ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဝမ်ဟိုင်းဌာနချုပ်၏ လုံခြုံရေးအတွက် တပ်မဆုတ်နိုင်ကြောင်း SSPP က ထုတ်ပြန်ပြောဆိုလိုက်သည်။

လဲချားမြို့နယ်အတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့ကြား ယနေ့ (သြဂုတ် ၆)ရက် နံနက် ၆နာရီကျော်မှ စပြီး လက်ရှိ အချိန်ထိ စစ်ရေးပြင်းထန်နေသေးကြောင်းသိရသည်။
စစ်ကောင်စီဘက်မှ SSPP ၏ တပ်စခန်း ၁၀နေရာကို အကြိမ်ကြိမ်ဆုတ်ခွာခိုင်းခဲ့သော်လည်း SSPP အနေဖြင့် ဌာနချုပ်လုံခြုံရေးအတွက် တပ်မဆုတ်ပေးနိုင်ကြောင်း စစ်ကောင်စီကို အကြောင်းပြန်ခဲ့သည်။
“ တပ်တော့ကျနော်တို့ မဆုတ်နိုင်ဘူး။ တပ်ဆုတ်တယ်ဆိုတာက သူဆုတ် ကိုယ်ဆုတ်ဆိုရင်တမျိုးပေါ့။ ကိုယ်ပဲ ဆုတ်ရမယ်ဆိုရင် စစ်ရေးထုံးစံမရှိဘူး” ဗိုလ်မှူး စိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဖြစ်ပွားရသည့်အကြောင်းရင်းမှာ လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက် ကျေးရွာအနီးရှိ SSPP/SSA ရဲ့ တပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီ ဘက်က အင်အား ၇၀ ဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင်းအထန် စတင်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၄ရက်နှင့် ၅ရက် တွင်လည်း အာဏာသိမ်းစစ်ကောင်စီဘက်မှ မန်ကျန်ရွာ (ဝၢၼ်ႈၸႅၼ်ႇ) မှ နေပြီး SSPP/SSA တို့တပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးများနှင့် ဆယ်ကြိမ်ထက်မနည်း စတင်ပစ်ခတ်ခဲ့ရာ ယနေ့အချိန်ထိ တိုက်ပွဲသံများလည်း ပြင်းထန်လာခဲ့သည်။












Leave a Comments