Thursday, May 2, 2024

သျှမ်းပြည်နယ်အတွင်း အမျိုးသားစည်းလုံးညီညွှတ်ရေး နဲ့ အတူယှဉ်တွဲနေထိုင်ရေးအကြား ချိန်ခွင်လျှာ

Must read

နန်းခေါန်လိတ်၊ ၂၀၂၃ သြဂုတ် ၆

၂၀၁၅-၁၆ နှစ်ပိုင်း ကစ သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့_ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဖြစ်တဲ့ RCSS/SSA နဲ့ PSLF/TNLA-SSPP/SSA တို့အကြား_ လက်နက်ကိုင်ပဋိပက္ခမီးဟာ ကနေ့အထိ အရှိန်မသေသေးပါ။

သျှမ်းပြည်မြေပုံ

ဒါဟာ ခေတ်အဆက်ဆက် ဗဟိုထိန်းချုပ်မှု နဲ့ စစ်ဓလေ့ကဲတဲ့ စနစ်ဆိုးရဲ့ သက်ရောက်မှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါ့အပြင် စနစ်ပိုင်းအရ ဖယ်ကျဉ် ချယ်လှယ်မှုတွေက_ လူမျိုးစုတွေအထဲ ကိန်းအောင်းနေပြီးသားဖြစ်တဲ့ “အမျိုးသားစိတ်ဓါတ်” ကို ဒီ့နောက်ပိုင်း ပိုမို နိုးကြွလာစေပါတယ်။ အထူးသဖြင့် စစ်တပ် နဲ့ လက်နက်ကိုင်အဖွဲ့တွေ အမြင့်မားဆုံးရှိပြီး၊ စုံလင်ကွဲပြားမှုများတဲ့ သျှမ်းပြည်နယ်ဟာ လူမှုရေးဆက်ဆံရေး ကွဲအက်မှုဒါဏ် ပိုခံရနိုင်ခြေမြင့်ပါတယ်။

လက်ရှိ အခင်းအကျင်းမှာ_ သျှမ်းပြည်နယ်ထဲ အတူယှဉ်တွဲနေထိုင်ကြတဲ့ သျှမ်း၊ တအာင်း၊ ကချင် စတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအကြား ကွဲအက်လာတဲ့ လူမှုအက်ကြောင်းတွေကို_ နေ့စဉ်လူမှုဆက်ဆံရေးမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားမိလာတာရှိသလို တဆင့်ကြားသိနေရတာတွေလဲ ရှိပါတယ်။

တချိန်က လက်ဖက်ရည် ခေါက်ဆွဲဆိုင်တွေမှာ တစ်ဝိုင်းထည်း အတူထိုင်ခဲ့ကြတဲ့_ လူမျိုးစုံပါဝင်တဲ့ အပေါင်းအသင်းအုပ်စုဟာ ဒီနေ့မှာတော့ တစ်ဝိုင်းထဲအတူ မထိုင်ကြတော့တာ၊ ရွာတစ်ရွာနဲ့တစ်ရွာ ရင်းနှီးစွာ ဝင်ထွက်လည်ပတ်တာတွေကို မလုပ်ဝံံ့ကြတော့တဲ့ အခြေအနေကို တွေ့လာရတာ စိတ်မကောင်းစရာပါဘဲ။

ဒါကြောင့် ဒီသဘောထားအမြင်ဆောင်းပါးမှာ လူမျိုး (သို့) လူမှုအုပ်စုတစ်ခုအတွင်း “စည်းလုံးညီညွှတ်မှု” ရဲ့ အရေးပါမှုကို အသိအမှတ်ပြုသော်လည်း ၊ လူအုပ်စုများအကြား “ကျွမ်းဝင်မှု နဲ့ သဟဇာတဖြစ်ရေး” ကို အလေးပေး ထည့်သွင်းစဉ်းစားရန် လက်တို့ထားပါတယ်။

