Wednesday, May 8, 2024

MTA လက်နက်ချခြင်း ၂၃ နှစ်ပြည့် ( ခေါင်းဆောင်ကြီးဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း)

Must read

၂၀၁၉ ဇန်နဝါရီလ ရ ရက်နေ့သည် ခွန်ဆာ မုံးတိုင်းအာမီ (MTA)  မှ တပ်မတော်အစိုးရထံလက်နက်ချခြင်း ၂၃ နှစ်ပြည့်ပြီဖြစ်ပါသည်။ အင်အားထောင်နှင့်ချီသော သျှမ်းပြည်တပ်မတော် မုံးတိုင်းအာမီ ကိုဦးဆောင်ခဲ့သူဦးခွန်ဆာမှာ ဘယ်လိုလူမျိုးလဲ။ ဘယ်လိုအတွေးအခေါ်တွေရှိတာလဲသိရှိရအောင် ဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထု ပတ္တိအကျဉ်းကို ဖော်ပြလိုက်ရပါသည်။

ဦးခွန်ဆာ၏ ကိုယ်ရေးအတ္ထုပတ္တိအကျဉ်း

အမည် – ခွန်ဆာ
အခြားအမည်- ထွန်းဆာ၊ ကျန်းချီးဖူး
မွေးနေ့- ၁၇၊ ၈၊ ၁၉၃၄ ခုနှစ်
မွေးရပ် – ဖာဖိန့်ရွာ လွိုင်မော်အုပ်စု တောင်သိန္နီစော်ဘွားနယ် (ယခုတန့်ယန်းမြို့နယ်)
မိဘ- ခွန်အိုက်၊ နန်းဆိုင်ဇွမ် (အဖိုးခွန်ယီဆိုင်မှာ လွိုင်မော်မြို့စားဖြစ်သည်)
ပညာအရည်အချင်း- တရုတ်စာနှင့် ရှမ်းစာ(အနည်းငယ်)
အိမ်ထောင် – နန်းကးယွန်း နှင့်လက်ဆက်၍သား ၅ ဦး သမီး ၃ ဦး ရှိ

၁၉၃၇ -ဖခင်ကွယ်လွန်၊ မိခင်က မိုင်းတွမ်းမြို့စား ခွန်ကြည်နှင့်လက်ဆက်။
၁၉၃၉ – မိခင်ကွယ်လွန်၊ ဘထွေးနှင့်အတန်ကြာနေထိုင်ပြီး အဘိုးက ပြန်လည်ခေါ်ယူ၊ ဦးလေးဖြစ်သူ ခွန်ကြာက သွန်သင်ပျိုးထောင်။
၁၉၆၀- အရှေ့ပိုင်းတိုင်းမှူး၏ကမ်းလှမ်းချက်ကို လက်ခံပြီး လွိုင်မော်ကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်း။
၁၉၆၄- ကျပ် ၅၀၊ ကျပ် ၁၀၀ ငွေစက္ကူများကို တော်လှန်ရေးကောင်စီမှရုပ်သိမ်းပြီးသည့်နောက် တောခို၊ ထိုင်းနယ်စပ် ဘန့်ဟင်တိုက်တွင် အခြေချ။
၁၉၆၇- ရွှေတြိဂံ ဘိန်းစစ်ပွဲ (Opium War)ဟုခေါ်တွင်သည့် တိုက်ပွဲက လာအိုနိုင်ငံ ဘန်ကွမ်ရွာ (ယခု King Roman Casino တည်ရှိရာ)တွင်ဖြစ်ပွါး။ ဤတိုက်ပွဲအပြီး ကာကွယ်ရေးတပ်အဖြစ်ပြန်လည်လက်ခံ။


၁၉၆၉- အထိန်းသိမ်းခံရပြီး မန္တလေးတောင်တွင်နေ၊ သူ၏ကာကွယ်ရေးတပ်ဖွဲ့ တောခို။
၁၉၇၃- ရုရှားဆရာဝန် ၂ ဦးကို SUA မှဖမ်းခေါ်ဆောင်၍ခွန်ဆာနှင့် လဲလှယ်ရန်ဆွေးနွေး။
၁၉၇၄- ထောင်မှထွက်၍ မန္တလေး၊ ရန်ကုန် တွင်ခေတ္တနေထိုင်။
၁၉၇၆-တောတွင်းပြန်ရောက်၊ ဘန့်ဟင်တိုက် တွင်ပြန်လည်အခြေချ။
၁၉၇၇- အမေရိကန်လွှတ်တော်ထံသို့ ဘိန်းအစားထိုး ၆ နှစ် စီမံကိန်းတင်ပြ၊ အပယ်ခံရ။
၁၉၈၂- ဘန့်ဟင်တိုက် တိုက်ပွဲဖြစ်၊ တိုက်ပွဲအပြီး ထိုင်းနယ်စပ် လွိုင်လန်း အခြေခံစခန်းကိုသိမ်းပိုက်။
၁၉၈၅- စဝ်ကွန်းဇိန်းဦးဆောင်သည့် သျှမ်းပြည်တော်လှန်ရေးကောင်စီတွင် ဒုဥက္ကဌအဖြစ် တာဝန်ယူ၊ ဟိုမိန်းဌာနချုပ်ကိုတည်ထောင်။


