Thursday, May 2, 2024

နှစ်ထပ်ကွမ်း ဒုက္ခတွေကြုံနေရတဲ့ ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား

Must read

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံသည် လုပ်ခလစာ မြင့်မားမှုကြောင့် မြန်မာပြည်သူ အများစု ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်သည်။ မြန်မာပြည်၏ ရှည်ကြာသည့် ပြည်တွင်းစစ်ကြောင့် လူနေမှုဘဝ အကျပ်အတည်းသည် နိုင်ငံသားများကို ပြည်ပနိုင်ငံသို့ ထွက်ပြီး အလုပ်လုပ်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ကာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီးတွင် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသည့် ရာခိုင်နှုန်းသည် အဆမတန် မြင့်တက်လာသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်ကြသည့်အခါမှာ နှစ်နိုင်ငံ သဘောတူ MOU ကဲ့သို့ တရားဝင် နည်းလမ်းနှင့် သွားရောက်နေထိုင် လုပ်ကိုင်ကြခြင်းများ ရှိသလို တရားမဝင် နည်းလမ်းနှင့် သွားလာကြသူများလည်း ယခင်ကာလများထက် ပိုများလာသည်။

ယခုအနေအထားမျိုးတွင် ထိုင်းနိုင်ငံအတွင်း ရောက်ရှိသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ မည်ကဲ့သို့ အခက်အခဲ ရင်ဆိုင်နေရလဲဆိုတာကို ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီပေးနေသည့် Human Rights Development Foundation (HRDF)မှ တာဝန်ခံ စိုင်းဂွဏ်းကို သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ မိုင်ဆုန်ခ ပထမဆုံး အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လောက်များလာခဲ့လဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဒီ ၂ နှစ် ၃ နှစ် အတွင်း ကျနော်သိသလောက် ချင်းမိုင်မှာဆိုရင် ခပ်များများက သျှမ်းပြည်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ များတယ်။ ကျနော်တို့ ကွင်းဆင်းတဲ့နေရာ သိသလောက်ဆိုရင် တော်တော်များများ ရောက်လာကြပြီ၊ အတိအကျကြီးတော့ မဟုတ်ဘူး။ ချင်းမိုင်မြို့တဝိုက်မှာကို ခြံအလုပ်တို့၊ လယ်အလုပ်တို့၊ စက်ရုံအလုပ်တို့ အဲ့လိုမျိုးမှာ တော်တော်များများ ရောက်နေကြတယ်။

မေး။ ။ ဒီလိုမျိုး များလာတော့ သူတို့တွေက ဘယ်နေရာမှာ အလုပ်သွားလုပ်ကြလဲ။

ဖြေ။ ။ ခပ်များများကတော့ ငရုတ်သီးခြံ၊ ဟင်းသီးဟင်းရွက်ခြံတို့၊ နောက်ပြီး ပြောင်းဖူးခြံ၊ လိမ္မော်ခြံတို့ အဲ့မှာ အလုပ်လုပ်ကြတာများတယ်။

မေး။ ။ ထိုင်းထဲ ဝင်လာပြီဆိုရင် ဆောက်လုပ်ရေးအပိုင်းတို့ လုပ်ကြရတာတွေ ရှိတယ်။ အဲ့ဒီအပိုင်းမှာကော ရွှေ့ပြောင်းအလုပ်သမားအခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ။ ။ ဆောက်လုပ်ရေးအပိုင်းမှာ လုပ်နေရတာတွေလည်းရှိတယ်။ ကျနော်တို့ ကွင်းဆင်းတဲ့ အနေအထားအရ ကြည့်မယ်ဆိုရင် ခြံစိုက်ပျိုးရေးဘက်မှာ ပိုပြီးတော့ များတာပေါ့။

မေး။ ။ သူတို့အတွက် ဒီလိုမျိုး အလုပ်လာလုပ်တဲ့ အချိန်မှာကော ဘယ်အရာတွေက အန္တရာယ်များတဲ့ အလုပ်တွေ ဖြစ်လဲခင်ဗျ။