အထူးသဖြင့် (federal within federal) ဖက်ဒရယ်ပြည်ထောင်စုထဲမှ ဖက်ဒရယ်ယူနစ်တစ်ခု ဖြစ်ဖို့မျှော်ရည်တဲ့ သျှမ်းပြည်နယ်လို စုံလင်ကွဲပြားတဲ့ လူမှုအသိုက်အဝန်းမှာ မိမိအုပ်စုတွင်း “စည်းလုံးညီညွှတ်မှု” နဲ့ ပြင်ပလူမျိုးအုပ်စုများနဲ့ “ရင်းနှီးကျွမ်းဝင် သဟဇာတဖြစ်မှု” အကြား ချိန်ခွင်လျှာငြိရန် အထူးလိုအပ်သည်ကို ဆွေးနွေးထားပါတယ်။

လူမှုသဟဇာတဖြစ်မှု နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှု ဆိုသည်မှာ။ ။
Social Cohesion ကို “လူမှုသဟဇာတဖြစ်ခြင်း” ဟုရည်ညွှန်းသလို “လူမှုရင်းနှီးကျွမ်းဝင်မှု” နှင့် “လူမှုစည်းနှောင်မှု” ဟု ပညာရှင် နဲ့ အဖွဲ့အစည်းတွေက အသီးသီး ရည်ညွှန်းကြပါတယ်။
အထူးသဖြင့် “လူမှုသဟဇာတဖြစ်ခြင်း” ဟာ _ ဘာသာ၊ လူမျိုး နဲ့ အခြားဖြစ်တည်မှု အရ စုံလင်ကွဲပြားမှုများတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်လုံး ကို ပေါင်းစု ချည်နှောင်ထားတဲ့ “လူမှု အတွဲအဆက် (သို့) အစေးကော် (သို့) လူမှုဆက်ဆံရေး အရည်အသွေး” တစ်ခုဖြစ်တယ်လို့ ပညာရှင်များက သတ်မှတ်ထားပါတယ်။

တနည်းအားဖြင့် လူမှုသဟဇာတဖြစ်ခြင်းအခြေအနေကို_ ကွဲပြားစုံလင်တဲ့ လူမှုအသိုက်အဝန်းမှာ လူပုဂ္ဂိုလ်တွေ၊ လူအုပ်စုတွေအကြား အပြန်အလှန်နားလည် ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ဆက်ဆံရေး အခြေအနေကို ဆိုလိုတာပါ။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဖွင့်ဆိုချက်အရလည်း လူမှုသဟဇာတဖြစ်ခြင်းဟာ စုံလင်ကွဲပြားမှုများတဲ့ ဗဟုစုံအသိုင်းအဝိုင်းအတွင်းမှာ ငြိမ်းချမ်းရေး၊ တရားမျှမှု နဲ့ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ဒီမိုကရေစီစနစ် ဖြစ်ထွန်း အားကောင်းစေဖို့_ မရှိမဖြစ်လိုအပ်တဲ့ လှုမှုဆက်ဆံရေးဆိုင်ရာ အခြေခံ မြေဆီလွှာ (precondition) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကနေ့ မိမိတို့ခေါ်တဲ့_ သျှမ်းပြည်နယ်မှာ “ အတူယှဉ်တွဲနေထိုင်ရေးမူ” နဲ့ “ ဖက်ဒရယ်စနစ်” တို့ဟာ ရှေးယခင် လွတ်လပ်ရေးကာလမတိုင်ခင်ကတည်းက ပဒေသရာဇ် နယ်ရှင်စော်ဘွားများ အကြီးအကဲများက စတင်စဉ်းစား အကောင်အထည်ဖော်ခဲ့တာပါ။

၁၉၂၂ ခုနှစ်မှာ ပဒေသရာဇ်သျှမ်းပြည် (Federated Shan State) ကို စတင်သတ်မှတ်ခဲ့ပြီး_ သက်ဆိုင်ရာ “နယ်” တွေကို သျှမ်း၊ တအာင်း၊ ပအိုဝ်း၊ ဝ စတဲ့ နယ်ရှင်စော်ဘွားများ၊ နယ်စား၊ မြို့စားတွေ နဲ့ အကြီးအကဲတွေကနေ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်နဲ့ အသီးသီး အုပ်ချုပ်ခဲ့ပါတယ်။

