Friday, April 26, 2024

CSSU ရဲ့ ၂၀၁၉ ခုနှစ် ဥက္ကဌ SSJAC အလှည့်ကျ

Must read

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပြုလုပ်ကျင်းပခဲ့ပြီး အလှည့်ကျနာယကအဖြစ် SSJAC ဥက္ကဌကို လွှဲပြောင်းပေး အပ်လိုက်တယ်လို့သိရပါတယ်။  ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး CSSU မှာပါဝင်တဲ့ အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ ဦးဆောင်မှုအပိုင်းမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေ စုံစုံညီညီတက်ရောက်ခဲ့ပါတယ်။  ဒီညီလာခံမှာ ဘာတွေဆွေးနွေးပြီး ဘာတွေကိုဆုံးဖြတ်ချက်ချနိုင်သလဲ ။ အသေးစိပ်သိရအောင် အစည်းအဝေးတက်ရောက်တဲ့  SSJAC  အဖွဲ့ဝင် ကျားခေါင်း ပါတီ တွဲဖက်အတွင်းရေးမှူး ၂  စိုင်းကျော်ညွန့် ကို သျှမ်းသံတော်ဆင့်မှ  စိုင်းမျိုးဦး ကတွေ့ဆုံမေးမြန်းထား ပါတယ်။

မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာပြုလုပ်ကျင်းပတဲ့ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံ

မေး- အစည်းအဝေးမှာ ဘာတွေကို အဓိကထားဆွေးနွေးခဲ့ပါသလဲခင်ဗျ။

စိုင်းကျော်ညွန့် – ဦးဆောင်မှုအဖွဲ့တွေကိုလွဲပြောင်းဖို့နဲ့ ရှေ့ဆက်နိုင်ငံရေးကိုဘယ်လို လုပ်ဆောင် သွား မလဲ ဆိုတဲ့ လုပ်ငန်းဆောင်တာများချမှတ်ခြင်းကိုဆွေးနွေးတယ်။ ၂၀၁၉ မှာ CSSU ရဲ့ အလှည့်ကျ ဥက္ကဌကို  SSJAC ကနေ တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်။ အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံပေါ့ CSSU ရဲ့ Charter အသစ်ကိုပြင်ဆင်နေဆဲဆိုတော့ကာ အဟောင်းတိုင်းဘဲ  ပြန်ကျင့်သုံးသွားမယ် ဆိုတဲ့ဆွေးနွေးချက်ရှိပါတယ်။  တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း ဖြစ်စေ နိုင်ငံရေးပါတီ ဖြစ်စေ  အစိုးရနဲ့ဖြစ်စေ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကိစ္စ သျှမ်းအမျိုးသားရေးနဲ့ သျှမ်းပြည်နယ်အရေးကိစ္စအတွက် ဘယ်လိုလက်တွဲ ဆောင်ရွက်သွားမလဲဆိုတာ ဆွေးနွေးပါတယ်။ တိုင်းရင်းသားအချင်းချင်းတိုက်ပွဲဖြစ်နေတဲ့ကိစ္စတွေ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ကိစ္စတွေ  ဘယ်လိုလျော့ပါးသွားအောင်စီစဉ်မလဲဆိုတာတွေဆွေးနွေးတယ်။ တိုက်ပွဲတွေကြောင့် တိမ်းရှောင်တဲ့ ပြည်သူတွေ ကိုဘယ်လိုအကူအညီပေးမလဲဆိုတဲ့ကိစ္စတွေဆွေးနွေးပါတယ်။

မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာပြုလုပ်ကျင်းပတဲ့ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံ

မေး-  ပြီးခဲ့တဲ့နှစ်ကလုပ်ဆောင်ခဲ့တဲ့ ရလာဒ်တွေကိုအားရကျေနပ်မှုရှိခဲ့ပါသလားခင်ဗျ။

စိုင်းကျော်ညွန့်-  ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျေနပ်အားရမှုမရှိခဲ့ဘူး။ အတားအဆီး အနှောင့် အယှက်များတယ်။ CSSU က ချထားတဲ့မူတွေအတိုင်း လုပ်ဆောင်သွားရတာအရမ်းနည်းတယ်။

