Monday, April 29, 2024

NCA အဖွဲ့ ဘာကြောင့် “7 EAO Alliance” ပြောင်းလဲခဲ့လဲ။

Must read

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ်လ (၁၇)နှင့် (၁၈)ရက်တို့တွင် ကျင်းပခဲ့သည်။

၂ ရက်တာ ကျင်းပခဲ့သည့် မျက်နှာစုံညီ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်ခြင်းအပြင် စုဖွဲ့မှုပုံစံအသစ်အတွက် နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်များနှင့် ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)တို့ကို ဆွေးနွေးခဲ့ကြပြီး ရလဒ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ “7 EAO Alliance” အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မတ်လ (၁၈) ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် 7 NCA-S EAO Summit မျက်နှာစုံညီ အစည်းအဝေးသို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့အပြင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးလည်း တက်ရောက်ခဲ့သည်။

ယခုပြောင်းလဲဖွဲ့စည်းလိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ “7 EAO Alliance” တွင် အဖွဲ့ခေါင်းဆောင်အဖြစ် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်သစ်ပါတီ NMSP ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်း တို့ကို တာဝန်ပေးအပ်ပြီး ချမှတ်ထားသော လုပ်ငန်းစဉ်များကို ဖော်ဆောင်နိုင်ရေးအတွက်လည်း လက်နက်ကိုင်အဖွဲ့ တစ်ခုချင်းစီမှ ကိုယ်စားပြုတစ်ဦးစီ ပါဝင်သော အတွင်းရေးမှူးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ စုဖွဲ့မှုပုံစံအသစ်ဖြစ်သည့် “7 EAO Alliance” မဟာမိတ်အဖွဲ့မှ လုပ်ငန်းလည်ပတ်သွားမည့် ပုံစံ၊ အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ပါဝင်မှုအနေအထားနှင့် NCA အပေါ်ရပ်တည်မှု အမြင်သဘောထားတို့ကို KNU/KNLA(PC) ငြိမ်းချမ်းရေးကောင်စီ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွန့်အား သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်မိန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး (၇)ဖွဲ့က ချင်းမိုင်မှာ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီးတော့ “7 EAO Alliance” မဟာမိတ်အဖွဲ့ ဆိုပြီး ကြေညာချက်ထုတ်ပြီးတော့ ဖွဲ့စည်းလာတာ တွေ့ရတယ်။ ဒီစုဖွဲ့မှုပုံစံအသစ်က ဘာကြောင့် ဖွဲ့ဖြစ်တာလဲ၊ သူ့အကြောင်းရင်းက ဘာတွေရှိမလဲ။

ဖြေ။ ။ ကျနော်တို့ နောက်ခံသမိုင်းကြောင်းအရ ပြန်ကြည့်မယ်ဆိုရင် PPST ကနေ ချိတ်ဆက်မှုလည်း ပါတယ်။ အဓိကတော့ ကျနော်တို့ PPST ဆိုတာက NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့နဲ့ စတင်စုဖွဲ့ခဲ့တယ်။ စတင်စုဖွဲ့ခဲ့ပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ပေါ့လေ၊ စစ်အာဏာသိမ်းမှု အခြေအနေက စပြီးတော့ ဒီ NCA ကို အခြေခံတဲ့ လုပ်ငန်းတွေလည်း အကုန်လုံး ရပ်တန့်သွားတယ်။

အဲ့ဒီကနေ စပြီးတော့ ကျနော်တို့ NCA ကို အခြေခံပြီး စုဖွဲ့ခဲ့တဲ့ PPST ရဲ့ စုဖွဲ့မှုကလည်းပဲ (၁၀)ဖွဲ့ကနေ (၇)ဖွဲ့ ဖြစ်သွားလိုက်၊ (၇)ဖွဲ့ကနေ (၅)ဖွဲ့ ဖြစ်သွားလိုက် အဲ့လိုမျိုး မပြည့်မစုံနဲ့ မစုံမလင်နဲ့ သွားနေရတာ ကျနော်တို့အတွက် အဆင်မပြေဘူး။ အဲ့တာကြောင့် ခုလက်ရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ EAO (၇) ဖွဲ့ကနေပြီးတော့ အားလုံးအဆင်ပြေပြေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်လို့ ရနိုင်တဲ့ စုဖွဲ့မှုအသစ် တစ်ခုကို လုပ်ကြဖို့ဆိုပြီးတော့ လွန်ခဲ့တဲ့ (၄)လ အချိန်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။