ဒီ့နောက်ပိုင်းခေတ်မှာ “ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူ”ကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ရဲ့ အစဉ်လိုက် ထုတ်ဝေခဲ့တဲ့ သမိုင်းဝင် စာတမ်းများ စာအုပ်များ ခေါင်းစီးမှာ_ ” ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေးမှသည် ဖက်ဒရယ် ပြည်ထောင်စုဆိသို့” (peaceful coexistence toward federal union of Burma) လို့ ဖော်ပြထားပါတယ်။ ထိုနည်းတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း ထုန်ပြန်ခဲ့တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)ရဲ့ မူဝါဒ ကြေညာစာတမ်းမှာ_ “ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုင်ရာမူဝါဒ(CSSU Manifesto – Peaceful Coexistence)” ကို ဖော်ပြထားပါတယ်။

ယင်း ကြေငြာချက်စာတမ်းမှာ “ဖက်ဒရယ် သျှမ်းပြည်နယ်ကို ပြန်လည်အသက်သွင်းရန်” ဆိုတဲ့ မျှော်မှန်းချက်ကိုပါ ထည့်သွင်းထားပါတယ်။ ဒီအချက်ကိုကြည့် ခြင်းအားဖြင့် “ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး” အခြေခံမူဟာ_ တိုင်းရင်းသားလူမျိုးများရဲ့ လူမှု နိုင်ငံရေး အဓိက မျှော်မှန်းချက် တစ်ခုဖြစ်တာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။

ပဋိပက္ခအကြမ်းဖက်မှု အခြေအနေ နဲ့ လူမှုသဟဇာတဖြစ်မှု ။ ။

The Social Dynamic theory ဟုခေါ်သည့် လူမှုဆက်ဆံရေးသီအိုရီ တစ်ခုရဲ့ ကောက်ချက်အရ_ ပဋိပက္ခအကြမ်းဖက်မှု/အကြပ်အတည်းအခြေအနေကို ကြုံတွေ့နေရတဲ့ (သို့) ကြုံတွေ့ခဲ့ရတဲ့ လူပုဂ္ဂိုလ် နဲ့ လူအုပ်စုတွေမှာ _ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ အပြန်အလှန်ယုံကြည်မှု၊ စေတနာသဒ္ဒါတရား နဲ့ အများအကျိုးမျှော်ကိုးကာ ထည့်သွင်းစဉ်းစား ပါဝင် လိုစိတ်များ မြင့်မားလာတာကို နိုင်ငံအချို့အား လေ့လာဆန်းစစ်ထားချက်အရ တွေ့ရှိထားပါတယ် ။

ဒီပူးပေါင်းပါဝင်မှု နဲ့ အများအကျိုးမျှော်ကိုးမှု တို့ဟာ လူမှုစည်းနှောင်မှုရဲ့ အဓိက အစိတ်အပိုင်းများ ဖြစ်ပါတယ်။ သို့သော်လည်း _ ပဋိပက္ခ နဲ့ အကြမ်းဖက်မှု ကာလ (သို့) နှောင်းပိုင်းမှာ လူအုပ်စုအတွင်း_ တိုးပွားလာတဲ့ ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ လူမျိုး၊ ဘာသာ နဲ့ အခြားဖြစ်တည်မှုအရ တူညီတဲ့ အုပ်စုတူ (in-group) အတွင်းသာ အထူးမြင့်မားနေပြီး မိမိ နဲ့ ကွဲပြားနေတဲ့ ပြင်ပအုပ်စု (out-group) အပေါ် ယုံကြည်မှု နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သိသာတဲ့ ကောင်းမွန်တိုးတက်လာမှု မရှိဘဲ အချို့အခြေအနေတွေမှာ ပိုမိုဆိုးရွားသွားတာကိုတွေ့ရကြောင်း_ ထောက်ပြပါတယ်။

