CSSU အလုပ်တာဝန်မလွှဲအပ်မှီ သျှမ်းလက်နက်ကိုင်တပ်တွေ့ဆုံနိုင်ရေး ဦးစိုင်းအိုက်ပေါင်းပြော

0

တိုက်ပွဲများရပ်တန့်ရန် အတွက် သျှမ်းလက်နက်ကိုင် ၂ ဖက် တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာရန် သျှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းဝေး CSSU မှ သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ထံ စာပို့ကြောင်း သတင်းရရှိသည်။

“ ကျနော် CSSU တာဝန်ယူနေတုန်း သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ၊ သျှမ်းပါတီ ၂ ပါတီ ပေါင်းစည်းစေချင်တယ်။ ကျနော်တို့ ပါတီအနေနဲ့ ပေါင်းချင်တယ်” ဟု CSSU အလှည့်ကျ ဥက္ကဌက ဆိုသည်။

သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် သျှမ်းပြည်တိုုး တက်ရေးပါတီ SSPP တို့သည် နိုဝင်ဘာလမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားမှုကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီး၊ လယ်ယာစိုက်ပျိုးရေး အိုးအိမ်များစွန့်ကာ စစ်ဘေးရှောင်နေရသည်။

“ CSSU အနေဖြင့် သျှမ်းတပ်ကို စာရေးပို့တာ ၃ ကြိမ်ရှိပြီ။ အရင်တုန်းက တပ် ၂ ဖွဲ့ က တိုက်ပွဲ မပြင်းထန်ဘူး။ ဒီတခါ တော့ အရမ်းဖြစ်တယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ထို့ကြောင့် တိုက်ပွဲများကြောင့် အရပ်သားပြည်သူများလည်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း၊ သျှမ်းတပ်အချင်းချင်း မတူညီမှုကို ဘေးဖယ်ကာ တူညီသည် အချက်ဖြင့် စားပွဲပေါ်တွင် တွေ့ဆုံဆွေးနွေးကြဖို့လိုအပ်သည် ဟု CSSU အလှည့်ကျ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“ သျှမ်းတပ်အချင်းချင်း တိုက်ပွဲမဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်ရင် တပ် ၂ ဖက်စလုံးလည်း ဒဏ်ရာရမယ်။ ဒေသခံ သျှမ်းပြည်သူလည်း ဒဏ်ရာရမယ်” ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

ယခု CSSU အနေဖြင့် သျှမ်းလက်နက်ကိုင် ၂တပ် တွေ့ဆုံဆွေးနွေးဖို့ စာပို့သည်မှာ တတိယ အကြိမ် မြောက်ဖြစ် ကြောင်း၊ ယခင်တွင် သျှက်လက်နက်ကိုင် ၂ ဖွဲ့ကိုတွေ့ဆုံရန် စာပို့ခဲ့သော်လည်း တွေ့ဆုံမှု မရှိခဲ့ကြောင်းသိရသည်။

သျှမ်းလက်နက်ကိုင် အနေဖြင့် သျှမ်းပြည်သူ အရပ်သားတွေကို သနားပြီး၊ ပြည်သူများ၏ အနာဂတ်ကိုရှေ့ရှုကာ တွေ့ဆုံဆွေးနွေးသင့်သည်။

တွေ့ဆုံရန် ယခင်က SSPP စာပြန်သော်လည်း ယခု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွတ်စစ်ဘက်ကသာ တွေ့ဆုံရန် အဆင်သင့်ဖြစ်ကြောင်း CSSU ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

မကြာမီ CSSU အစည်းအဝေးကိုလည်း တောင်ကြီးမြို့တွင် ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သျှမ်းတိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ သီပေါမြို့နယ် အတွင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ၁၆၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here