သျှမ်း – ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင် မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးဗြဲ PDF) တာဝန်ရှိသူတစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဒီနေ့မနက်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့မှုဖြစ်ပွားတာရှိလို့ပါ။ မနက်မှစဖြစ်တာပါ။ တိုက်ပွဲအခြေအနေတော့ စောင့်ကြည့်ရပါမယ်” ဟု မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်မတော် (မိုးဗြဲ PDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင် လွယ်ယင်းမင်္ဂလာတောင်ခြေအနီးသို့ စစ်ကောင်စီတပ်က အင်အားဖြည့် စစ်ကြောင်းထိုးလာခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်မှုရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိုးဗြဲအနောက်ဘက်ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲအခြေအနေများကို ဆက်လက်စောင့်ကြည့်ရန်လိုအပ်နေပြီး ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းများအား အသုံးပြုသွားလာခြင်း မပြုရန် သတိပေးထားခြင်းဖြစ်သည်။
ထို့အပြင် မိုးဗြဲမြို့အတွင်း နေရပ်ပြန်သည့် စစ်ဘေးရှောင်များအနက် ၇ ဦး မြေမြုပ်မိုင်း နင်းမိပြီး ထိုခိုက်ဒဏ်ရာပြင်းထန်ကာ စစ်ကောင်စီတပ်မှ ဆေးကုသပေးခြင်း မရှိကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။











Leave a Comments