အကြောင်းရင်းမှာ မိမိအုပ်စုအတွင်း စည်းလုံးညီညွှတ်ရေး ကိုသာ သီးသန့်အာရုံစိုက် လှုံ့ဆော် ဆောင်ရွက်ရာမှ အခြားပြင်ပအုပ်စုများကို ဖယ်ကျင်သည့် ပုံစံ ဖြစ်နေတတ်ပြီး_ မရည်ရွယ်ဘဲ မိမိတို့ နဲ့ အခြားသောကွဲပြားသည့်အုပ်စုများအကြား ရင်းနှီးမှု၊ ယုံကြည်မှု နဲ့ ဆက်ဆံရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေမဲ့ သက်ရောက်မှုတွေ ဖြစ်စေတတ်တာကို ရည်ညွှန်းပါတယ်။

အထက်ပါ လူမှုဆက်ဆံရေးသီအိုရီ ရဲ့ စဉ်းစားချက်ဟာ_ စုံလင်ကွဲပြားတဲ့ လူမျိုးများ အတူယှဉ်တွဲနေထိုင်ကြတဲ့ သျှမ်းပြည်နယ်မှာ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ အပ်စပ်နေပါတယ်။ စနစ်ပိုင်းဆိုင်ရာ လွဲမှားမှု နဲ့ လက်နက်ကိုင်ပဋိပက္ခ အကြမ်းဖက်မှုအခြေအနေတွေကြောင့်_ သျှမ်း အပါအဝင် လူမျိုးအုပ်စုများ အတွင်း အမျိုးသားစိတ်ဓါတ်နိုးကြားကာ စည်းလုံးညီညွတ်မှု ကို ပိုမို တောင်းဆိုလာကြ တာမှန်ပါတယ်။

သို့သော် တစ်ဖက်မှာ _ အုပ်စုတွင်း စည်းလုံးညီညွှတ်မှုဟာ မိမိ နဲ့ အခြားသော လူမျိုးအုပ်စုများအကြား သဟဇာတဖြစ်တဲ့ ဆက်ဆံရေး နဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကို ထိခိုက်ပျက်ပြားစေနိုင်မဲ့ အန္တရာယ်ရှိမလား ဆိုတာပါဘဲ။

“စည်းလုံးညီညွတ်ရေး” လှုံ့ဆော်ကြခြင်းရဲ့ စဉ်းစားချက်အချို့ ။ ။

စည်းလုံးညီညွှတ်မှုဟာ _ ယေဘုယျအားဖြင့် သာမန်အချိန်တွေမှာ မိမိတို့ အမျိုးသားအရေး၊ ဘာသာ၊ ယဉ်ကျေးမှု နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ လူမှုအရည်အသွေးတစ်ခုပါ။

ဒီ့နောက်ပိုင်း_ သျှမ်းပြည်နယ်ထဲ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအကြား ဖြစ်တဲ့ စစ်ရေးတင်းမာမှုတွေ၊ သျှမ်း လက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့အကြား မြင်သာလာတဲ့ ပြတ်ရှမှု နဲ့ လူမျိုးအုပ်စုများ အတွင်း အမျိုးသားရေးစိတ်ဓါတ်များ ပိုမိုနိုးကြားလာတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေဟာ_ သျှမ်းတွေကြား “စည်းလုံးညီညွှတ်ရေး” ကို ပိုမို ကျယ်လောင်စွာ တောင်းဆိုလာစေကြခြင်းရဲ့ အကြာင်းရင်းအချို့ ဖြစ်ပါတယ်။

ဆက်စပ်ပြီး လက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ_ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အင်းအားစုအသီးသီးကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖော်ဆောင်ကြတဲ့ အခင်းအကျင်းတွေမှာ_သျှမ်းတွေအနေနဲ့ အခန်းကဏ္ဍတစ်ခုကနေ ပိုမိုထိရောက်စွာ ပါဝင်နေနိုင်ဖို့ သျှမ်းများအကြား “စည်းလုံးညီညွှတ်မှု” ဟာ လိုအပ်ချက်တစ်ခု အဖြစ်မြင်ကြတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် မိမိတို့ အမျိုးသားနိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်နဲ့ အခြေခံမျှော်မှန်းချက်နဲ့တွေကို ရှင်းရှင်းလင်းလင်း၊ အားကောင်းကောင်း နဲ့ ထိထိရောက်ရောက် ထုတ်ဖော်ပြောကြား ဖော်ဆောင်နိုင်ရန်အတွက် မိမိတို့အကြား _ တူညီတဲ့ နားလည်ထားမှု၊ စုစည်းတဲ့အသံ နဲ့ ကိုယ်စားပြုမှု လိုအပ်တယ်လို့ မြင်ကြပါတယ်။