အလုပ်အဖွဲ့ကို တာဝန်ပေးပြီးတော့ လိုအပ်တဲ့ ဖွဲ့စည်းပုံတို့၊ သွားလိုတဲ့ ပန်းတိုင်တို့၊ Vision တို့ အကုန်လုံး ရေးဆွဲတာတင်မကဘူး။ ဖွဲ့စည်းပုံစည်းမျဉ်း ဥပဒေတို့ အကုန်လုံး ရေးဆွဲပြီးတော့ အသေအချာ လုပ်ပြီးမှပဲ (၇)ဖွဲ့မှာ ရှိတဲ့ ထိပ်သီးခေါင်းဆောင်တွေ ရှေ့မှာ ညှိနှိုင်းဆွေးနွေး အတည်ပြုချက် ရယူနိုင်ဖို့အတွက် Reframing ခေါ်ပြီးတော့မှ လုပ်ဆောင်လိုက်ရခြင်း ဖြစ်ပါတယ်။

ဘာဖြစ်လို့ စုဖွဲ့မှုအသစ် လုပ်ခဲ့သလဲဆိုတော့ လက်ရှိပေါ့လေ စစ်ရေးဘောင်က ကျယ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုဘောင်က ကျဉ်းမြောင်းတဲ့ ကာလမှာ ကျနော်တို့ PPST အနေနဲ့ မစုံမလင်နဲ့ သွားနေရတာ အဆင်မပြေတဲ့ အတွက်ကြောင့်မလို့ (၇)ဖွဲ့စလုံးအတွက် အဆင်ပြေပြေနဲ့ သွားနိုင်မယ့် စုဖွဲ့မှုမျိုး ဖြစ်အောင်ပေါ့လေ “7 EAO Alliance” ဆိုတာကို ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

မေး။ ။ အခုက NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ကနေ “7 EAO Alliance” မဟာမိတ်အဖွဲ့ ဆိုပြီးတော့ ဖွဲ့လာတာပေါ့။ ဒါက NCA အပေါ်မှာ ဆက်ပြီးတော့ ရပ်တည်နေသလား ဒါမှမဟုတ် NCA ကို စွန့်လွှတ်လိုက်ပြီလား။

ဖြေ။ ။ NCA ဟာ သူ့ဟာသူ အလိုအလျောက် တခါတည်း လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတယ် ဆိုတာကတော့ သိကြမှာပါ။ NCA လို့ ကျနော်တို့ ပြောလိုက်မယ်ဆိုရင်လည်း သူ့ရဲ့ လုပ်ငန်းစဉ်အရ JMC တို့၊ UPDJC တို့၊ JICM တို့ အဲ့ဒီယန္တရားတွေ လည်ပတ်ပြီးတော့မှပဲ အလုပ်လုပ်ရတာ ဖြစ်တယ်။ သို့သော်လည်းပဲ ဒီယန္တရားတွေကလည်း အလုပ်မလုပ်နိုင်တာ၊ ရပ်တန့်နေတာ အချိန်ကာလအားဖြင့် ၃ နှစ်ကျော်လောက် ရှိခဲ့ပြီ။

ကျနော်တို့ EAO (၇)ဖွဲ့ အနေနဲ့ “7 EAO Alliance” စုဖွဲ့မှုအနေနဲ့ သွားတယ်ဆိုတာက NCA ရဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုအတိုင်းလို့ ပြောတာထက် အဓိက ကျောရိုး ၃ ခုပေါ့။ နံပါတ်(၁)ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့ရယ်၊ (၂)ကတော့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ အဓိပ္ပါယ် ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ရယ်၊ နောက်ပြီးတော့ ပြည်သူလူထုတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ‌ပေးရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ရယ် အဓိက အဲ့ဒီကျောရိုး (၃)ခု အပေါ်မှာပဲ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ အကောင်အထည်ဖော် ကြိုးစားခြင်း ဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိ မျက်နှာစုံညီ အစည်းအဝေးမှာ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက်တွေ၊ နိုင်ငံရေး သဘောထားတွေကိုလည်း ချမှတ်ခဲ့တာ တွေ့ရတယ်။ အတွင်းရေးမှူးအဖွဲ့လည်း ရှိတယ်ဆိုတော့ လက်ရှိမှာ ဘာကို ဆက်လုပ်သွားဖို့ရှိလဲ။ စုဖွဲ့မှုပုံစံအသစ်နဲ့ လုပ်ငန်းလည်ပတ်သွားမယ့် ပုံစံကို ပြောပြပေးပါဦး။