ဖြေ။ ။ အန္တရာယ်များတဲ့အလုပ်ဆိုတော့ ခြံအလုပ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လိမ္မော်ခြံတွေဘက်မှာဆိုရင် ဓာတုဆေးတွေ ခပ်များများ သုံးကြတယ်။ သုံးတဲ့ဆေးတွေက အန္တရာယ်အရမ်းများတယ်၊ သူ့ဆေးရဲ့ ကောင်းကျိုးဆိုးကျိုး ဘာတစ်ခုမှ သူတို့မသိရဘူးလေ။ အဲ့မှာ သူတို့အန္တရာယ်အရမ်းများတယ်။ နောက်ပြီးတော့ အလုပ်ရှင်က သူတို့ကို မပြောပြဘူးလေ၊ သုံးပြီးရင် ဘယ်လိုမျိုး ကာကွယ်ရမယ်ဆိုတာ အလုပ်ရှင်တွေဘက်ကလဲ သူတို့ကို ဘာမှ မသင်ပေးဘူး။

မေး။ ။ ဒီလိုမျိုးနဲ့ပတ်သက်ပြီး ဥပဒေအနေနဲ့ အလုပ်သမားအတွက် ဘယ်လိုမျိုးရှိထားလဲ။

ဖြေ။ ။ ထိုင်းအလုပ်သမားဥပဒေအရဆိုရင် ခြံထဲမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားတွေအတွက်ပေါ့၊ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးတော့ ဓာတုဆေးတွေ သုံးနေရတယ်ဆိုရင် ထိုင်းဥပဒေအရ တစ်နှစ်တစ်ခါဆိုရင် အလုပ်ရှင်ကနေပြီး အလုပ်သမားကို ကျန်းမာရေး စစ်ပေးရတယ်။ အဲ့ဒီကျန်းမာရေးစစ်တာက ရိုးရိုးစစ်တာမျိုးမဟုတ်ရဘူး။ ဒီရွှေ့ပြောင်းအလုပ်သမားတွေ တစ်နှစ်တစ်ခါ Work Permit (တရားဝင် အလုပ်လုပ်ခွင့်ကတ်) လုပ်တဲ့အခါမှာ ကျန်းမာရေးစစ်တာနဲ့ မတူဘူးဗျ။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ

အဲဒီမှာ ကျန်းမာရေးစစ်ရတာက အသေးစိတ်စစ်ဆေးရမယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ဓာတုဆေးက ရှိလား၊ ဘယ်လိုဝင်လာလဲ အဲ့လိုမျိုး စစ်ရတယ်။ ဒါပေမယ့် ခပ်များများက ခြံထဲမှာ အလုပ်လုပ်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အဲ့ဒီလိုမျိုး မစစ်ရဘူး။

မေး။ ။ ဒါတွေက‌ရော သူတို့အလုပ်ရှင်တွေဘက်က မလုပ်ပေးဘူးလား။ နောက်ပြီးတော့ နယ်တွေကို ကွင်းဆင်းတဲ့ ထိုင်းဘက်တာဝန်ရှိသူတွေလဲ ရှိတယ်ဆိုတော့ သူတို့အနေနဲ့ကော ဒါနဲ့ပတ်သက်ပြီး ဘာများလုပ်ဆောင်ပေးတာရှိလဲ။

ဖြေ။ ။ ကျတော်တို့ လိမ္မော်ခြံမှာ သွားပြီးကွင်းဆင်းတုန်းက အဲ့မှာ တခါနှစ်ခါရှိတယ်။ တချို့ခြံတွေရဲ့ အလုပ်ရှင်တွေက မစစ်ပေးဘူးလို့ ပြောတယ်။ ဒါပေမယ့် သူတို့နေတဲ့ ဧရိယာမှာရှိတဲ့ ရပ်ကွက်လူကြီးက ကြေညာတယ်၊ လာစစ်ကြပေါ့ ထိုင်းလူမျိုးကော ရွှေ့ပြောင်းအလုပ်သမားတွေကော လာစစ်ကြပေါ့။ တော်တော်များများကတော့ ရွှေ့ပြောင်းအလုပ်သမား တွေ မသွားကြဘူး။

မေး။ ။ ရွှေ့ပြောင်းအလုပ်သမားတွေက မသွားတဲ့အချိန်ကျတော့ သူတို့ဒီအလုပ်မှာ လုပ်နေတာ အန္တရာယ်များတယ် ဆိုတာမျိုး ပညာပေးတဲ့အဖွဲ့တွေ အဲ့ဒီမှာ ရှိလားဗျ။

