Tuesday, April 30, 2024

သျှမ်းအချင်းချင်းကြား လူ့အခွင့်အရေးချိုးဖောက်မှုကို လျစ်လျူရှုတော့မှာလား

Must read

သျှမ်းတောင်တန်းပေါ်မှာ ယမ်းငွေ့တွေ သေနတ်သံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

သျှမ်းပြည်မြေပုံ

အရင်နှစ်ပေါင်းများစွာမှာတော့ ဗမာစစ်တပ်လို့ခေါ်တဲ့ လက်ရှိ စစ်အာဏာရှင် ကပဲ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ သျှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ ကြပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင် တရုတ် – မြန်မာ နယ်စပ် ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်တဲ့အပြင် One Balt- One Road လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကို ဖောက်လုပ်မယ့်ဒေသဖြစ်သလို တရုတ်နိုင်ငံသို့ သွယ်တန်းတဲ့ ရွှေဂတ်စ်ပိုက်လိုင်း လည်း ရှိပါတယ်။

ဒါ့ကြောင့် အဲ့ဒီဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ဟာ ၂၀၁၆ ခုနစ် ကနေစပြီး တိုက်ပွဲဖြစ်လာခဲ့တာ ယနေ့ထိတိုင် စစ်ရေးတင်းမာနေဆဲပါ။

တိုက်ပွဲကြောင့် ပြည်သူနေအိမ်ပျက်စီး

အလားတူပဲ သျှမ်းပြည် တောင်ပိုင်း နဲ့ သျှမ်းမြောက် တကြောမှာလည်း သျှမ်းတပ် (၂) တပ်ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့လည်း ၂၀၂၀ ခုနစ် နောက်ပိုင်းမှ စပြီး စစ်ရေး ပြင်းထန်လာခဲ့ပါတယ်။

အရင်က တိုင်းရင်းသား လက်နက်ကိုင်တွေဟာ စစ်အာဏာရှင်လို့ သတ်မှတ်ထားတဲ့ ဗမာတပ်မတော်နဲ့သာ စစ်ရေးဆင်နွှဲခဲ့ရာ ကနေ လက်ရှိအခြေအနေမှာတော့ အချင်းချင်း အပြန်အလှန် ပစ်ခတ်ပြီး မြေလုတိုက်ပွဲအသွင်တွေ ကူးလာကြပါတယ်။ စစ်ရေးပဋိပက္ခဖြစ်ပွားတဲ့အလျောက် သျှမ်းပြည်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုဟာ အလိုအလျောက် ကပ်ပါလာ စမြဲပါ။

“ကျမတို့ သျှမ်းပြည်က အရင်က ဗမာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိုပဲ ခံခဲ့ရပါတယ်။ အခုနောက်ပိုင်းတော့ ဗမာစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေပါ ချိုးဖောက်လာတာ ခံရတယ်။ ကိုယ့်လူမျိုးအချင်းချင်း ဖြစ်တဲ့ကိစ္စဆိုရင် ပိုပြီးတောင် ရင်နာမိတယ်” လို့ ကျောက်မဲမြို့နယ်အတွင်း နေထိုင်တဲ့ နန်းခမ်းအောင် (အမည်လွှဲ) က စိတ်မကောင်းစွာ ပြောပါတယ်။

တိုက်ပွဲကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေး

အရင် နှစ်ပေါင်းများစွာက တိုင်းရင်းသားနယ်မြေမှာ ဗမာစစ်တပ် က နည်းမျိုးစုံ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ရာမှ အခု နောက်ပိုင်းမှာတော့ ကိုယ့်လူမျိုး အချင်းချင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိလာပေမယ့် တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြေရှင်းပေးတာတွေ မရှိကြောင်း နန်းခမ်းအောင် ကဆိုပါတယ်။

“အခု ကျမတို့ ဘက်မှာဆိုရင် အစိမ်း (SSPP) နဲ့ အကျား (RCSS) က အားပြိုင်တယ်။ ပြည်သူလူထုကိုလည်း ဟိုဘက် ဒီဘက်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြိုင်အဆိုင် ဖမ်းဆီးတယ်။ ဒါတွေကို လူ့အခွင့်အရေး လုပ်နေတဲ့အဖွဲ့ကလည်း အသံထွက် ကူညီနေတာ မရှိဘူး” လို့ နန်းခမ်းအောင်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ် အထိ စစ်အာဏာရှင်တွေက သျှမ်းအမျိုးသား တော်လှန်ရေးကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် ဒေသခံ သျှမ်းလူထု နဲ့ လက်နက်ကိုင် သျှမ်းတပ်ဖွဲ့ တို့အကြား ဖြတ် ၄ ဖြတ် နည်းစနစ် သုံးပြီးတော့ လုပ်ဆောင်လာခဲ့ပါတယ်။