အစွန်းရောက် နဲ့ အတွင်းကျုံ့ အမျိုးသားရေးဝါဒဘက်သို့ ဉီးတည်သွားနိုင်မည့်အန္တရာယ် ။ ။

တိုင်းရင်းသားလူမျိုးစု သို့ ဘာသာရေးအုပ်စုတစ်ခုစီရဲ့ ဖြစ်တည်မှု၏ နိုင်ငံရေးဆိုင်ရာ မျှော်မှန်းချက်တွေကို ကာကွယ်ဖို့ နဲ့ ဖော်ဆောင်ရာမှာ အုပ်စုတွင်း “စည်းလုံးညီညွတ်မှု” ရဲ့ အရေးပါမှုကို အသိအမှတ်ပြုပါတယ်။

သို့သော် မိမိ အုပ်စုအတွင်း စည်းလုံးညီညွတ်မှုရရှိရန် အခြား လူမှုအုပ်စုများ နဲ့ ကင်းကွာစေတဲ့ ဖယ်ကျင်စေလို ပြောဆိုလှုံ့ဆော်ခြင်းများ၊ လုပ်ဆောင်ချက်များဟာ_ အစွန်းရောက် (သို့မဟုတ်) သီးသန့် လူမျိုးရေးဝါဒဘက်ကို ရောက်သွားစေ တတ်ပါတယ်။ အခြားသော လူမှုအုပ်စုများ နဲ့ စည်းလုံးညီညွတ်မှုကို စတေးမှ ရမည့် မိမိတို့အုပ်စုတွင်း စည်းလုံးညီညွှတ်မှုဟာ “အမျိုးသားရေး စိတ်ဓါတ်” ကို ထကြွအောင် နိုးဆွပေးနိုင်ပေမဲ့ အန္တရာယ်များတယ်လို့ မြင်ပါတယ်။

လက်ရှိအခင်းအကျင်းမှာ_ လူမျိုးစုံ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ _ အရင်ကလို လွတ်လပ်စွာ ဖက်လဲတကင်း ရင်းနှီးစွာ ပြောဆိုဆက်ဆံကြခြင်းကို မလုပ်ဝံ့တော့တဲ့ အခြေအနေဟာ မိမိတို့ကို အန္တရာယ်ပေးအချက်ပြ နေပါတယ်။

အတူယှဉ်တွဲနေထိုင်ရေးနဲ့ သဟဇာတဖြစ်ရေးမူ ကို ထည့်သွင်းစဉ်းစားခြင်း မရှိတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒဟာ_ မိမိတို့ အားလုံးမျှော်မှန်းတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်အပေါ်အခြေခံတဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်တဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်ဖို့ရာ ခက်ခဲ့ပါလိမ့်မယ်။ မယုံသင်္ကာမှုတွေ စိုးရိမ်စိတ်တွေက အနှောက်အယှက် အဟန့်အတား ဖြစ်နေမှာပါ။

ဆင်ခြင် စဉ်းစားရန် ။ ။

မိမိတို့အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ သျှမ်းများအကြား (သို့မဟုတ်) မိမိတို့လူမျိုး အုပ်စုအကြား စည်းလုံးညီညွတ်မှု ရှိနေရန်မှာ အရေးကြီးပါတယ်။

သို့သော် တစ်ဖက်မှာလည်း_ မိမိတို့ အုပ်စုအတွင်း စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာမှာ_ “အတူတကွ ယှဉ်တွဲနေထိုင်ရေး မှု” နဲ့ သွေဖယ်စေမဲ့ မလိုလားအပ်တဲ့ သက်ရောက်မှုများ မရှိရန် အထူးစဉ်းစား ဆင်ခြင်သင့်ပါတယ်။