မေး- အဲ့လိုဆိုရင်ကျေနပ်အားရတာ ဘာတွေရှိသလဲခင်ဗျ။

စိုင်းကျော်ညွန့်-  ကျေနပ်အားရတာဆိုလို့ ငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်မူ ကို လက်ခံသွား တာ ကြောင့် သျှမ်းပြည်နယ်အတွက် စတိတ်ကွန်စတီကျူးရှင်း မူကြမ်းလုပ်နိုင်ခဲ့တယ် ဒါလေးတခု ကျေနပ်တယ်။ လက်တွဲဆောင်ရွက်မှု အောင်မြင်ခဲ့တယ်ပေါ့နော်။  ရှေ့ဆက်မှာ CSSU  ဟာ သျှမ်းနဲ့ တိုင်းရင်းသားတွေအားလုံးက ယုံကြည်အားကိုးရတဲ့အဆင့်ဖြစ်လာအောင် CSSU ဖွဲ့စည်းပုံမူကြမ်းလည်းပြန်လည်ရေးဆွဲတာပြီးတော့မယ်ဆိုတာကို ကျေနပ်မိပါတယ်။

မတ်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ကျားဖြူပါတီရုံးခန်းမှာပြုလုပ်ကျင်းပတဲ့ CSSU ရဲ့ နှစ်ပတ်လည်ညီလာခံ

မေး- အခုလို သျှမ်းပြည်မြောက်ပိုင်းမှာ အချင်းချင်းဖြစ်နေတဲ့တိုက်ပွဲတွေကြား  ဒီလက်နက်ကိုင်တပ်ဖွဲ့ စလုံးကပါဝင်တဲ့ CSSU ရဲ့ညီလာခံ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်ဆိုတော့ ဒီဆွေးနွေးပွဲက အလားအလာကောင်းတယ်လို့ပြောလို့ရပါသလားခင်ဗျ။

စိုင်းကျော်ညွန့်-  သမရိုးကျအားဖြင့် ကြည့်မယ်ဆိုရင် တဖက်နဲ့တဖက် ပြသနာရှိတယ်ဆိုပေမယ့် ဒီအဖွဲ့တွေဟာ လာပြီးတော့ စုဆုံပြီးတော့ဆွေးနွေးနိုင်ခဲ့ သဘောတူညီမှုတွေရယူနိုင်ခဲ့တယ် ဆိုတာ ဟာဖြင့် သျှမ်းအမျိုးသားများရဲ့ ဒီမိုကရေစီယဉ်ကျေးမှု ပိုမိုရင့်သန်လာတယ်ဆိုတဲ့ သဘော တွေ့ရ တယ်။ နောက်ပြီးတော့ ကျနော်တို့အလှည့်ကျဥက္ကဌနဲ့အတူ အတွင်းရေးမှူးကလည်း အသစ်ရွေးရ တာရှိတော့ ဒီမှာလည်း SSJAC ကနေ ဦးဆောင်သွားမယ်။ အတွင်းရေးမှူးတွေကနေ တာဝန်ယူပြီး တော့မှဘဲ ရှေ့လုပ်ငန်းတွေမှာဘယ်ဟာတွေလုပ်ဆောင်သင့် တယ်ဆိုတာရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တာရှိပါတယ်။

မေး- လာမယ့်နှစ်မှာရော CSSU ကိုဘယ်လိုဖြစ်စေချင်သလဲခင်ဗျ။

စိုင်းကျော်ညွန့်- CSSU အစည်းအဝေးဆိုတာ အသေးစိပ်အထိတော့ ဆွေးနွေးစရာလဲမလိုဘူးပေါ့နော်။ အစည်းအဝေးကြီးမှာက ဘယ်လို မူဝါဒနဲ့သွားချင်လဲ၊ ဘယ်ပုံစံသွားချင်လဲ။ အဓိက  Key ကျတဲ့ အရေး ကြီးဆုံး ဆုံးဖြတ်ချက်တွေ ဒီမှာဆုံးဖြတ်ပေးနိုင်ရင်ရပါပြီ။ ကျန်တဲ့ကိစ္စက အတွင်းရေးမှူးအဖွဲ့တွေ ဆက် လုပ်မယ်။ ပြီးတော့ ကျနော်တို့လာပြီးကူညီနေတဲ့ Technical Team တွေ နည်းပညာအထောက် အကူပြုအဖွဲ့တွေနဲ့ ဘယ်လိုရှေ့ဆက်လုပ်သွားမလဲဆိုတာပေါ့လေ။ အဲဒီကမှတဆင့် အတွင်းရေးမှူး အဖွဲ့နဲ့ နည်းပညာအထောက်အကူပြုအဖွဲ့တွေအကြံပြုရေးဆွဲတင်ပြတဲ့ ဟာတွေကျမှဘဲ နောင်အစည်း အဝေးတွေမှာ လာတင်ပြပြီးတော့မှ အတည်ပြုတာတို့ဘာတို့လုပ်တာ ပိုပြီးတော့ စနစ်ကျတယ် ပေါ့ လေ။ ပိုပြီးအရာရောက်တယ်လို့မြင်တယ်။ ဒါကြောင့်မို့လို့ ဒီပွဲမှာတော့ ကျနော်တို့လုပ်ဆောင် ဖို့ အတွက်လုံလောက်တဲ့လမ်းညွှန်မှုကိုတော့ ဒီအစည်းအဝေးကပေးနိုင်တယ်လို့ဘဲ အကြမ်းဖျင်း ပြောလို့ရပါတယ်။

