သျှမ်းမြောက်ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်မလား

သာယာကြည်လင်သည့် ကောင်းကင်ယံထက်တွင် ဂျက်တိုက်လေယာဥ်သံ၊ လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေသည်။ လမ်းမ တစ်လျောက်  တံတားကြီးများ ကျိုးကျပျက်စီးနေသည်။ မြို့ရွာများ ပျက်စီးနေသည်မှာ မြင်မကောင်း။ ကုန်းကြောင်းလျှောက်နေသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင် လူအုပ်ကြီးသည် ခေတ္တနားခိုရာ ဒေသများဆီကနေ ဘယ်ဆီဘယ်၀ယ် ရှေ့ဆက်မည်မသိ လမ်းပျောက်နေလေပြီ။ 

Photo – The Kokang

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF များ၏ ပြောက်ကျား တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီ အနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ‌‌ခြောက်ခြားဖွယ်ရာ ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။

PDF များ၏ ပြောက်ကျားစစ်ကြောင့် စစ်ကောင်စီတပ် အထိနာနေသည်မှာ ငြင်းမရသည့် အချက်ဖြစ်သော်လည်း PDF အနေဖြင့် စစ်ကောင်စီတပ်ကို မဟာဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက်နိုင်လောက်သည့် လေ့ကျင့်မှုနှင့် လက်နက်ခဲယမ်း မရှိသည်မှာ ထင်ရှားသည်။ သို့သော် စစ်ကောင်စီတပ်အား နိုင်ငံအနှံ့အပြား စစ်အင်အား ဖြန့်ခွဲထားရသည့် အခြေအနေသို့ တွန်းပို့နိုင်ခဲ့သည်။

Photo – The Kokang

၁၀၂၇ စစ်ဆင်ရေး မတိုင်မီကာလ

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ မတိုင်မီ ကာလ ကတည်းက သျှမ်းမြောက် ဒေသတစ်ချို့တွင် တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် နောင်ချိုဒေသ တစ်ဝိုက် စစ်ကောင်စီတပ် နှင့် TNLA၊ MDY PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့သည့် နည်းတူ ကိုးကန့် ဒေသတွင်လည်း စစ်ကောင်စီတပ် နှင့် MNDAA တပ်တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ယင်းတိုက်ပွဲများသည် ‌မြောက်ပိုင်းညီနောင်တပ်ဖွဲ့က အသစ်စုဖွဲ့ လေ့ကျင့်ထားသည့် တပ်များ တိုက်ပွဲ အတွေ့အကြုံ ရရှိရေးနှင့်တကွ တပ်များစုဖွဲ့ ပြင်ဆင် နေရာချထားနိုင်ရေး အတွက် ဖော်ဆောင်သည့် တိုက်ပွဲများဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး အတွက် လအတန်ကြာ ပြင်ဆင်မှုဟု ဆိုနိုင်သည်။

ညီနောင်တပ်များ၏ စစ်ရေး ရည်မှန်းချက်

သာမာန်အားဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်‌ရေး ရည်မှန်းချက်သည် သိသာထင်ရှားလွန်းသည်ဟု ဆိုရမည် ဖြစ်သည်။ MNDAA အနေဖြင့် ကိုးကန့်ဒေသနှင့်တကွ မြို့တော် လောက်ကိုင် ပြန်ရရေး ဖြစ်သကဲ့သို့ TNLA အနေဖြင့်မူ နမ့်ခမ်းဒေသကို ခိုင်ခိုင်မာမာ ရရှိရေးသာ ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က MNDAA အနေဖြင့် လောက်ကိုင်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ရာ အငိုက်ရခဲ့သော်လည်း ရည်မှန်းချက်သည် ထင်ရှားလွန်းပြီး တိုက်ရိုက် ချဥ်းကပ် တိုက်ခိုက်မှုဖြစ်ရာ စစ်ကောင်စီတပ် အနေဖြင့် အကျအဆုံး များခဲ့သော်လည်း မျှော်လင့်ထားသည့် ထိုးစစ်ကို ရင်ဆိုင်ရသည်ဖြစ်၍ လျင်လျင်မြန်မြန် တုံ့ပြန်နိုင်ခဲ့သည့် နည်းတူ ကိုးကန့်ဒေသကိုပါ အခိုင်အမာ ပြန်လည် ထိမ်းချုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။

