Tuesday, April 30, 2024

ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် ခရီသွားလာခွင့် ပိုမိုတင်းကြပ်လာ

Must read

စစ်ကောင်စီမှ ပြည်သူ့ စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် စစ်မှုထမ်း အကျုံးဝင်သူများ ထွက်ပြေး တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့် ခရီးသွားလာခွင့်များ ယခင်ကထက် ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မတ်လ ၁၈ ရက်နေ့မှစ၍ တောင်ကြီးမြို့မှ မန္တလေး၊ ရန်ကုန်သွားသည့် ခရီးသွားသည့် ကားဂိတ်များ ကို ခရီးသွားမည့် သူများ၏ အလုပ်ခေါ်လျှင် အလုပ်ခေါ်စာ၊ရဲစခန်းထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ၊ မူရင်း နိုင်ငံသားမှတ်ပုံတင်၊ခရီးသွား နေထိုင်မည့် ထောက်ခံချက်၊ဖုန်းနံပတ်နှင့် သွားရောက်မည့် လိပ်စာနှင့် ထောက်ခံ စာများလို အပ်ကြောင်း တောင်ကြီးမြို့ ခရီးသွားလက်မှတ်အရောင်းဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ရဲစခန်းထောက်ခံစာတွေလည်းလိုတယ်။ အစက‌တော့ မှတ်ပုံတင်နဲ့ ရပ်ကွက်ထောက်ခံစာ ပါရင်ရပြီ။အခုက သူတို့ ထုတ်ပြန်လိုက်‌တော့ အဲ့တာတွေပါမှ ရဲစခန်းထောက်ခံစာပါမှ လက်မှတ်ဝယ်ရင်ပိုအဆင်ပြေမယ်နော်။ ကျမတို့က မနေ့ကမှ အဲ့လိုစယူတာပါ။ အခုက ဘယ်ခရီးကိုမဆိုလိုပါတယ်။”ဟု ခရီသွားလက်မှတ် အရောင်း ဝန်ထမ်း တစ်ဦးက ပြောသည်။

ထိုပြင် သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ရေး အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများ ဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၂၇နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။

ထို့အပြင် အတတ်ပညာ အသက်မွေး ဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသား အသက် ၁၈နှစ် မှ ၄၅နှစ် အမျိုးသမီး အသက် ၁၈နှစ်မှ ၃၅နှစ်ထိသတ်မှတ်ထားသည်။

ထိုစစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများသည် နီးစပ်ရာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article