မေး- ဒီနှစ် နှစ်ပတ်လည်ညီလာခံကနေပြီးတော့ သျှမ်းပြည်သားတွေကိုဘယ်လိုပြောချင်ပါသလဲခင်ဗျ။

စိုင်းကျော်ညွန့်- ကျနော်တို့ သျှမ်းပြည်နယ်အတွင်း ၊အပြင်မှာရှိတဲ့သျှမ်းတွေ ၊ သျှမ်းပြည်ထဲက တိုင်း ရင်းသားပေါင်းစုံကိုပြောချင်တာကတော့ CSSU အနေနဲ့ သျှမ်းနဲ့ပတ်သက်ရင် သျှမ်းအမျိုး သားရေး အတွက် ကျနော်တို့လုပ်ဆောင်နေတယ်။ သျှမ်းပြည်နဲ့ပတ်သက်ရင်လည်း သျှမ်းပြည်မှာရှိတဲ့ သျှမ်း ပြည်နယ်သား တိုင်းရင်းသားပေါင်းစုံရဲ့အရေးတွေကိုကျနော်တို့လုပ်ဆောင်နေတယ်။ လုပ်ဆောင် ဖို့လည်းအစီအစဉ်တွေဆွဲနေတယ်။ သျှမ်းပြည်မှာရှိသော တခြားသောအဖွဲ့အစည်းများအနေနဲ့လည်း လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ လုပ်ငန်းအစီအစဉ်တွေချမှတ်ထားဖို့ ရှိပါတယ်။ ဒီလိုပါဘဲ ပြည် ထောင်စုအဆင့်မှာလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ကျနော်တို့က ဒီနိုင်ငံ မှာ ရှိနေတဲ့ ဘ၀တူ တိုင်းရင်းသားပေါင်းစုံ နဲ့ဘယ်လိုလက်တွဲသွားမလဲ နိုင်ငံရေးပါတီဖြစ်စေ လူမှု အဖွဲ့ အစည်းဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ဘယ်လိုပူးပေါင်းလက်တွဲ ဆောင် ရွက်သွားမလဲ ဆိုတဲ့အစီအစဉ်တွေလည်းကျနော်တို့ချမှတ်ထားတာရှိတယ်။ CSSU ဟာ ပြည်ထောင် စုအတွက် အင်တိုက်အားတိုက် လုပ်နေတယ်ဆိုတာ သျှမ်းပြည်သူတွေကိုရော မြန်မာနိုင်ငံမှာ ရှိတဲ့ပြည်သူတွေအားလုံး စကားလက်ဆောင်ပါးချင်ပါတယ်။

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ CSSU မှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) ( သျှမ်းပြည် တိုး တက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ သျှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD) နှင့် စိန်ကျော့ပြည်သူ့စစ် တို့ပါ၀င်သော ) SSJAC သျှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော် မတီ တို့မှ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ သျှမ်းပြည် တွင်း နိုင်ငံရေး ပါတီ နဲ့ အရပ်ဘက် အဖွဲ့အစည်း များပူးပေါင်းပါ၀င်လာခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့တဲ့ CSSU ဟာ  ၂၀၁၅ ခုနှစ်အထိ RCSS/SSA ကနေ ဥက္ကဌရာထူး တာ ဝန်ယူခဲ့ပါတယ်။ ၂၀၁၆ မှာတော့ SNDP ကျားဖြူပါတီက အလှည့်ကျပေမယ့် တာဝန်ယူဖို့ အဆင် မသင့်တာကြောင့်   SSJAC ကိုလွဲပေးခဲ့ရပါတယ်။ အဲဒီနောက်  ၂၀၁၇ မှာ RCSS/SSA ကပြန်လည် လက်ဆင့်ကမ်းတာဝန်ယူခဲ့ပါတယ်။ ၂၀၁၈ မှာတော့ SNDP ကျားဖြူပါတီက အလှည့်ကျ ဥက္ကဌ တာဝန် ယူဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ယခုနှစ်မှာတော့ SSJAC ရဲ့အလှည့်ပြန်ကျခဲ့တာဖြစ်တာကြောင့် SSJAC ရဲ့ဥက္ကဌ ဖြစ်တဲ့ (SNLD ဥက္ကဌ ) ခွန်ထွန်းဦးကနေ  CSSU ဥက္ကဌ တာဝန် လက်ခံဆောင် ရွက်ရ ကြောင်းသိရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article