ထိုနည်းတူ TNLA အနေဖြင့် ယခုနှစ်ဦးပိုင်းက နမ့်ခမ်းမြို့ကို ဦးတည် တိုက်ခိုက်ရာ ရည်မှန်းချက် ထင်ရှားပြီး တိုက်ရိုက်ချဥ်းကပ်မှု ဖြစ်သဖြင့် စစ်ကောင်စီတပ်က တုံ့ပြန်နိုင်ခဲ့သည်သာ ဖြစ်သည်။   

Photo – The Kokang

AA အနေဖြင့်လည်း ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်ပွဲအတွင်း နည်းဗျူဟာအရ အောင်ပွဲများ ရရှိခဲ့သော်လည်း မဟာဗျူဟာအရ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အောင်ပွဲများ မရရှိပါဘဲ စစ်ရပ်ခဲ့ရပြီးဖြစ်သည်။ လက်ရှိ ညီနောင်မဟာမိတ်တပ်များတွင် AA ပါ၀င်တိုက်ခိုက်နေသည့် ရည်မှန်းချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို သျှမ်းမြောက်သို့ ဆွဲဆောင် ချေမှုန်းပြီး ရခိုင်ပြည်နယ်တွင် ထိုးစစ်ဆင်ကာ ခိုင်မာသည့် ခြေကုပ်နယ်မြေ ရရှိရေး ရည်မှန်းသည့် အနေအထား ဖြစ်သည်ဟု ဆိုနိုင်သည်။

စစ်ကောင်စီတပ်၏ မဟာဗျူဟာ

စစ်ကောင်စီတပ်၏ မဟာဗျူဟာသည် ယခင်နှစ်ပေါင်းများစွာက ကျင့်သုံးလာသည့် မဟာဗျူဟာဟုသာ ဆိုရမည် ဖြစ်သည်။ သျှမ်းမြောက်၏ စစ်‌ရေး အချက်အခြာ မြို့တော် လားရှိုးတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် – ရမခ အခြေစိုက် အထိုင်ချထားပြီး တိုင်းရင်းသား လက်နက်ကိုင်များ မျက်စပစ်နေသည့် လောက်ကိုင်၊ နမ့်ခမ်းနှင့် စစ်ရေးအရ အရေးပါသည့် ကွမ်းလုံ၊ ကုန်းကြမ်း၊ သိန္နီဒေသများတွင် ဗျူဟာ စစ်စခန်းများနှင့် ခြေမြန်တပ်ရင်းများ အထိုင်ချထားသည်။

Photo – The Kokang

မန္တလေး – မူဆယ်၊ သိန္နီ – လောက်ကိုင် လမ်းမကဲ့သို့ အရေးပါသော လမ်းမများ ထိန်းသိမ်းနိုင်ရေး ရာနှင့်ချီသည့် တပ်စခန်းငယ်များကို စစ်နံ့အဖြစ် ချထားကာ ‌မြေပြင် လှုပ်ရှားစစ်ကြောင်းများက တပ်စခန်းငယ်များ၊ ဗျူဟာစခန်းနှင့် တကွ ခြေမြန်တပ်ရင်းများနှင့် ပေါင်းစပ် စစ်ကစားသည့် မဟာဗျူဟာကို ကျင့်သုံးခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ တပ်စခန်းကြီး နှင့် စခန်းငယ်များက ဒေသတွင်း ဝိုင်းပတ် ချိတ်ဆက်ထားပြီး မြေပြင် လှုပ်ရှား စစ်ကြောင်းများ ထိတွေ့ တိုက်ပွဲဖြစ်ပါက နီးစပ်ရာ စခန်းငယ်၊ စခန်းကြီးများက လက်နက်ကြီး လူသူစစ်အင်အား အလျင်အမြန် ကူညီဖြည့်တင်း၍ ချေမှုန်းသည့် နည်းဗျူဟာသာ ဖြစ်သည်။