တိုင်းရင်းသားအချင်းချင်း တိုင်ပွဲကြောင့် ရွာပျက်ဖြစ်သွားရသည့် ကျောက်မဲမြို့နယ် ဟူးစွန်ကျေးရွာ

ဖြတ်လေးဖြတ် အပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ သျှမ်းပြည်သူလူထုတွေကို ဖမ်းဆီးရိုက်နှက် အဓမ္မ ပြုကျင့် သတ်ဖြတ် တာတွေလည်း ရာ နဲ့ ချီ ရှိနေပြီး ဒေသခံ သိန်း နဲ့ ချီက နေရပ်ကနေ စစ်ရှောင် ထွက်ပြေးခဲ့ရပါတယ်။

အဲ့ဒီ ၁၉၉၇ ခုနစ် ဇွန်လ ၁၆ ရက်မှာဆိုရင် သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ဒေသခံတွေကို ဗမာ့စစ်တပ်က အစုလိုက် နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ရက်ဖြစ်ပြီး၊ အဲ့ ၁၆ ရက်ကို အစွဲပြုကာ သျှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် ၂၀၂၀ ခုနစ်မှာ သျှမ်းပြည် ညီညွှတ်ရေး ကော်မတီ CSSU ကနေ သတ်မှတ်ခဲ့တာပါ။

“သျှမ်းပြည် အမျိုးသားများ လူ့အခွင့်အရေးနေ့ကို ၂၀၂၀ ခုနှစ် အာဏာမသိမ်းခင် အစောပိုင်းကာလလေးမှာပဲ ကျနော်တို့ CSSU ကနေ သတ်မှတ်ကြေညာခဲ့တာပေါ့နော်။ ကျနော်တို့ ဒီ လူ့အခွင့်အရေးနေ့ ကြေညာပြီး မကြာခင် မှာပဲ အာဏာသိမ်းခံလိုက်ရတယ်” လို့ စိုင်းလိတ်က ပြောပါတယ်။

ဗမာ့စစ်တပ် သျှမ်းပြည် အတွင်း စတင်ဝင်ရောက်လာချိန် ကနေ စတင်ပြီး လက်ရှိအချိန်အထိ သျှမ်းပြည် အတွင်းမှာ ဗမာစစ်တပ် နဲ့ သျှမ်းလက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခ မငြိမ်းသေးသလို ဒေသခံ ရွာသားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေဆဲလည်း ဖြစ်နေပါတယ်။

ဒါ့အပြင် လက်ရှိ အချိန်ကာလဟာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကနေ နိုင်ငံတော် အာဏာသိမ်း ယူလိုက်တဲ့ အတွက်ကြောင့် မတရား ညှင်းပန်းနှိပ်စက်မှုတွေက ပိုပြီးတော့ များပြားလာတယ်လို့လည်း စိုင်းလိတ်က ဆက်လက် ပြောဆိုထားပါတယ်။

“ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတာက၊ အရင်တုန်းက တိုင်းရင်းသားဒေသမှာတင် ကွက်ပြီး ဖြစ်ခဲ့တာ ပေါ့နော်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် မြန်မာပြည် တစ်လံတစ်လျား ဟိုမြောက်ဖျားပိုင်းကနေ အောက်မြန်မာပြည် အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက စဥ်ဆက်မပြတ် ဖြစ်ပေါ် နေခဲ့တယ်” လို့ စိုင်းလိတ်က ပြောပါတယ်။

တိုင်းရင်းသားစစ်ရေးပဋိပက္ခကြောင့် ရွာပျက်သွားရသည့် ကျေးရွာ

ဖြတ်လေးဖြတ် ကာလ ပြီးတဲ့နောက်ပိုင်းမှာ ဗမာစစ်တပ် အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အကြား ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိလာသော်ငြားလည်း တိုက်ပွဲတွေ ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ မရပ်သွား ခဲ့ပါဘူး။