ဖြေ။ ။ ပုံမှန်ဆိုရင် မရှိဘူးဗျ၊ ကျနော်တို့ တခါတလေသွားတယ်။ ချင်းမိုင်ကနေ ဖန် (Fang) မြို့နယ်ကိုဆိုရင်လည်း တော်တော်ဝေးတယ်။ အဲဒီ ဖန်မြို့နယ်မှာလည်း လိမ္မော်ခြံတွေ အများကြီးပဲ။ ကျနော်တို့ သွားဖူးတဲ့ခြံဆိုရင် နည်းနည်းလေးပဲရှိသေးတယ်။ မသွားရသေးတဲ့ခြံတွေ အများကြီးကျန်သေးတယ်။

ပုံမှန်ဆိုရင် မရှိဘူး၊ ဘယ်အဖွဲ့မှ မသွားဘူး။ အသိပညာပေးတာတွေ မရှိဘူး။ နောက်ပြီး တချို့ခြံတွေကျတော့ ကုမ္ပဏီရဲ့ သူဌေးတွေ၊ အလုပ်ရှင်တွေက သော့ခတ်ထားပြီးတော့မှ အပြင်လူကို ပေးမဝင်ဘူး အဲ့လိုမျိုးတွေလည်း ရှိတာပေါ့။

မေး။ ။ သူတို့အဲ့ဒီနေရာမှာ အလုပ်လုပ်တော့ကော ငွေရေးကြေးရေးကော အဆင်ပြေလား။ စားဝတ်နေရေးတွေကော သူတို့အတွက် ဘယ်လိုရှိလဲ။

ဖြေ။ ။ လူသစ်တွေအတွက်ဆိုရင်တော့ သိပ်အဆင်မပြေဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ် နှစ်နှစ်အတွင်း လာတဲ့လူတွေဆိုရင် တချို့က အခုထက်ထိပဲ အလုပ်မရှိသေးတာ၊ အလုပ်မရသေးတာတွေ ရှိသေးတယ်။ တချို့လည်း အလုပ်ရတယ်ဆိုပေမယ့် သူတို့ရတဲ့ ဝင်ငွေက တစ်လကို ထိုင်းဘတ်ငွေ ၅ထောင် ၆ထောင် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၅သိန်း- ၆သိန်း) လောက်ပဲရှိတော့ အဆင်မပြေကြဘူး။

တချို့တွေကလည်း ပြီးခဲ့တဲ့ ၂ လ ၃ လတုန်းက ထိုင်းအစိုးရက ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) လုပ်ပေးမယ်ဆိုပြီး ကြေညာတော့ နာမည်စာရင်းလုပ်ပေးတာနဲ့ ပိုက်ဆံစစုနေကြပြီ။ ခပ်များများကတော့ အဆင်မပြေကြဘူးပေါ့။

လူသစ်တွေအတွက် အဆင်မပြေတာပေါ့နော်။ လူဟောင်းတွေအတွက်ကျတော့ ထိုင်းကို ၄ နှစ် ၅ နှစ် လာနေပြီးကြတဲ့ ခပ်များများက သူတို့အလုပ်တွေ တည်မြဲနေပြီ၊ ဒီလိုအုပ်စုတွေအတွက်က သိပ်ပြီးတော့ ပြဿနာမရှိကြဘူး။ ဒီ ၂ နှစ် ၃ နှစ်အတွင်းလာကြတဲ့ လူတွေပေါ့၊ တချို့ဆိုလည်း၁ နှစ်တောင် မပြည့်သေးဘူး၊ အသစ်တွေလည်း ရှိသေးတယ်ဗျ။ အဲ့လူတွေကျတော့ အဆင်မပြေကြဘူး၊ တချို့တွေလည်းအလုပ်မရှိသေးဘူး။

မေး။ ။ စစ်အာဏာသိမ်းပြီး လူသစ်တွေက ဘယ်လောက်အထိ များလာလဲ။ နောက်ပြီးတော့ သူတို့ဘဝနေထိုင်မှုကကော ဘယ်လိုမျိုးလဲ။