ဖြေ။ ။ လုပ်ငန်းတွေက အသေးစိတ် ဆွေးနွေးလိုက်တဲ့အခါကျရင်တော့ အများကြီးထွက်လာမှာပါ။ အဓိကတော့ ခုနက ကျနော်ပြောတဲ့အတိုင်း ရည်မှန်းချက် (၃)ခု ပေါ့နော် ဒီဟာတွေကို အကောင်အထည်ဖော်နိုင်အောင် လုပ်သွားမယ်၊ ကြိုးစားသွားမယ်။

တကယ့်တကယ် ဒီAlliance ကနေပြီးတော့ လုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ စုဖွဲ့မှုအရ အမြင့်ဆုံးအဆင့်မှာကျတော့ “7 EAO Summit”ဆိုတာ အမြင့်ဆုံးဖြစ်မယ်။ အဲ့ဒီအောက်မှာဆိုရင် EAO တစ်ဖွဲ့ကို ၂ ယောက်စီနဲ့ စုဖွဲ့ထားတဲ့ ဦးဆောင်ကော်မတီဆိုတာ ရှိမယ်။

အဲ့ဒီဦးဆောင်ကော်မတီရဲ့ အောက်မှာဆိုရင် တစ်ဖွဲ့ကို တစ်ယောက်နဲ့ စုဖွဲ့ထားတဲ့ အတွင်းရေးမှူးအဖွဲ့ဆိုတာ ရှိမယ်။ အတွင်းရေးမှူးအဖွဲ့ အောက်မှာဆိုရင်လည်းပဲ လုပ်ငန်းတွေကို ကဏ္ဍအလိုက် ခွဲခြားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် လုပ်ငန်းကော်မတီ (၆)ခု ဖွဲ့စည်းပြီးတော့ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်။

မေး။ ။ အခုက တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ငြိမ်းချမ်းရေးဆက်လုပ်မယ်၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင်လည်း သက်ဆိုင်သူအားလုံးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုတော့ ဒီဟာက NCA ကို ဆက်ကိုင်ထားဆဲလား၊ ဒါမှမဟုတ် ဘယ်လိုအခြေအနေမျိုး ရှိနေလဲ။

ဖြေ။ ။ NCA ကတော့ ဆက်ကိုင်ထားတယ်လို့ ပြောရအောင်လည်း ကိုယ်တစ်ယောက်ထဲလည်း ဆက်ကိုင်ထားလို့ မရဘူးလေ။ NCA စာချုပ်ကို ဆက်ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့အဖုံးပေါ် ပထမဆုံး ရေးထားတာက ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ် ဆိုပြီးမှလေ။

NCA ကို ပိုင်ဆိုင်တဲ့ အစုအဖွဲ့က ၂ ခု ရှိမယ်။ နံပါတ်တစ်က ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရပေါ့၊ နောက်အစုအဖွဲ့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပေါ့။ အဲ့ဒီအစုအဖွဲ့ ၂ ခုက ပူးပေါင်းပိုင်ဆိုင်တယ်၊ ပူးပေါင်းပြီးတော့ အကောင်အထည် ဖော်ရတဲ့ သဘောရှိတယ်။

သို့သော် လက်ရှိအခင်းအကျင်းအရ ဒီဘက်က ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကို ကြည့်မယ်ဆိုရင်လည်းပဲ လွှတ်တော်တို့ ဘာတို့ မရှိတဲ့အောက်မှာကျတော့ NCA ကို ပူးပေါင်းပါဝင်သင့်တဲ့ အစုအဖွဲ့တွေ မစုံမလင် ဖြစ်တဲ့အခါကျတော့ မစုံမလင်ရှိနေတဲ့ ကျနော်တို့ (၇)ဖွဲထဲနဲ့ပဲ အဲ့တာကို ကိုင်စွဲပြီးတော့ လုပ်မယ်ဆိုတာကလည်း လက်တွေ့အားဖြင့်တော့ သဘာဝ မကျပါဘူး။ ဒီအချိန်မှာ ကျနော်တို့ အဓိက လုပ်ဆောင်သွားရမှာကတော့ NCA နဲ့ သိပ်ပြီးတော့လည်း ကြီးကြီးမားမား ကွဲလွဲတာမျိုးတော့ မဟုတ်ဘူးပေါ့။

