Monday, April 29, 2024

သိန္နီ တိုက်ပွဲကြားမှာ အခုထိ ဘယ်လိုမှ လုံခြုံမှု မရှိသေးဘူး

Must read

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်မှစ၍ သိန္နီမြို့နယ်တွင် ချင်းရွှေဟော်၊ လားရှိုးမြို့တို့နှင့် အလားတူ သေနတ်သံ တစ်ပြိုင်နက် ထွက်ခဲ့သည့်အပြင် ယခုအခါ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသည်ဟု ကြေညာခံထားရပြီး စစ်ကောင်စီမှ လက်လွှတ်လိုက်ရသည့် မြို့တစ်မြို့ ဖြစ်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်တိုက်ပွဲကြောင့် သိန္နီမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁ သောင်းနီးပါးအထိ ရှိလာပြီး ဒေသခံပြည်သူ ထောင်နှင့်ချီ တိုက်ပွဲအတွင်း ပိတ်မိနေကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ နှင့် ဆေးဝါးအကူအညီများ အလျင်အမြန် အရေးပေါ်လိုအပ်နေသည်။

သိန္နီ စစ်ရှောင်

သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နီးသော စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ တိုက်ခိုက်နေပြီး ၎င်းစစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့် ပိတ်မိလျက်ရှိကာ သတင်းဖုံးဖိ တင်းကျပ်နိုင်ရန် အောက်တိုဘာလ ၂၇ ရက်မှ စ၍ လျှပ်စစ်မီး၊ ဖုန်းနှင့် အင်တာနက် ကွန်ယက်များကို စစ်ကောင်စီဘက်မှ ဖြတ်တောက်ထားသည်။

ထို့ကြောင့် သိန္နီမြို့နယ်အတွင်းရှိ စစ်ဘေး‌ရှောင် အခြေအနေ နှင့် တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် သိန္နီမြို့ စစ်ရှောင်စခန်းတစ်ခုတွင် တိမ်းရှောင်ခိုလှုံနေရသည့် စစ်ဘေးရှောင် အမျိုးသမီး နန်းအွမ် ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ သိန္နီမြို့မှာ ဘယ်အချိန်ကစပြီး စစ်ဘေးရှောင်ခဲ့ရလဲ၊ ဘယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရလဲ။

ဖြေ။ ။ ကျမ နေတဲ့ ဟိုတာ့၊ ကောင်းဟော်၊ နောင်အွန်၊ ကျောင်းခမ်း၊ ကောင်းလောက်စောက် ရွာတွေဘက်မှာ အကုန်လုံး ရွာပျက်တွေ ဖြစ်ကုန်ပြီ။ ကျမလည်း ဘုန်းကြီးကျောင်းက စစ်ရှောင်စခန်းမှာ ရှောင်နေရတာ။ ဒီကို စဖြစ်တဲ့ရက် အောက်တိုဘာ ၂၇ ရက်ကတည်းက ရောက်တာ အခုဆိုရင် နှစ်ပတ်ကြာပြီ။ အခု ဖုန်းလိုင်းက ရတချက် မရတချက်ပဲ။

ကျမတို့က ပစ္စည်းဥစ္စာလည်း အများကြီး ဆုံးရှုံးရတယ်။ အိုးအိမ်တွေလဲ ဗုံးထိမှန်တယ်။ အိမ်လည်း ပျက်စီးသွားပြီ။ အခု ဘာတွေထပ်ပြီးတော့ ပျက်စီးဦးမလဲ မသိရသေးဘူး။ တိုက်ပွဲတွေကလဲ ရုတ်တရက်ဖြစ်ပြီး ကျမလဲ ထွက်ပြေးလာရတော့ ဘာပစ္စည်းမှ မယူလာခဲ့ရဘူး။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေ သေတဲ့သူတွေကလည်း ရှိလာတယ်။ စစ်ရှောင်စခန်းထဲတောင် ကျည်စတွေ လက်နက်ကြီးတွေ ကျတယ်။ နောက်ပြီး စစ်ကောင်စီတပ်ကတော့ လေယာဉ်နဲ့ ပစ်နေတာ နေ့တိုင်းနီးပါးပဲ။