အားလုံး မျှော်မှန်းနေတဲ့တရားမျှတပြီး သဟဇာတဖြစ်ကာ ငြိမ်းချမ်းတဲ့ သျှမ်းပြည်ထောင်စု ကို ထိရောက်စွာဖော်ဆောင်နိုင်ဖို့ရာ မိမိတို့ သျှမ်းများအကြား “စည်းလုံးညီညွတ်ရေး” နဲ့ သျှမ်းပြည်နယ်အတွင်း အခြားသောလူမျိုးစုများနဲ့ “သဟဇာတဖြစ်မှု” ကို တန်းတူရည်တူ အလေးပေးကာ ချိန်ခွင်လျှာငြိ ဖော်ဆောင်နိုင်စွမ်း ရှိနေရန်မှာ အရေးကြီးပါတယ်။

ဉပမာ_ မိမိတို့ သျှမ်းများအကြား စည်းလုံးညီညွတ်ရေး လုံ့ဆော် တောင်းဆိုချက်များဟာ_ အားလုံးပါဝင်နိုင်မှုကို ထည့်သွင်းစဉ်းစားသည့် ပုံစံဖြစ်ရပါမယ်။ ခွဲခြားဆက်ဆံမှုကို အားမပေးဘဲ_ လူမျိုးအုပ်စုများအကြား လွတ်လပ် ပွင့်လင်းစွာကူးလူးဆက်ဆံ ပြောဆိုဆွေးနွေးနိုင်တဲ့ ဓလေ့ကို အားပေးရပါမယ်၊ ဆန္ဒရှိရပါမယ်။ ဒါမှ အပြန်အလှန် နားလည်မှု၊ အသိအမှတ်ပြုမှု နဲ့ လေးစား ချစ်ခင်ရင်းနှီးမှုကိုရရှိပြီး ပိုမိုခိုင်မာတဲ့ ယုံကြည်မှုတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ရှေ့ဆက်ကြရာမှာ စဉ်းစားသင့်တဲ့အချက်များ ။ ။

သျှမ်းပြည်နယ်မှာ ဖက်ဒရယ် (သို့) ပြည်ထောင်စု စဉ်းစားချက်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ တို့ဟာ ရှေးယခင် လွတ်လပ်ရေးကာလမတိုင်ခင် ကတည်းက ကျင့်သုံးခဲ့တဲ့ အလေ့အထဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ် နဲ့ စုံလင်တဲ့ လူမျိုးများ အတူတကွ လူသားဆန်စွာ တည့်မတ်ရိုးသားစွာ နေထိုင်လာခဲ့ကြသည်မှာ ရာစုနှစ် ချီခဲ့ပြီဖြစ်ပါတယ်။

လက်ရှိ သျှမ်းပြည်နယ်ထဲ_ လူမျိုးတွေအကြား ရိုးသားပွင့်လင်းစွာ ကူးလူးဆက်ဆံမှု အချင်းချင်းကူညီဖေးမတတ်သော အလေ့အထများ ပျက်စီးပြောင်းလဲပြီး လူမျိုးရေးပဋိပက္ခများအသွင် ဆောင်လာရခြင်းမှာ_ စစ် အစိုးရအဆက်ဆက်ရဲ့ အကောင်အထည်ဖော်ခဲ့တဲ့ လူမျိုးကြီးဝါဒကြီးစိုးမှု၊ စစ်ဘောင်ချဲ့ ဖိနှိပ်အုပ်ချုပ်မှု နဲ့ တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပျက်သုန်းမှုတွေရဲ့ ဆိုးကျိုးရလဒ်တွေသာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စုံလင်ကွဲပြားတဲ့ သမိုင်းနဲ့ နိုင်ငံလူမှုရေး ရေခံမြေခံရှိတဲ့ မိမိတို့ သျှမ်းပြည်မှာ _ လူမှုရင်းနှီးကျွမ်းဝင်မှု နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို အစဉ်တစိုက် အလေးပေး ထိန်းသိမ်းထားဖို့ ပြုစုပျိုးထောင်နေဖို့ အလွန်အရေးကြီးပါတယ်။