အခုနက ပြောတဲ့ (၁)ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့ ကြိုးပမ်းမယ်။ (၂)ကတော့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ ကြိုးစားမယ်၊ နောက်ပြီးတော့ ပြည်သူလူထုတွေကို အကာအကွယ်ပေးရင်းနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ‌ပေးရေး လုပ်ငန်းတွေပေါ့ ဒီရည်မှန်းချက် ၃ ခုကတော့ အဓိက ကျောရိုးပါ။

မေး။ ။ လက်ရှိ ဖွဲ့လာတဲ့ “7 EAO Alliance” ပေါ့၊ အရင်တုန်းက NCA ကို ဆက်ကိုင်ထားတဲ့ အဖွဲ့လို့ ပြောလို့ရမှာပေါ့။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ နောက်ဆုံးမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ရှေ့လျှောက်ကျတော့ ဘယ်လိုစုဖွဲ့မှုပုံစံမျိုး၊ ဘယ်လိုနာမည်မျိုးနဲ့ ဆက်လက်တွေ့ဆုံသွားမှာလဲ။

ဖြေ။ ။ ခုနကပြောတာ နည်းနည်းလေးတော့ နားလည်မှု လွဲတယ်လို့ ကျနော်ရှုမြင်ပါတယ်။ ကျနော်တို့ 7 EAO အနေနဲ့ ပြီးခဲ့တဲ့ ကာလတွေမှာလည်း SAC က ဖိတ်ခေါ်တဲ့ တွေ့ဆုံမှုတွေကို သွားရောက်တွေ့ဆုံခဲ့တာ မှန်တယ်။ သို့သော် အဲ့လိုမျိုး သွားရောက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုတွေသည် NCA မှာပါတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်ရယ်လို့ ပြောလို့ရမှာ မဟုတ်ဘူး။

အဓိက ကျနော်တို့ ဒီဘက်က (၇)ဖွဲ့ရဲ့ အဓိက လိုလားတဲ့ အချက်က အားလုံးသိတဲ့အတိုင်း အခက်အခဲ အကျပ်အတည်းတွေ ဖြစ်နေတယ်။ စစ်ရေးတိုက်ခိုက်မှုတွေက နေရာတကာ အများကြီး ဖြစ်ပေါ်နေတယ်၊ ပြည်သူလူထုတွေလည်း အမျိုးမျိုး ဆင်းရဲဒုက္ခတွေ ကြုံရတယ်။ ဒီအခက်အခဲတွေ အကျပ်အတည်းတွေကို ကျနော်တို့ ကျော်လွှားချင်တယ်။

ဒီလိုမျိုး ဖြစ်လာတာကလည်း ကျနော်တို့နားလည်သလောက်က ဒါတွေဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တဲ့အတွက်ကြောင့်မလို့ သက်ဆိုင်သူတွေအားလုံး ပါဝင်ညှိနှိုင်းဆွေးနွေးတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပေါ့လေ လက်ရှိအခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အဲ့ဒီအခင်းအကျင်း ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်ဖို့အတွက် ကျနော်တို့က ကြိုးပမ်းခြင်းဖြစ်တယ်။

ဘယ်လိုအစပျိုးမှုနဲ့ ကျနော်တို့ စတင်ချဉ်းကပ်လို့ ရမလဲ။ ဘယ်လို entry point နဲ့ ကျနော်တို့ စပြီး ခြေလှမ်း လှမ်းလို့ရမလဲဆိုတာ လုပ်ဆောင်ခြင်းဖြစ်တဲ့ အတွက်ကြောင့်မလို့ ပြီးခဲ့တဲ့ကာလ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုတွေက NCA လမ်းကြောင်းအရ NCA သဘောတူညီမှုအရ လုပ်နေတဲ့ ဆွေးနွေးမှုလို့ ပြောဖို့ကတော့ မဟုတ်ဘူးလို့ ကျနော်အနေနဲ့ အဲ့လိုပဲ နားလည်ပါတယ်။

မေး။ ။ အခုလက်ရှိ ဖွဲ့လိုက်တဲ့ “7 EAO Alliance”က နိုင်ငံရေးအရ ဆက်ပြီးဆွေးနွေးသွားမယ်ပေါ့နော်။ ဒီဟာက အခု မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့လည်း ပါဝင်ထားတဲ့ “ဝ”တပ်ဖွဲ့ ဦးဆောင်နေတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နဲ့ အားပြိုင်မှုတွေ ဖြစ်လာနိုင်မလား။