‘၁၀၂၇ စစ်ဆင်ရေး’

အောက်တိုဘာလ ၂၆ ရက် ညသန်းခေါင်၊ ၂၇ ရက် မနက်အစောပိုင်းတွင် စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် မိတ်ဖက် တပ်ဖွဲ့များ၏ စစ်ဆင်ရေးသည် ထူးခြားချက်များစွာရှိနေပြီး ယခင် စစ်ပွဲများကို သင်ခန်းစာယူ ပြင်ဆင်ခဲ့သည်ဟု ယူဆဖွယ်ရာရှိသည်။

စစ်ပွဲ စတင်သည့် ညီနောင် မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုသည် မဟာဗျူဟာ ရည်မှန်းချက် ဖြစ်သော လောက်ကိုင်မြို့နှင့် နမ့်ခမ်းမြို့တို့ကို စတင် တိုက်ခိုက်ခြင်း မပြုပါဘဲ ယင်းဒေသများနှင့် မိုင်ရာချီ ကွာ‌‌‌ဝေးသည့် လားရှိုးမြို့ကိုပင် ကျော်လွန်ကာ နောင်ချိုဒေသမှသည် ကွက်ခိုင်၊ သီပေါ၊ သိန္နီမှ တရုတ် – မြန်မာနယ်စပ် ချင်းရွှေဟော် ဒေသအထိ စစ်ကောင်စီတပ် စခန်းငယ်များကို အလစ်အငိုက်ရယူ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ကို တွေ့ရသည်။

Photo – The Kokang

စစ်ဆင်ရေး စတင်ပြီးနောက် စခန်းငယ် အများအပြား တိုက်ခိုက် သိမ်းပိုက်ခံရပြီး ကွင်းဆက် ဖြတ်တောက် ခံရသည့် အပြင် မန္တလေး – မူဆယ်၊ သိန္နီ – လောက်ကိုင် လမ်းမကဲ့သို့ အရေးပါသည့် လမ်းမများကို ညီနောင်တပ်များ ထိန်းချုပ် ဖြတ်တောက်ထားနိုင်သည် ဖြစ်ရာ စစ်ကောင်စီတပ် အနေဖြင့် မြေပြင် လှုပ်ရှား စစ်ကြောင်းများဖြင့် စစ်ကစားပြီး တန်ပြန်ထိုးစစ် ဆင်နွှဲရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်။

ယင်းအဖြစ်အပျက်များသည် ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ် အနေဖြင့် စခန်းငယ်များကို စွန့်ခွာပြီး အထိုင်တပ်စခန်းကြီးများတွင် ပူးပေါင်း ခံစစ်ဆင်ရန်သာ ဆုံးဖြတ်ခဲ့ပုံရသည်။ သို့သော် စခန်းငယ်များ အလျင်အမြန် ဆုံးရှုံးပြီး အထီးကျန်နေသည့် ဗျူဟာတပ်စခန်းများသည် ဒရုန်းဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်မှုအောက်တွင် အလျင်အမြန် ကျဆုံးခဲ့သည်သာ ဖြစ်သည်။

Photo – The Kokang

ဥပမာအားဖြင့် နာမည်ကျော် ကွမ်းလုံဗျူဟာတပ်စခန်းနှင့် တကွ ကွမ်းလုံဒေသကို ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၁၅ ရက်အကြာဖြစ်သည့် နို၀င်ဘာလ ၁၂ ရက်နေ့တွင် MNDAA က သိမ်းပိုက်နိုင်ခဲ့သည်။