သိန္နီ လက်နက်ကြီးကျ အိမ်ပျက်စီး

မေး။ ။ အမတို့ စစ်မရှောင်လာခင်က သိန္နီမြို့ ဘယ်နေရာမှာ နေထိုင်ပါသလဲ။

ဖြေ။ ။ ကျမတို့က သိန္နီမြို့အဝင်နားလေးက နမ္မတူတံတားအနီးမှာ နေပါတယ်။ စဖြစ်တဲ့ ရက်မှာဆိုရင် အဲ့နားမှာ ပစ်ကြတာ၊ တံတားကို လုကြတာ။ ကျည်ဆံတွေ ဗုံးဆံတွေလည်း အိမ်တွေကိုမှန်တာ၊ အဲ့ဒါတွေကြောင့် ကျမတို့ အရမ်းကြောက်ပြီး ထွက်ပြေးလာတာပဲ။ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ညီနောင်မဟာမိတ်တပ်တွေကို သိန္နီမြို့အဝင်က နမ္မတူတံတားကို ဖောက်ခွဲလိုက်တယ်လေ။

မေး။ ။ သိန္နီမြို့နယ်အတွင်း တိုက်ပွဲက ပြည်သူအတွက် ဆုံးရှုံးမှု ဘယ်လောက်ထိရှိပါသလဲ။

ဖြေ။ ။ အများကြီး ဆုံးရှုံး ပျက်စီးတာ။ ကျမတို့ ဟိုတာ့၊ ကောင်းဟော်၊ ကျောင်းခမ်း၊ ကောင်းလောက်စောက် ဒီရွာတွေက အကုန်လုံး ရွာပျက်တွေ ဖြစ်ကုန်ပြီ။ နေတဲ့လူတွေလည်း မရှိတော့ဘူး။ သူတို့တွေ အဲ့မှာ နေ့တိုင်းတိုက်နေကြလို့ ကြွက်တစ်ကောင်တောင် နေနိုင်မှာ မဟုတ်ဘူး။ ညီနောင်မဟာမိတ်တွေက ကောင်းဟော်၊ ကျောင်းခမ်းတွေဘက်အထိ ရောက်နေပြီ။

သိန္နီမှာက ဆုံးရှုံးမှု အရမ်းများတယ်။ လူနေအိမ်တွေလဲ အများကြီး ပျက်စီးတယ်။ မြို့ပေါ်ရပ်ကွက်တွေက လက်နက်ကြီး ထိတာ မှန်တာ အဲ့လိုမျိုးတော့ရှိတယ်။ သိန္နီမြို့ တောင်ဘက်ခြမ်းက အပျက်အစီး ပိုများတယ်။ နမ္မတူမြစ် တစ်ဘက်ခြမ်းက စပြီး လမ်းမကြီးဘေးက ရွာတွေမှာ အပျက်အစီး ပိုများတယ်။

မေး။ ။ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးတဲ့ ရွာပျက်ဖြစ်သွားတဲ့ ပြည်သူတွေ အခု ဘယ်နေရာတွေကို ရှောင်တိမ်းသွားရလဲ။

ဖြေ။ ။ ကိုယ့်ဘာသာကိုယ် ကိုယ့်လမ်းနဲ့ကိုယ် ရှောင်ကုန်ကြတာပေါ့။ ဘုန်းကြီးကျောင်းတွေထဲရယ်၊ တောထဲတောင်ထဲက တဲတွေမှာရယ် သွားရှောင်နေကြတယ်။ ကျမလဲ စစ်ရှောင်စခန်းမှာ နေလိုက်၊ တောထဲမှာ ပြေးပုန်းလိုက်နဲ့ အဲ့လို နေနေရတာ။ အခုတော့ ကိုယ့်အသက်လွတ်ရုံတမယ်ပဲ ထွက်ပြေးနေရတယ်။ အိမ်က ပစ္စည်းတွေလဲ ဘယ်လောက်ကျန်မယ်၊ ဘယ်လောက်ရှိဦးမယ်ဆိုတာ မသိနိုင်တော့ဘူးလေ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေ ကားတွေလဲ ဘာမှ မယူလာခဲ့ရဘူး။