ဖြေ။ ။ မဖြစ်ပါဘူး၊ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ခုနကပြောသလိုပဲ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့အတွက် ရည်ရွယ်တယ်။ အဲ့လိုလုပ်ရတာကလည်း လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားချင်လို့ အဲ့ဒီအခင်းအကျင်း ပေါ်လာနိုင်အောင် အစပျိုး ဆောင်ရွက်ခြင်း ဖြစ်တယ်။ ကျနော်တို့ နားလည်မှုအရတော့ ကျနော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပဲခေါ်ခေါ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့စနစ်လို့ပဲခေါ်ခေါ် ကျနော်တို့ တိုင်းရင်းသားများအားလုံးရဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အာမခံချက်ရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် အမွေကောင်းတစ်ခုအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ပေးနိုင်မှာ ဖြစ်တယ်။

ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုလုပ်ဆောင်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ့်ရဲ့အင်အားစုတွေကြားမှာ ဒီလိုအချိန်မှာတော့ အမြင်မတူတာတို့၊ သဘောထားမတိုက်ဆိုင်တာတို့၊ လုပ်နည်းလုပ်ဟန်အရ ကွဲပြားခြားနားတာတို့ ရှိကောင်းရှိနေနိုင်ပေမယ့် အားလုံးက ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီးတော့ ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားရမယ်ဆိုတာကိုပဲ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိမှာ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) တို့က သီးခြားခွဲထွက်အဖွဲ့တွေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတာရှိတယ်။ သူတို့ရဲ့ လက်ရှိပါဝင်မှု အနေအထားကကော ဘယ်လိုရှိနေလဲ။

ဖြေ။ ။ လက်ရှိကတော့ မွန်ပြည်သစ်ပါတီပဲဖြစ်ဖြစ်၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ဖြစ်ဖြစ် “7 EAO Alliance” ပေါ်ပေါက်လာဖို့ ပြင်ဆင်ရေးလုပ်ငန်းအဖွဲ့မှာလည်း ကျနော်တို့နဲ့အတူတူ တောက်လျှောက် ကိုယ်စားလှယ်စေလွှတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၂ ရက်တာ မျက်နှာစုံညီ အစည်းအဝေးမှာလည်း အဖွဲ့အစည်းကို ကိုယ်စားပြုပြီးတော့ တင်းပြည့်ကျပ်ပြည့် တက်ရောက်တာရှိတယ်။

အဖွဲ့အစည်း ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ “7 EAO Alliance” ထဲမှာကတော့ ပြည့်ပြည့်စုံစုံရှိတယ်လို့ပဲ ကျနော်နားလည်တယ်။ သို့သော်လည်းပဲ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ နိုင်ငံရေးအခြေအနေအောက်မှာ တစ်ဖွဲ့ချင်းစီ ကြားထဲမှာ ရှိနေတဲ့ အကျပ်အတည်းတွေကို ပြောဖို့တော့ အဆင်သင့်မဖြစ်ဘူး။ ပြောလည်း မပြောသင့်ပါဘူး။

ဒါက တစ်ဖွဲ့ချင်းစီ လွတ်လွတ်လပ်လပ် ဖြစ်တည်နေတဲ့ အခြေအနေပေါ်မှာ အဖွဲ့အစည်းကိုယ်တိုင်က ညှိနှိုင်းဆုံးဖြတ်ရမယ့် ကိစ္စရပ်ဖြစ်တဲ့အတွက် လူအပေါ်မှာ အခြေခံပြီး ပြောတာမဟုတ်ဘဲနဲ့ အဖွဲ့အစည်း ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့ (၇)ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ ဒီကနေ့အထိ အပြည့်အစုံ ရှိတယ်လို့ပဲ ကျနော်နားလည်တယ်။

မေး။ ။ ပြီးခဲ့တဲ့ မတ်လ (၁၇)ရက်နေ့က မျက်နှာစုံညီ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးယွက်စစ်က ဖက်ဒရယ်ဒီမိုကရေစီအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အုပ်ချုပ်သွားမယ်လို့ ပြောတာမှာ လက်ရှိအဖွဲ့တွေရဲ့ နယ်မြေမှာ စစ်ပွဲတွေ ဖြစ်ပွားလာနိုင်မလား။