စစ်မြေပြင် အနေအထား

စစ်ပွဲ ရက်ရှည်လာသည်နှင့် အမျှ ညီနောင်မဟာမိတ်တပ်များ၏ ရည်မှန်းချက်သည် ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ လက်ရှိ TNLA အနေဖြင့် နမ့်ခမ်းဒေသတွင်း နောက်ဆုံး ကျန်ရှိသည့် စခန်းသစ် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေး ကြိုးစားနေသကဲ့သို့ မူဆယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်နေရာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ၁၀၅ မိုင် စစ်ကောင်စီ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ရာ မူဆယ်မြို့သည် မှည့်နေသည့် သစ်သီးသဖွယ် ညီနောင်မဟာမိတ်တပ်များ၏ လက်အတွင်း ကြွေကျမည်သာ ဖြစ်သည်။

MNDAA အနေဖြင့်မူ သိမ်းပိုက်ထားသော ကိုးကန့်ဒေသအတွင်း နယ်မြေရှင်းလင်းနေသလို လောက်ကိုင်မြို့ အနီး အဓိကကျသည့် စစ်တပ်စခန်းများကို သိမ်းပိုက်ကာ မြို့ကို ဝိုင်းပတ်ထားသည့် အနေအထားဖြစ်သည်။

Photo – The Kokang

စစ်ကောင်စီတပ် အနေဖြင့် လောက်ကိုင် ကာကွယ်ရေး အတွက် လေကြောင်းမှ စစ်ကူများ ပေးပို့နေသော်လည်း ရေရှည်တွင် လောက်ကိုင်မြို့ကို ထိန်းထားရန် မလွယ်ကူသည့် အခြေအနေ ဖြစ်သည်။

မူဆယ်မြို့နှင့် လောက်ကိုင်မြို့ကို ရရှိပါက ညီနောင်တပ်များ အနေဖြင့် ၄င်းတို့၏ မဟာမိတ် ၀ ဒေသနှင့် တဆက်တစပ်ထဲ ဖြစ်သွားမည်ဖြစ်ပြီး မူဆယ် – လောက်ကိုင်မှသည် ပန်ဆိုင်း – မိုင်းလား အထိ ၁၇၃၀ မိုင် ရှည်လျှားသည့် တရုတ် – မြန်မာ နယ်စပ် တစ်လျှောက် မိုင် ၅၀၀ ကျော် လွတ်မြောက်နယ်မြေ အဖြစ် ရပ်တည်နိုင်မည် ဖြစ်သည်။

သို့သော် ယင်းဒေသများ၏ ရေရှည် လုံခြုံရေး အတွက် အနည်းဆုံး လားရှိုးဒေသအထိ ရှေ့တိုးပြီး ရေရှည် ခံစစ်ဆင်ရန် လိုအပ်သကဲ့သို့ အများဆုံးအားဖြင့် သျှမ်းမြောက် တစ်ခုလုံးကို သိမ်းယူလိုက်ရန်သာ ဖြစ်သည်။

Photo – The Kokang

ကူမင်းဆွေးနွေးပွဲ

ရက် ၅၀ နီးပါးကြာ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီ အရေးနိမ့်နေစဥ်မှာပင် ဒီဇင်ဘာ ၁၂ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ မြောက်ပိုင်းညီနောင်တပ်ဖွဲ့များနှင့် စစ်ကောင်စီ စစ်ပွဲရပ်ရေး ဆွေး‌နွေးခဲ့သည် ဆိုသော်လည်း ယင်းတွေ့ဆုံမှုအပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။