လူမှုစည်းနှောင်မှုအားကောင်းမှ မိမိတို့ အားလုံး ဘုံ ရည်မျှော်တဲ့_ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်အခြေခံ_ သဟဇာတဖြစ်တဲ့ လူမှုအသိုင်းအဝန်းကို တည်ဆောက်နိုင်မှာဖြစ်တယ်။
ဒါ့ကြောင့် မိမိတို့ ရှေ့ဆက်ဖို့စဉ်းစားကြရာမှာ_ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နဲ့ အားလုံးပါဝင်နိုင်သည့် မူ အပေါ် အခြေခံကာ လမ်းကြောင်းသစ်တစ်ခုကို လက်တွေ့ ပုံဖော်ရပါမယ်။

ယင်းလမ်းကြောင်းအသစ်မှာ_ စုံလင်ကွဲပြားတဲ့ အုပ်စုများအကြား အသိအမှတ်ပြုမှု၊ ပါဝင်မှု၊ အပြန်အလှန် လေးစား နားလည် ယုံကြည်မှု၊ ပြန်လည်ပေါင်းကူး ဆက်သွယ်နိုင်ဖို့၊ သဟဇာတဖြစ်တဲ့ ဆက်ဆံရေး လေ့အကျင့် နဲ့ လုပ်ဆောင်ချက်များကို စနစ်တကျ စီမံကိန်းနဲ့ ဖော်ဆောင်သွားဖို့ လိုအပ်ပါတယ်။

အထက်မှာဖော်ပြခဲ့သလို စစ် အစိုးရ အဆက်ဆက်ရဲ့ စနစ်တကျ သွတ်သွင်း အကောင်အထည်ဖော်ခဲ့တဲ့ လူမျိုးကြီးဝါဒကြီးစိုးမှု၊ စနစ်ပိုင်းဆိုင်ရာ ဖယ်ကျင်ထားမှု၊ နှိပ်ကွပ်မှု နဲ့ စစ်ဓလေ့ကဲ့တဲ့ စနစ်တွေကြောင့်ဖြစ်ဖြစ်ပေါ်လာတဲ့မယုံကြည်မှု နဲ့ အကြောက်တရားတွေကို ပြန်လည် တန်ပြန်ချေဖျက်နိုင်ဖို့ အချင်းချင်းအကြား အတွေးအမြင်များ၊ ခံစားချက်များ၊ စိုးရိမ်စိတ် နဲ့ မျှော်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဖလှယ်ကြခြင်း၊ နားလည်ရန် ကြိုးစားကြခြင်းများ ဆွေးနွေးမှုများ လုပ်သင့်ပါတယ်။ ဒီမှ တစ်ဆင့် ယုံကြည်မှုများကို ပြန်လည် တည်ဆောက်ကာ _ ဘုံမျှော်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အဓိပါယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု စုပေါင်းအားနဲ့ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါဟာ မိမိတို့ ယနေ့ခေါ်တဲ့ သျှမ်းပြည်နယ်သူ/သား များအားလုံးရဲ့ စုပေါင်း တာဝန်လည်းဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုများတဲ့ ဝိသေသလက္ခဏာများနဲ့ ပေါကြွယ်ဝနေတဲ့ သျှမ်းပြည် အနေနဲ့ _ မိမိတို့ရဲ့ စုံလင်ကွဲပြားမှုကို အားယူကာ_ ဖက်ဒရယ်ထဲမှ ဖက်ဒရယ်ယူနစ် တစ်ခုကို စုစည်းမှုအားနဲ့ အတူတကွဖော်ဆောင်သွားမဲ့ သာဓကကောင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်။

အနည်းဆုံး _ လက်ဖက်ရည်ဆိုင် ခေါက်ဆွဲဆိုင်တွေမှာ စုံလင်ကွဲပြားမှုရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေအနေနဲ့ တစ်ဝိုင်းထဲ အတူထိုင်နိုင်ခွင့် ရင်းနှီးစွာ ကူလူးပြောဆိုနိုင်တဲ့ လူမှုဆက်ဆံရေးအရည်အသွေးများ မပျက်ပြားသွားရန် ထိန်းသိမ်းထားနိုင်ကြပါလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

Leave a Comments

- Advertisement -spot_img

Latest article