ဖြေ။ ။ ဒီလူသစ်တွေက သူတို့လာတာကျတော့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီမှာ တိတ်တိတ်လေး နေကြတာမျိုး ရှိတယ်။ သူတို့နေတဲ့ ဧရိယာတဝိုက်မှာလဲ အပြင်မထွက်ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဧရိယာတဝိုက်မှာနေတဲ့ ထိုင်းလူမျိုးတွေ သိတယ်ဆိုရင်လဲ လူသစ်တွေလာတယ်၊ သူတို့ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) မရှိဘူးလို့ တိုင်မှာလဲ စိုးရိမ်ရတယ်။ သူတို့လည်း သိပ်ပြီးတော့ အပြင်မထွက်ရဲကြဘူး အဲ့လိုမျိုးလေးတွေ ရှိတယ်။

မေး။ ။ အခုလက်ရှိကျတော့ ဘတ်လုပ်ဖို့က အခြေအနေ ဘယ်လိုရှိနေလဲ။ ဒီဟာလုပ်ရင် ပုံမှန်အားဖြင့် ဘယ်လောက်ပဲကုန်မလဲ။ များသောအားဖြင့် ပွဲစားတွေနဲ့ လုပ်ရတာတွေလဲ ရှိတော့လေ။

ဖြေ။ ။ ပုံမှန်ဆိုရင် ဒီဘတ်အသစ်လုပ်တာက စစချင်း နာမည်စာရင်း သွင်းတာပေါ့နော်။ ဒီအဆင့်မှ တစ်ပြားမှ မကုန်ရဘူးပေါ့နော်။ ဒါပေမယ့် အများစုက ပွဲစားနဲ့ ဆက်သွယ်ကြတော့ ပွဲစားက နာမည်စာရင်းသွင်းတာနဲ့ပဲ အနည်းဆုံး တစ်ထောင်ကနေ ငါးထောင်အထိ တောင်းတာမျိုးလဲ ရှိတယ်။ အမှန်ဆိုရင်လေ တစ်ပြားမှ မကုန်ဘူး။ အွန်လိုင်းကနေ သူဌေးက တင်ပေးလဲရတယ်။ ဒါမှမဟုတ်ရင်လဲ ကိုယ့်ရဲ့သူဌေးက အလုပ်သမားကို ကိုယ်တိုင်အလုပ်သမားရုံးကို ခေါ်သွားပြီးမှ နာမည်စာရင်း သွင်းရင်လဲ ရတယ်။ ဒါက နာမည်စာရင်း သွင်းရုံပဲ။ နောက်ပိုင်းကျရင် ဘတ်(တရားဝင် နေထိုင်ခွင့်လက်မှတ်) ရိုက်ဖို့ ကျန်းမာရေး စစ်တာလဲ ပေးရဦးမယ်၊ နောက်ပြီးကျရင် ပန်းရောင်ကဒ်၊ ပက်စပို့စ်၊ ဗီဇာ အဲ့ဒါတွေ လာဦးမယ်။ နောက်ထပ်ကုန်ဦးမယ်ဗျ။

မေး။ ။ ဒီလိုမျိုး ဘတ်မရှိတဲ့သူတွေအတွက် ခြံမှာအလုပ်လုပ်နေတဲ့ လူတွေက တစ်နေ့ကို လုပ်အားခ ဘယ်လောက်ပဲ ရမလဲ။

ဖြေ။ ။ ချင်းဒေါင်ဝ် (Chiang Dao) ဘက်မှာဆို အရမ်းနည်းတယ်။ တချို့နေရာတွေရှိတယ်၊ ၆၀ဘတ် (မြန်မာငွေကာလပေါက်စျေး ၆ ထောင်ကျပ်) ပဲရတာ။ တချို့အလုပ်သမားတွေ ပြောကြတာ ချင်းဒေါင်ဝ်ဘက်မှာဆိုရင် အခုလူတွေ အများကြီး လာနေကြတယ်။ ဥပမာ – ငရုတ်သီးခြံတွေ ဆိုရင်ပေါ့နော်၊ ငရုတ်သီးခူးမယ်ဟေ့လို့ ခြံရှင်က ကြော်ငြာထားတယ်ဆိုရင် ကြားတဲ့အလုပ်သမားတွေက လူများရင် များသလောက်ပေါ့၊ အဖွဲ့လိုက်သွားရင် တချို့က လေးဆယ် ငါးဆယ် တစ်ရာ အဲ့လိုမျိုးလောက်ပဲ ရကြတယ်။ အုပ်စုလိုက်သွားကြပြီဆိုရင် တစ်ခြံကိုမှ ဘတ် ၄ ထောင် ကနေ ဘတ် ၅ ထောင် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၄သိန်း မှ ၅သိန်း) အဲ့လောက်ပဲရတာကို ပြန်ပြီးတော့ ဝေမျှလိုက်ရင် လူကများတော့ ဘာမှမရတော့ဘူး။