ညီနောင်မဟာမိတ် တပ်များ အနေဖြင့် မနားနေ ထိုးစစ်ဆင်နေရသည်ဖြစ်ရာ စစ်ပန်းနေသည့် အခြေအနေဖြစ်ပြီး စစ်ကောင်စီ အနေဖြင့်လည်း ကို့ယိုကားရား ဖြစ်ပြီး ပုံပျက်နေသည့် တပ်များ ပြန်လည်စုစည်း နေရာချရန် အချိန် လိုအပ်သည်ဖြစ်ရာ ကူမင်း ဆွေးနွေးပွဲသည် ဖြစ်သင့်ဖြစ်ထိုက်သည်သာ ဖြစ်သည်။

သို့သော် ရပ်တန့်ရန် ခက်ခဲသည့် စစ်ပွဲကို အစပြုပြီးဖြစ်ရာ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ၏ ဆွေးနွေးမှုသည် ရေရှည် အာမခံချက် မရှိပါဘဲ လာမည့် စစ်ပွဲအတွက် မဟာဗျူဟာအရ အချိန်ရရန်သာဖြစ်ပြီး စစ်ပွဲသည် ခိုင်မာသည့် ရလဒ် ပေါ်ပေါက်လာသည် အထိ ဆက်လက် ဖြစ်ပွားနေမည်သာ ဖြစ်သည်။ 

Photo – The Kokang

သျှမ်းမြောက်ကို ညီနောင် မဟာမိတ်တပ်တွေ သိမ်းယူနိုင်မလား

ဧရိယာ စတုရန်းမိုင် ၆၀,၁၅၅ ကျယ်၀န်းသော သျှမ်းပြည်နယ် အတွင်း လက်ရှိ သျှမ်း‌မြောက်ဒေသ တစ်လျှောက် စတုန်းပိုင် ၂၀,၀၀၀ ၀န်းကျင်ရှိသည့် ဧရိယာ အတွင်း စစ်မက်ဖြစ်ပွားနေသည်ဟု ယူဆပါက ညီနောင် မဟာမိတ် တပ်များအတွက် တပ်အင်အား အချိုးအစားနှင့် ထိန်းသိမ်းရမည့် နယ်မြေ အကျယ်အ၀န်း မျှတမှု ရှိမရှိမှာ စဥ်းစားဖွယ်ရာ ဖြစ်သည်။

သို့ဖြစ်ရာ ရေရှည် အမြင်ဖြင့်ကြည့်ပါက ညီနောင်မဟာမိတ် တပ်များအနေဖြင့် သျှမ်းမြောက် တစ်ခုလုံးကို သိမ်းယူပြီး ပြန့်ကျဲနေသည့် တပ်များကို စုစည်းကာ နယ်ခြားဒေသကို လုံခြုံစေခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်သည်ကို တွေ့ရသည်။

Photo – The Kokang

လက်ရှိ ညီနောင်မဟာမိတ်တပ်များ နေရာချ တိုက်ခိုက်နေသည်ကို ကြည့်ပါကလည်း ၄င်းတို့၏ အမြင့်ဆုံး စစ်ရေးရည်မှန်းချက်သည် သျှမ်းမြောက်တစ်ခွင် သိမ်းပိုက်ရေး ဆိုသည့်အချက်ကို ပို၍ မြင်သာမည် ဖြစ်သည်။

လက်ရှိ လားရှိုး အရှေ့ဘက် မုန်းကျက်၊ မုန်းယော်ဒေသကို ညီနောင်မဟာမိတ်တပ်က ထိန်းချုပ်ထားပြီး TNLA အနေဖြင့် လာရှိုးမြို့၏ နောက်ကျောဟု ဆိုရမည့် နမ္မတူဒေသကို ထိန်းချုပ်ပြီး နမ့်ဆန်ဒေသကို ရရှိရေး တိုက်ခိုက်နေသည်ကို တွေ့ရသည်။

ထို့အတူ လားရှိုး – သီပေါ – ကျောက်မဲ လမ်းမကြီးကို ညီနောင်မဟာမိတ်တပ်များ ဖြတ်တောက်ထားပြီး ‌ဂုတ်တွင်းနှင့်  နောင်ချို တဝိုက်အထိ စိုးမိုးထားပြီး ဖြစ်သည်။