သျှမ်းလူ့အခွင့်အရေး မဏ္ဌိုင်ထုတ်ပြန်ထားတဲ့ မုဒိမ်းကျင့်ရလိုင်စင် အစီရင်ခံစာမှာ ဗမာစစ်တပ်ဟာ သျှမ်းပြည်အတွင်း စနစ်တကျ အစီအစဥ် နဲ့ နေရာအတော်များများ ကျူးလွန်ခံနေရတယ်လို့ ပါရှိပါတယ်။ ဒီ အဓမ္မပြုကျင့်လာတဲ့ သမိုင်း ဖြစ်စဥ်ဟာ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့အပြင် ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှတဲ့ သမိုင်းစာမျက်နှာ တစ်ခုပါပဲ။

သို့ဖြစ်ပါ၍ မတရားမှုတွေကို ဖော်ထုတ် အရေးယူ ဆောင်ရွက်မှု မပြုလုပ်နိုင်သေးသရွေ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်လက်ရှိနေမယ့် အကြောင်း သျှမ်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူ စိုင်းပန် (နာမည်လွဲ) က ပြောပါတယ်။

“မတရားမှုတွေကို မဖော်ထုတ်နိုင်သေးသရွေ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဆက်လက်ရှိနေဆဲ ဖြစ်မှာ။ လုပ်တဲ့ ကျူးလွန်တဲ့ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်တွေကို စစ်ဆေး အပြစ်ပေး အရေးယူနိုင်တဲ့ ဖြစ်တည်မှု မရှိသေး သရွှေ့ လူ့အခွင့်အရေး ချိုးဖောက်မှုက ဆက်လက်ရှိနေမှာ။ ဒါကတော့ ကောင်းတဲ့ အလားအလာတော့ မဟုတ်ဘူး“ လို့ စိုင်းပန်က ပြောဆိုထားပါတယ်။

တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်ထွက်ပြေးနေထိုင်ရသည့် စစ်ရှောင်စခန်း

လက်ရှိ အာချိန်ဟာ နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူထားတဲ့ ကာလ ဖြစ်နေတဲ့ အတွက်လည်း တရားဥပဒေ စိုးမိုးမှု အားနည်းသလို၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို အရေးယူဆောင်ရွက်နိုင်ဖို့လည်း မလွယ်တဲ့ အကြောင်း စိုင်းပန်က ဆက်ပြောပါတယ်။

“အခုလို အာဏာသိမ်း ကာလ တရားဥပဒေ စိုးမိုးမှုတွေ ကင်းမဲ့တဲ့ ကာလမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေကလည်း ဖော်ထုတ်ရုံပဲ ဖော်ထုတ်နိုင်တယ်၊ ဒါကို အရေးယူပေးပါလို့ တိုက်တွန်းလည်း တစ်ဖက်က လိုက်နာချင်မှ လိုက်နာမယ်။ ဒါက အရေးကြီးတဲ့ အားနည်းချက်၊ ပြဿနာဖြစ်တယ်” လို့ ပြောဆိုထားပါတယ်။

၁၉၉၆ – ၉၇ ကာလ သျှမ်းပြည်ရဲ့ မဟာငရဲနှစ်ကြောင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးဘဲ ထိုင်း – မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာ နိုင်ငံမဲ့အဖြစ် အများအပြား ကျန်ရှိနေသလို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရွာတွေကလည်း ယနေ့ထိတိုင် ရွာပျက်ကြီးအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။

အခုလက်ရှိမှာ ဆိုရင်လည်း သျှမ်ပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ လားရှိုးခရိုင်တွေဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်သလို တိုင်းရင်းသား နဲ့ စစ်ကောင်စီတပ်တွေလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားကာ ပြည်သူတွေလည်း လူ့အခွင့်အရေး ဆက်လက် ချိုးဖောက်ခံနေရဆဲပါ။

တိုက်ပွဲတွင်း ပြည်သူနေအိမ် ထိခိုက်ပျက်စီး

လက်ရှိ အချိန်မှာ ဆိုရင်လည်း ဗမာတပ်မတော် အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်လာနေတယ်လို့ သျှမ်းပြည် မူဆယ်ခရိုင်အတွင်းက သျှမ်းလူငယ် စိုင်းခမ်း (နာမည်လွဲ) က အခုလို ပြောဆိုထားပါတယ်။

“ဗမာစစ်တပ်ရှိနေလို့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ရတယ်။ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးနီးပါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်။ နာမည်ကတော့ တော်လှန်ရေးတပ်ဖွဲ့ လို့ ခံယူထားကြပေမဲ့ အချင်းချင်းကလည်း မတည့်ကြဘူးဖြစ်နေတယ်” လို့ စိုင်းခမ်းက ပြောဆို ထားပါတယ်။