မေး။ ။ ပက်စပို့စ်လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ဖြစ်ဖြစ်၊ ဓာတုဆေးတွေကြောင့် ဒဏ်ရာရမျိုးတွေဆိုရင် HRDF အနေနဲ့ ဘာတွေများ ကူညီပေးလဲ၊ ဘယ်လိုဆောင်ရွက်ပေးလဲ။

ဖြေ။ ။ ကျနော်တို့ ကူညီပေးတာကတော့ ဥပဒေပိုင်းဆိုင်ရာ ကူညီပေးတယ်။ အလုပ်လုပ်ပြီး ပိုက်ဆံမရတာတို့၊ နောက်ပြီး လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရတာတို့ဆိုရင် ကျနော်တို့က ဥပဒေပိုင်းအရ ကူညီပေးတာဗျ။ ဥပမာ – အလုပ်လုပ်ပြီး ပိုက်ဆံမရတာမျိုးတို့ဆိုရင် ကျနော်တို့ ကွင်းဆင်းပြီး အသိပညာပေး တွေ သိရမယ့်အချက်တွေကို ပြောပြပါတယ်။ ကိုယ်က ဒီမှာအလုပ်လုပ်ပြီဆိုရင် အလုပ်ရှင်ရဲ့ နာမည်အစစ်အမှန် သိရမယ်။ သူ့နာမည် ဘာလဲ၊ ဘာအလုပ်လုပ်တာလဲ၊ ဘယ်မှာနေတာလဲ၊ ဘယ်နှရက်နေ့ကနေ စပြီး အလုပ်လာလုပ်တာလဲ အားလုံး မှတ်တမ်းကို မှတ်ထားရမှာ အရေးအကြီးဆုံးအချက်ပေါ့။ နောက်ပြီးတော့ အကယ်၍ အလုပ်ရှင်ရဲ့ နာမည်မသိဘူးဆိုရင်လည်း ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) လုပ်တဲ့အချိန်ကျရင် အလုပ်ရှင်ရဲ့ စာရွက်စာတမ်းတွေ ရှိတယ်။ အဲ့ဒီမှာ အလုပ်ရှင်ရဲ့ စာရွက်စာတမ်းကို ဓာတ်ပုံရိုက်ပြီး သိမ်းထားပေါ့။ အဲ့လိုမျိုး အသိပညာပေးတာတွေတော့ ရှိတယ်။

မေး။ ။ ဒီလိုအပိုင်းမှာ သူတို့အခက်အခဲရှိလာခဲ့ရင် ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) လုပ်တဲ့နေရာမှာ အခက်အခဲ ရှိတာပဲဖြစ်ဖြစ်၊ သူတို့အတွက် တရားမျှတမှု မရတော့တာပဲဖြစ်ဖြစ် သူဌေးက ခေါင်းပုံဖြတ်တာမျိုးတွေလဲ ရှိတယ်လေနော်။ ဒါမျိုးဆိုရင် HRDF အနေနဲ့ ဘယ်အပိုင်းကို ဦးစားပေးပြီး ကူညီနေလဲ။

ဖြေ။ ။ အဲ့လိုဖြစ်ပြီဆိုရင် အလုပ်သမားအပေါ် မူတည်တယ်။ တချို့အလုပ်သမားတွေက ကြောက်တယ် မတိုင်ရဲဘူးဆိုရင် ဘာမှ လုပ်လို့မရဘူး။ အဓိကက သူတို့အပေါ် မူတည်တယ်။ သူတို့က တိုင်ချင်တယ်၊ သူဌေးက ခေါင်းပုံဖြတ်တယ် ဆိုတာမျိုးပေါ့။ တိုင်ကြားချင်တယ်ဆိုရင် ကျတော်တို့က ဥပဒေပိုင်းဆိုင်ရာ အားလုံးကူညီပေးတယ်။ အဲဒီလို ကူညီပေးတယ်ဆိုရင်လဲ တစ်ပြားတစ်ချပ်မှ မယူဘူးဗျ၊ အလကား ကူညီပေးတာ။