ဖြေ။ ။ အဲ့တာကတော့ စစ်ပွဲတွေကလည်း ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အတိုင်းအတာက အရင်တုန်းက တခါမှ မကြုံခဲ့ဖူးတဲ့ အတိုင်းအတာနဲ့ အများကြီး ကျယ်ပြန့်တယ်ဆိုတာကတော့ အရှိကို အရှိတိုင်းပဲ ကျနော်တို့ ပြောရမှာဖြစ်တယ်။ သို့သော်လည်း ခုနက မေးသလို ကျနော်အနေနဲ့ တွေဝေခြင်းမရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ (၇)ဖွဲ့ရဲ့ အခြေအနေကိုက လုပ်ဆောင်မယ့် Mission ကိုက နားလည်မှုအရဆိုရင်တော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ပဲ အဖြေရှာမယ်။ စစ်ရေးနည်းနဲ့ မဖြေရှင်းနိုင်အောင် ကျနော်တို့က ကြိုးပမ်းဆောင်ရွက်မယ်။

နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းရေးနည်းနဲ့ ဖြေရှင်းတဲ့ လုပ်ငန်းစဉ်ကို ကျနော်တို့အနေနဲ့ ခိုင်ခိုင်မာမာ လက်ဆုပ်လက်ကိုင် လုပ်ထားပြီးဖြစ်တဲ့အတွက်ကြောင့် ခုနက မေးတဲ့ ကိစ္စရပ်အနေနဲ့ကတော့ ကျနော်အနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောချင်ပါတယ်။

မေး။ ။ မကြာသေးခင်ကပဲ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဦးဆောင်ပါဝင် ကူညီပေးခဲ့တဲ့ စဝ်ဟန်ယောင်ဟွေ ကိုယ်တိုင်က NCA ဟာ ပျက်စီးသွားပြီ၊ ပြန်သုံးလို့ မရတော့ဘူး လို့ ဒီလိုပြောလာတဲ့အပေါ်မှာ ဘယ်လိုမျိုး သဘောထားမှတ်ချက် ပေးချင်လဲ။

ဖြေ။ ။ ဟုတ်ပါတယ်၊ ဒီ NCA ဆိုတာကလည်းပဲ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနဲ့ အစိုးရကြားမှာပေါ့လေ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲက အချက်အလက်အများဆုံးနဲ့ ပြည့်စုံမှုအရှိဆုံး စာချုပ်တစ်ခုလို့တော့ နားလည်တယ်။ သို့သော်လည်းပဲ NCA ဆိုတာကလည်း ကိုယ့်သဘောနဲ့ကိုယ် ရေးလို့ရတာ မဟုတ်ဘူးလေ။

အဓိကတော့ စစ်မြေပြင်မှာ ဘတပြန် ကျားတပြန် တိုက်ခိုက်နေတာကနေပြီးတော့ ညှိနှိုင်းဆွေးနွေးပြီး သဘောတူ ရေးရတဲ့ စာချုပ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်လိုချင်တာလည်း အကုန်လုံးမရသလို သူလိုချင်သာချည်းပဲလည်း အကုန်လုံးမရဘူးဆိုတာကတော့ ပကတိ အရှိတရားပဲ ဖြစ်ပါတယ်။ သို့သော် NCA နဲ့ပတ်သက်ပြီးတော့ ကောင်းခြင်းဆိုးခြင်း အမြင်တွေ ရှုထောင့်တွေကတော့ အမျိုးမျိုး ရှိနိုင်တယ်။

သို့သော်လည်းပဲ NCA ကို ရေးဆွဲတဲ့ NCCT ခေတ်ပေါ့၊ ၂၀၁၃ ကာလတုန်းကဆိုရင် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးနီးပါး အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်ဆိုတာကတော့ ဘယ်ခေတ် ဘယ်အချိန်ကမှ မကြုံခဲ့ဘူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအထဲမှာ ရှိနေတယ်ဆိုတာ မှတ်ကျောက်တင်ရမှာ ဖြစ်ပါတယ်။

NCA ကို တကယ့်တကယ် လက်တွေ့အကောင်အထည်ဖော်တဲ့အခါကျတော့ အားနည်းချက်တွေ အများကြီးရှိတယ် ဆိုတာကို ဝန်ခံရမှာ ဖြစ်ပါတယ်။ NCA ဟာ အကောင်းဆုံး မဟုတ်ပေမယ့်လည်း အဆိုးကြီးရယ်လို့ ပြောဖို့ခက်ပါတယ်။ သူလည်းပဲ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းနိုင်မယ့် နိုင်ငံရေးယဉ်ကျေးမှုအသစ်အပေါ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ဆိုတာ ရည်ရွယ်ရေးဆွဲထားတဲ့ စာချုပ်ဖြစ်တယ်။