Photo – The Kokang

ထို့အတူ စစ်ရေးအရ အရေးပါသည့် သိန္နီ ဒေသကို ထိန်းချုပ် ဖြတ်တောက်ထားပြီး ကွမ်းလုံဒေသကို သိမ်းယူထားသည်ဖြစ်ရာ တာမိုးညဲဒေသကဲ့သို့ အတွင်းပိုင်းရှိ စစ်ကောင်စီတပ်များကို အထီးကျန် စေပြီး အချိန်မရွေး တိုက်ခိုက် သိမ်းပိုက်ထားနိုင်သည့် အနေအထား ဖြစ်သည်။

ထို့အတူ ယခုလအတွင်း သျှမ်းတော်လှန်ရေး တပ်ဖွဲ့ ၂ခုဖြစ်သည့် RCSS နှင့် SSPP တို့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်ဖြစ်ရာ ၄င်းတို့ ထိန်းချုပ်ထားသည့် သျှမ်းတောင် ရပ်စောက် – ကျောက်ဂူ လမ်းပိုင်းကို အသုံးပြုပြီး လားရှိုးသို့ ထောက်ပံ့နိုင်ရန် ခက်ခဲသွားပြီ ဖြစ်သည်။ SSPP အနေဖြင့် စစ်ပွဲအတွင်း ပါ၀င်မှု မရှိသေးသော်လည်း မဟာဗျူဟာအရ စစ်ကောင်စီတပ်၏ ထောက်ပို့ လမ်းကြောင်းကို ဖြတ်တောက်မှု အဖြစ် ရှူမြင်နိုင်သည်။

Photo – The Kokang

ယခုအနေအထားကို ခြုံကြည့်ပါက စစ်ကောင်စီတပ် အနေဖြင့် မေမြို့(သို့) ပြင်ဦးလွင်၏ အထက်ပိုင်း သျှမ်းမြောက် တစ်ခုလုံး နှင့် ပြည်မ ဖြတ်တောက်ခံထားရသည့် အနေအထားဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ယင်းအခြေအနေတွင် စစ်ကောင်စီတပ် အနေဖြင့် လေကြောင်းက ထောက်ပို့ရန်သာဖြစ်ပြီး ရေရှည်တွင်မူ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် အထီးကျန်ပြီး စိတ်ဓာတ် ချွတ်ခြုံကျနေသည့် တပ်စခန်းများကို တစ်ခုပြီး တစ်ခု တိုက်ခိုက် သိမ်းပိုက်ပြီး သျှမ်းမြောက်ကို သိမ်းပိုက်နိုင်သည် အခြေအနေသာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် ယူဆချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တအာင်း (ပလောင်) ဒေသတွင် MNDAA ကို ဆန့်ကျင်ဆန္ဒပြနေသည်ဆိုသည့် AI ဖြင့်ဖန်တီးထားသော သတင်းအမှား

0
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား တအာင်း (ပလောင်) နယ်မြေအတွင်းမှ ထွက်ခွာပေးရန်နှင့် အလိုမရှိကြောင်း ဆန္ဒပြနေကြသည်ဟုဆိုကာ လူစုလူဝေးဓာတ်ပုံများနှင့် သတင်းများ ပျံ့နှံ့နေသည်။ အဆိုပါဓာတ်ပုံကို We Are Ta’ang အမည်ရှိ အကောင့်တစ်ခုမှ မတ်လ ၂၀...

လောက်ကိုင်ဆွေးနွေးပွဲ ရလဒ်မထွက်သေး၊ နမ့်ခမ်းတွင် ပုံမှန်လည်ပတ်နေဟု TNLA ပြော

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ (၂) ရက်ကြာ တွေ့ဆုံဆွေးနွေးနေသော်လည်း ရလဒ်တစုံတရာ မထွက်သေးကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၇) ရက်မှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဗဟို ခေါင်းဆောင်များ...