မေး။ ။ လူသစ်ပေါ့၊ ပက်စပို့စ် (နိုင်ငံကူးလက်မှတ် ) တို့ Work permit (တရားဝင် အလုပ်လုပ်ခွင့်ကတ်) တို့ ဘာမှမရှိသေးတဲ့လူကျတော့ကော ထိုင်းနိုင်ငံမှာ ဘာမှမရှိဘဲနဲ့ အလုပ်လုပ်တယ်၊ ခေါင်းပုံဖြတ်ခံရတယ်ဆိုရင်ကော သူတို့အတွက် ဥပဒေပိုင်းအရ ကူညီနိုင်လား။ ဘယ်လိုအခြေအနေမျိုးတွေ ရှိလဲ။

ဖြေ။ ။ ဘာမှမရှိသေးတဲ့ လူသစ်တွေကျတော့ အကယ်၍ အလုပ်သမားကိစ္စနဲ့ ပတ်သက်တာဆိုရင် ဥပဒေပိုင်းဆိုင်ရာအရ သူတို့က ရပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်း သက်ဆိုင်ရာဌာနက လူကြီးတွေအပေါ် မူတည်တယ်။ ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) မရှိတဲ့အတွက် သူတို့ကို ပြန်ပို့နိုင်တာပေါ့။ ကျနော်တို့ ဒီလိုမျိုး အမှုကိစ္စတွေ တွေ့ဖူးတယ်ဗျ။ အဲ့လိုကြုံရတော့ ဒီရွှေ့ပြောင်းအလုပ်သမားရဲ့ လုပ်ငန်းစဉ်တွေကို ပြောပြရတာ။ နောက်ပိုင်း သူတို့ကို ရွေးချယ်ခိုင်းတာပေါ့ တိုင်မလား မတိုင်ဘူးလားဆိုတာ၊ ခပ်များများက ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်)မရှိရင် သူတို့လည်း မတိုင်ကြတော့ဘူး။

နောက်ပြီးတော့ တစ်မျိုးထပ်ရှိတာက အလုပ်လုပ်ပြီးတော့ ပိုက်ဆံမရတာဆိုရင် ဥပဒေအရမှာ သူ့ရဲ့အမှုသက်တမ်းက ၂ နှစ်ရှိမယ်။ ဒီတစ်နှစ်က လူသစ်တွေ ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) မရှိသေးဘူး၊ အလုပ်လုပ်ပြီး ပိုက်ဆံမရတာပေါ့။ ဒါပေမယ့် နောက်ထပ် လေးငါးလမှာကျ‌တော့ သူဘတ်ရှိပြီဆိုရင် သူတိုင်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးအမှုရဲ့ သက်တမ်းက ၂ နှစ်ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ တိုင်ကြားလို့ရတယ်။

မေး။ ။ ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားချင်သေးလဲ။

ဖြေ။ ။ ကျနော်တွေ့ဖူးတဲ့ ရွှေ့ပြောင်းအလုပ်သမား တော်တော်များများဆိုရင် ဘတ် (တရားဝင် နေထိုင်ခွင့်လက်မှတ်) လုပ်တာကို ကိုယ့်အားကိုယ်ကိုးပြီး သိပ်မလုပ်ချင်ကြဘူး။ ခပ်များများက အချိန်မကုန်ချင်ကြဘူး၊ အလုပ်မပျက်ချင်ကြဘူးပေါ့ အဲ့လိုမျိုး။ အဲ့ဒါကြောင့် အများစုက ပွဲစားငှားပြီး လုပ်ကြတယ်။ တချို့ပွဲစားလည်း ကောင်းပါတယ်၊ တချို့ပွဲစားလည်း ငွေယူပြီး ထွက်ပြေးသွားတာမျိုးလည်း ရှိတာပေါ့။ တချို့တွေလည်း လုပ်ပေးတယ် အများကြီးကုန်တာပေါ့။ ကျနော်ပြောချင်တာက ရွှေ့ပြောင်းအလုပ်သမားများ ဘာပဲဖြစ်ဖြစ် ဘာပဲလုပ်လုပ် ကိုယ်ကိုယ်တိုင် အချက်အလက်တွေကို စုံစမ်းမေးမြန်းပြီးတော့မှ လုပ်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article