တချိန်တခါ က ဖြစ်ပွားခဲ့တဲ့ သျှမ်းပြည် မဟာငရဲနှစ်လို လက်ရှိမှာလည်း သျှမ်းပြည်အလယ်ပိုင်း လဲချားမြို့နယ်၊ ပင်လုံမြို့နယ်။ လွိုင်လင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းနောင်မြို့နယ် နဲ့ ကျေးသီးမြို့နယ်တွေမှာလည်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး သျှမ်းလူထုတွေက တကျော့ပြန် နေရပ်စွန့်ခွာ စစ်ဘေးမှုတွေပြန်ပြီး ကြုံတွေ့လာ ရပါတယ်။

အရင်ကတော့ ဗမာစစ်တပ်သာ သျှမ်းလူမျိုး သျှမ်းပြည်ဒေသခံတွေ ဖြတ် (၄) ဖြတ် လူမျိုးသုန်း ရက်စက် ကြမ်းကြုတ်မှုတွေ ပြုလုပ်ပေမယ့် လက်ရှိအချိန်မှာတော့ သျှမ်းတပ် (၂) တပ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေကပါ ကျူးလွန်လုပ်ဆောင်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ စစ်ကောင်စီ လက်အောက်ခံ ဆိုးရွားတဲ့ နိုင်ငံရေး အနေအထားမှာ နိုင်ငံရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ လိုသလို လူထုကိုယ်တိုင်က ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် ရရှိသည်အထိ ဝိုင်းဝန်း ကြိုးပမ်း သင့်ကြောင်း သျှမ်းပြည်အရေး လေ့လာသုံးသပ်သူ စိုင်းလိတ်က ပြောဆိုသုံးသပ်ထားပါတယ်။

ကျောက်မဲမြို့နယ်က ဆယ်ကျော်သက် (၂) ဦး မိုင်းနင်းမိ

“CSSU ကိုယ်တိုင်က ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခြင်းဆိုပြီး ချမှတ်ထုတ်ပြန်ပြီးတော့မှ ရက်ပိုင်းလေးမှာပဲ RCSS ရဲ့ ဗဟိုတောင်းဆိုမှုကြောင့် CSSU ရဲ့ လုပ်ငန်းတွေ ခေတ္တခဏ ရပ်တန့်သွားခဲ့တယ်ပေါ့နော်။ ဒါကြောင့်မို့ CSSU ကိုယ်တိုင်က ကြေညာထုတ်ပြန်ခဲ့တဲ့ သျှမ်းပြည်အမျိုးသားများ လူ့အခွင့်အရေးနေ့မှာ CSSU ကိုယ်တိုင် ရှေ့ကနေ မားမားမတ်မတ် ဦးမဆောင်နိုင်တာကတော့ ဝမ်းနည်းစရာကောင်းတဲ့ အချက်ပါ”လို့လည်း ပြောဆို သုံးသပ်ထားပါတယ်။

သျှမ်းလူထုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကျူးလွန် ပြုလုပ်တာကို တားဆီးပေးနိုင်ဖို့၊ ကာကွယ် ပေးနိုင်ဖို့အတွက် ကိုယ်တိုင်က နှိုးထပြီးတော့မှ ပြည်သူလူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်တဲ့ အကြောင်း စိုင်းလိတ်က ဆက်ပြောပါတယ်။

“ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ဖြစ်ချင်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်တွေ၊ ဖြစ်ချင်တဲ့ နိုင်ငံရေး ဆိုင်ရာ ကိစ္စတွေ တခြားတခြားသော ကိစ္စရပ်တွေ လုပ်ဖို့ဆိုရင် CSSU ကိုယ်တိုင်က နှိုးထပြီးတော့မှ ပြည်သူလူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်တယ် ၊ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးက သိရှိနားလည်ပြီးတော့မှ တစ်ဦးကိုတစ်ဦး သီးညှင်းခံစိတ် နဲ့ အမျိုးသား အရေးအတွက်ကို ရှေးရှုလုပ်ဆောင်ကြမယ်ဆိုရင်တော့ နဂိုမျှော်မှန်းထားတဲ့ အနေအထားကို ပြန်ရောက်နိုင်ပါတယ်” လို့ ပြောဆိုထားပါတယ်။