နောက်ဆုံး အကောင်အထည်ဖော်မှုတွေ ရပ်တန့်သွားတဲ့ ကာလအောက်မှာတော့ NCA နဲ့ ပတ်သက်တဲ့ အမြင်တွေ ရှုထောင့်တွေကတော့ အမျိုးမျိုး ရှိနေမယ်ဆိုတာကို ကျနော်တို့အနေနဲ့ ရှောင်လွှဲလို့မရတဲ့ ပကတိ အရှိတရားပါ။ သို့သော်လည်းပဲ ကျနော်တို့အနေနဲ့ NCA ကောင်းခြင်း၊ မကောင်းခြင်း ပြောတာထက် လက်ရှိ ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ အကျပ်အတည်း၊ ပြည်သူလူထုတွေ နေ့တဓူဝ ကြုံတွေ့နေရတဲ့ အနိဋ္ဌာရုံ ဒုက္ခဆင်းရဲတွေကို ကျော်လွှားနိုင်မယ့် ဖြေရှင်းမှုနည်းလမ်းပေါ့။

ခုနကပြောတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့ သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့၊ စသဖြင့် အဲ့ဒီကိစ္စရပ်တွေက NCA အတိုင်း ပြောတာမဟုတ်ဘဲနဲ့ ပကတိ ရှိနေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အဲ့ဒီလိုလုပ်ဆောင်နိုင်အောင် ကြိုးပမ်းခြင်းကသာလျှင် ပြည်ထောင်စုအကျိုးအတွက် ရှိနိုင်မယ်လို့ အဲ့လိုပဲ ယုံကြည်မှုရှိပါတယ်။

မေး။ ။ ကျနော်မမေးမိတဲ့ မေးခွန်းတွေအပြင် ထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာ ရှိဦးမလား။

ဖြေ။ ။ အဓိက ပြောချင်တာကတော့ ဒီအချိန်က စိတ်မကောင်းစရာ အခြေအနေပေါ့။ ကျနော်တို့ နိုင်ငံမှာ မကြုံစဖူး စစ်ရေးဘောင်က အရမ်းကို ကျယ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဘောင်က အရမ်းကျဉ်းတဲ့အခါမှာ ကျနော်တို့ (၇)ဖွဲ့လိုမျိုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု စကားတွေပြောတဲ့ဟာတွေကတော့ အားလုံးအတွက်တော့ သဘောတွေ့မှာ မဟုတ်ပါဘူး။

ကျနော်တို့အနေနဲ့လည်း ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြစ်တယ်။ ဒီနေရာမှာ ကျနော်တို့အတွက် အားတက်စရာတွေလည်း ရှိပါတယ်။ အဓိကတော့ ကျနော်တို့ ဒီအချိန်မှာ အစုအဖွဲ့တွေ ဘယ်လိုပဲ လုပ်နည်းကိုင်နည်း ကွဲပြားမှုရှိနေပါစေ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးကို လိုချင်တယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမယ်။ ဒါတွေဟာ ကျနော်တို့ နားလည်မှု တူပြီးသား၊ လိုလားချက်တူပြီးသားဆိုတဲ့ အားသာချက်တွေလည်း ရှိသေးတယ်။ အဲ့တာကြောင့်မလို့ ဒီလိုမျိုး ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ကျနော်တို့အနေနဲ့ ရည်မှန်းချက်တူရဲ့သားနဲ့၊ ယုံကြည်ရာ တူရဲ့သားနဲ့ လုပ်ပုံလုပ်နည်းတွေ ဘယ်လောက်ပဲ ကွဲပြားခြားနားမှုတွေ ရှိနေပါစေ တစ်နေ့ကျရင် ပြည်ထောင်စုအကျိုးကို ရှေ့ရှုပြီးတော့ ဆုံမှတ်တစ်ခုမှာ အတူတူ စုပေါင်းလုပ်ဆောင်နိုင်အောင် ရှေ့ဆက်ကြိုးပမ်းသွားမယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

မေး။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။

Leave a Comments

- Advertisement -spot_img

Latest article