၁၉၉၁- စဝ်ကွန်းဇိန်းကွယ်လွန်ပြီးနောက် ဥက္ကဌအဖြစ် ရွေးချယ်ခံရ။
၁၉၉၃- သျှမ်းပြည်လွတ်လပ်ရေးကြေငြာ။
၁၉၉၄- သျှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းသို့ တိုးချဲ့။
၁၉၉၅- တပ်တွင်းပုန်ကန်မှုဖြစ်ပွါးပြီးနောက်မြန်မာအစိုးရနှင့်စေ့စပ်ဆွေးနွေး။


၁၉၉၆- လက်နက်ချ၊ ရန်ကုန်သို့ပြောင်းရွှေ့။
၂၀၀၇- ရန်ကုန်တွင်ကွယ်လွန်။

စဝ်ခွန်ဆာနှင့်ပတ်သက်၍ သူသည် မြန်မာအစိုးရ၏ ပဥ္စမံတပ်သားလော၊ စီးပွါးရေးသမားသက်သက်လော၊ တိုင်းပြည်လွတ်မြောက်ရေး အတွက် အမှန်တကယ်လုပ်ဆောင်ခဲ့သူလောဟူသည့် မေးခွန်းများရှိသည်။ ဆက်လည်းရှိသွားဦးမည်ဟုတွေ့ရှိရသည်။

ဤကိစ္စနှင့်စပ်လျဉ်း၍ စဝ်ခွန်ဆာ၏ အောက်ပါစကားရပ်များက အဖြေအချို့ (သို့တည်းမဟုတ်) မေးခွန်းအချို့ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

*** ခွန်ဆာ့အတွေးအခေါ် ***

ကိုယ့်မှာအင်အားနည်းလို့ရှိရင် စစ်မတိုက်ချင်လည်းတိုက်ရမှာဘဲ။ ကိုယ့်မှာအင်အားရှိရင်တော့ စစ်တိုက်ချင်လည်းတိုက်ရမှာမဟုတ်ဘူး။ ဒါကြောင့် စစ်မတိုက်ချင်တဲ့လူမျိုးတိုင်း စစ်အင်အားရှိရမယ်။ စစ်တပ်ဆိုတာ တိုက်ဖို့အမြဲတမ်း အဆင်သင့်ရှိရမယ်။ တိုက်လည်းမတိုက်စေရဘူး။ တိုက်ရင်လည်းနိုင်ရမယ်။

ကျနော်တို့ သျှမ်းပြည်မှာ လူဦးရေ ၈ သန်းလောက်ရှိတယ်ပြောကြတယ်။ အိမ်ထောင်စုတခုက ၈ ဦးရှိတယ်ဆိုရင် တဦးလောက်ကိုတော့ စစ်သားအဖြစ် မထောက်ပ့ံ မကျွေးမွေးထားနိုင်စရာအကြောင်းမရှိဘူး။ ဒါဖြင့်ရင် ကျနော်တို့မှာ စစ်သားတစ်သနန်းအသာလေး ရှိနိုင်တယ်။ စစ်သားဒီလောက်ရှိရင် ဘယ်သူနဲ့မှ တိုက်စရာမလိုဘူး။ ကိုယ့်တိုင်းပြည်ကိုအေးအေးဆေးဆေးပြန်ရနိုင်တယ်။

ကိုယ့်တိုင်းပြည်တော့ရှိတယ်။ ကိုယ့်အစိုးရတော့မရှိဘူးဆိုရင် ဘာချည်းဘဲပိုင်ဆိုင်ထားသည်ဖြစ်စေ ဘာမှအာမခံချက် မရှိဘူး။

ကျနော် ဘာကြောင့် မတိုက်သေးတာလဲ။ အမေရိကန်နဲ့ ရုရှားကလည်း ရန်သူတွေဘဲ။ ဘာကြောင့်မတိုက်တာတုန်းလို့ပြန်မေးရမှာပေါ့။