သျှမ်းပြည်တပ်မတော် ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်ကို ပြန်ကြည့်မယ်ဆိုပါက မိမိတိုင်းပြည် နဲ့ အမျိုးသားကို ကာကွယ်စောင့်ရှောက်ရန် အတွက် နွမ်စဝ်ဟန် ဦးဆောင်ပြီး သျှမ်းလူငယ် (၃၁) ဦးဟာ ၁၉၅၈ ခုနစ် မေ ၂၁ ရက်မှာ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းနေရာမှာ သွေးသစ္စာရေ သောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေး ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၂ ခုနစ်က ကျောက်မဲစစ်ရှောင်များ

ဒါပေမယ့် သျှမ်းပြည်လူထု သျှမ်းအမျိုးသားအရေးကို ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းတပ်မတော်တွေ ကတော့ လက်ရှိမှာ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး သျှမ်းလူထုရဲ့ မျက်ရည်ကိုတောင် မကြည့်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

ခေတ်ကာလပြောင်းလာသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ပုံစံပြောင်းလဲလာတဲ့အတွက် သျှမ်းတပ် (၂) တပ် ပြုလုပ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ပြုလုပ်သူတွေက တားဆီးမှု ထောက်ပြပြောဆိုမှုကို မလုပ်လာတာတွေကလည်း မဖြစ်သင့်တဲ့အကြောင်းကို စိုင်းပန် က အခုလို ထောက်ပြပြောဆိုထားပါတယ်။

“စစ်တပ်ကျူးလွန်မှ မဟုတ်ပါဘူး၊ သျှမ်းတပ် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သျှမ်းလူ့အခွင့်အရေး လှုပ်ရှားဆောက်ရွက်သူတွေက လစ်လျူရှု မလုပ်သင့်ပါဘူး၊ ဖြစ်စဥ်အမှန်ကို ချပြပြီး ဖိအားပေး အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု စိုင်းပန်က ပြောပါတယ်။

လက်ရှိမှာတော့ လက်နက်ကိုင်အဖွဲ့တိုင်းဟာ တပ်သားသစ်ကောက်ယူမှု မြင့်တက်လာပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ရှိနေကြောင်း၊ တခေတ်တခါက ဗမာ့စစ်တပ်ပြုလုပ်တဲ့ လမ်းစဥ်အတိုင်း သျှမ်းတပ်တွေလည်း လိုက်ကျင့်သုံးပြုလုပ်နေတဲ့ ပုံစံဖြစ်နေကြောင်း သီပေါမြို့နေ နန်းဆိုင်တိုင်းက ပြောဆိုလိုက်ပါတယ်။

“အခုချိန်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရလို့ သွားတိုင်တော့လည်း အပြစ်ပေး အရေးယူတာ မရှိဘူးလေ။ ဘယ်အဖွဲ့ အစည်းကမှ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာ မလုပ်နိုင်သေးဘူး။ အချင်းချင်း လူ့အခွင့်အရေးချိုးတာတောင် အရေးမယူနိုင်ရင် ဗမာစစ်တပ်က ကျူးလွန်တာ ပိုပြီး အလှမ်းဝေးမယ်” လို့ နန်းဆိုင်တိုင်းက ဆိုပြန်ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တိုင်းရဲ့ အကြီးအကဲတွေ ကလည်း လူ့အခွင့်အရေး ကျူးလွန်တဲ့သူတွေကို ထိရောက်စွာ အရေးယူတာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ယူတာတွေ ပြုလုပ်သင့်ကြောင်း၊ အခုခေတ်မှာက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင် စစ်ကောင်စီ တပ်ကိုပဲ သွားမြင်လို့ မရတော့ကြောင်းလည်း နန်းဆိုင်တိုင်းက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၁၆ ရက် ဖြတ် ၄ ဖြတ်ကြောင့် ကျဆုံးသွားခဲ့ရတဲ့ သျှမ်းပြည်သူများအတွက် မိမိတို့ အိမ်မှာ ဖယောင်း တိုင်ထွန်းပြီး ဆုတောင်းပေးကြဖို့ တိုက်တွန်းပြောဆိုကြသလို နောက်ပိုင်း သျှမ်းတပ် (၂) တပ်က သျှမ်းလူထုပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဝေဖန်ထောက်ပြပြီး လမ်းကြောင်းမှန်အောင် ပြုလုပ်နိုင်တဲ့ သျှမ်းမျိုးချစ် ပုဂ္ဂိုလ်များ ပေါ်ထွန်းလာပါစေ လို့ သျှမ်းပြည်သူ လူထုက တောင်းတ ပြောဆိုနေကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article