်မှတ်ရန် တောင်းဆိုသည့် သပိတ်ကြီးကို ဆင်နွှဲခဲ့ရာမှ တင်းမာမှုများ မြင့်တက်ခဲ့ပြီး ရဲနှင့်ဆန္ဒပြသူများ အကြား ထိပ်တိုက်တွေ့ကာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ လူအများအပြားသေဆုံးခဲ့ရသည်။

ထို့နောက် ၁၈၈၉ ခုနှစ်မှာ နိုင်ငံပေါင်း ၂၀ က အလုပ်သမားသမဂ္ဂများ၊ ဆိုရှယ်လစ်နှင့် လေဘာပါတီများက ကိုယ်စားလှယ်များ တွေ့ဆုံကြပြီး မေးဒေး (May Day) ကို ယင်းဖြစ်စဉ်များ၏ အောက်မေ့တသသည့်အနေဖြင့် အထိမ်းအမှတ်နေ့ပြုလုပ်ရန် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့သည်

Leave a Comments

- Advertisement -spot_img

Latest article