ကိုယ့်ထက်အင်အားကြီးမားတဲ့ရန်သူကိုတိုက်ရင် သီးနှံစိုက်ပျိုးဖို့မြေကိုပြင်သလိုမျိုးပေါ့။ အစဦးမှာ မြက်တို့ပေါင်းပင်တို့ကို အရင်ရှင်းရမယ်။ ဒါမှ သစ်ပင်ကြီးကိုဖြိုလှဲနိုင်မှာဖြစ်တယ်။

အမျိုး ဘာသာ သာသနာမတူလို့ခွဲခြားတာကို ကျနော်တော့လက်မခံနိုင်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံတခုတည်း၊ အလံတခုတည်း၊ (နိုင်ငံတော်) တံဆိပ်တခုတည်းကိုလက်ခံတယ်ဆိုရင် လုံလောက်သင့်တယ်။

ထိုင်းညီနောင်တွေကို ကျနော်တို့အားကိုးလိုပါတယ်။ ဒါပေမယ့်သူတို့ကိုယ်တိုင်က အမေရိကန်ကိုအားကိုးနေတယ်။ လာအိုညီနောင်တွေကိုလည်းကျနေ်ာတို့အားကိုးလိုပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ဗီယက်နမ်ကို အားကိုးနေရတယ်။ ဒီတော့ ကိုယ့်ကိုကိုယ်အားမကိုးရင် ဘယ်သူ့ကို အားကိုးရမလဲ။

ဘာဖြစ်လို့ဗမာပြည်ဟာ ခုထိ စစ်ပွဲဖြစ်နေတာလဲ။ ဗမာခေါင်းဆောင်တွေက သူတို့အချင်းချင်းကလွဲပြီးဘယ်သူ့ကိုမှ နေရာမပေးချင်လို့ ဖြစ်တယ်။ ကိုယ့်နိုင်ငံကို ထူထောင်မယ့်လူမျိုးတိုင်းဟာ ဗမာနည်းလမ်းကိုမလိုက်သင့်ဘူး။

ကျနော် ဘိန်းမစိုက်ပါဘူး။ ကိုယ့်တိုင်းပြည်လွတ်မြောက်ရေးဘဲလုပ်နေပါတယ်။ ဘိန်းစိုက်တာ ကျနော်တို့လူထုပါ။ သူတို့စိုက်နေတာကလည်း ပျော်လို့စိုက်နေတာမဟုတ်ဘူး။ သူတို့စိုက်နေတာဟာ သူတို့မိသားစု စားဖို့ ဆန်တို့ အဝတ်အစားတို့ကို၀ယ်ဖို့ဖြစ်တယ်။ သူများနိုင်ငံကို ဖျက်ဆီးဖို့ ဘိန်းစိုက်တယ်လို့ပြောတာ ကျနော်ဘယ်မှာမှ မကြားမိပါဘူး။

မူးယစ်ဆေးဝါးကို နိုင်ငံခြားတင်ပို့ဖို့ ကျနော်တို့ဆီမှာ တတ်ကျွမ်းတဲ့လူတဦးမှမရှိပါဘူး။ ဆိုင်ထဲမှာလည်းမရောင်းဘူး။ ကြော်ငြာလည်း မကပ်ထားဘူး။ သွားတဲ့နေရာတိုင်းလည်း မူးယစ်နှိမ်နင်းရေးတွေက စောင့်ကြည့်နေတယ်။ ဒီကြားထဲက ခင်ဗျားတို့ နိုင်ငံကိုရောက်သွားတာဟာ ခင်ဗျားတို့လူမျိုးတွေက မသယ်ယူသွားရင် ဘယ်သူဖြစ်မလဲ။

တရုတ်ပြည်မှာ ဘိန်းစိုက်ပျိုးမှုပပျောက်သွားတာဟာ သူတို့ရွေးခြယ်တဲ့ အစိုးရ သူတို့ရရှိလို့ဖြစ်တယ်။ ထိုနည်းတူဘဲ သျှမ်းပြည်ဘိန်းပပျောက်ရေးနဲ့ သျှမ်းပြည်အစိုးရ ရရှိရေးဟာ ခွဲခြားလို့မရနိုင်ပါဘူး။

အိုးစည်တို့ မောင်းတို့ကိုအတုမခိုးပါနဲ့။ သူတို့က တီးမှအသံမြည်တယ်။ နာရီကိုအတုခိုးပါ။ အချိန်ကျရင် သူ့ဘာသာအသံမြည်တယ်။

(ဦးခွန်စိုင်း၏ ကျနော်သူပုန်ဖြစ်လာပုံ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြသည်။)

Leave a Comments

- Advertisement -spot_img

Latest article