အဓိက ကတော့ သေနတ်ကျည်ဆံတွေ၊ လက်နက်ကြီးတွေ ထိမှန်မှာ ကြောက်ရတာပေါ့။ နှစ်ဘက်စလုံး အဲ့တံတားနားမှာ လာပစ်ကြတော့ တချို့တွေက ကျမရဲ့ အိမ်ပေါ်ကနေလဲ ပစ်တယ်၊ ဆိုင်ထဲကနေလဲ ပစ်တယ်။ နှစ်ဖွဲ့စလုံး ကျမအိမ်ဝင်းထဲမှာ လာပစ်ကြတာလေ။ အခု အဲ့နားလေးမှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ ကျမကိုယ်တိုင်လဲ အခု ထွက်ပြေးတိမ်းရှောင်နေရတာပဲလေ။

ကျမဆိုရင် ကိုယ့်အိမ်တွင်းပစ္စည်းတွေပါ ဖောက်ခံရတာ။ စစ်ကောင်စီတပ်က အရင်ဝင်ယူတယ် ပြောတယ်။ ပစ္စည်းတွေလည်း ဘာမှ မရွှေ့ပြောင်းခဲ့ရတော့ ရွှေငွေတွေလဲ အကုန်ယူသွားကြတယ်။ ရုတ်တရက်ကြီး ထွက်ပြေးရတာဆိုတော့ ဘာမှမသိမ်းခဲ့ရဘူး၊ အိမ်မှာ အကုန်ကျန်ခဲ့တာ။ ဒီလောက် အချိန်အကြာကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။

ပစ္စည်းလည်း တချို့ဟာတွေလောက်ပဲ ယူပြီးတော့ သော့ခတ်ခဲ့ရင် ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ထားခဲ့တာ။ ဖြစ်ချင်တော့ သူတို့ ၂ ဖွဲ့လုံးက အိမ်နားလေးမှာတင်ပဲ လာတိုက်ကြတော့ ဘာမှ မကျန်‌လောက်အောင် အိမ်ကလဲ ပျက်စီးသွားတယ်။

သိန္နီမြို့နယ် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်သည့်နေအိမ်

မေး။ ။ လက်ရှိ စစ်ရှောင်နေရတာဆိုတော့ ဘယ်လို စိုးရိမ်မှုတွေ ပူပန်မှုတွေရှိလဲ။ လုံခြုံရေးကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ အခုထိ တိုက်ပွဲကြားထဲကနေ ဘယ်လိုမှ မလွတ်သေးဘူး။ လုံခြုံမှု မရှိသေးဘူး။ ထွက်ပြေးမယ်ဆိုရင်တောင် ဘယ်ကိုမှ သွားလို့မရဘူး။ စစ်ရှောင်စခန်းကနေ တစ်အိမ်ပြီးတစ်အိမ် နောက်ပြီးတော့ တောထဲတောင်ထဲ ခြုံပုတ်တွေထဲမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ ကိုယ်စီ သွားလာနေရတယ်။ သေတဲ့လူလဲ အများကြီး သေနေကြတယ်၊ ခြုံပုတ်ထဲမှာ ပုပ်ပွပြီး သေနေတဲ့ လူတွေလဲရှိတယ်။ အိမ်တွေ လက်နက်ကြီးမှန်ပြီး အိမ်ထဲမှာပဲ သေနေတဲ့လူတွေလဲ အများကြီးရှိတယ်။ ဘယ်သူမှလဲ အလောင်း လာမကောက်ရဲသေးဘူး။

မေး။ ။ အစ်မတို့ မိသားစုတွေ ဆွေမျိုးသားချင်းတွေနဲ့ကော အဆက်အသွယ်ရသေးလား။ သူတို့အတွက် ဘယ်လိုစိုးရိမ်ပူပန်မှုတွေရှိလဲ။

ဖြေ။ ။ ကျမတို့ရဲ့ မိသားစုတွေက တကွဲတပြားစီ ဖြစ်ကုန်ပြီ။ ဖုန်းနဲ့လည်း အဆက်အသွယ်မရဘူး။ တချို့အသက်ကြီးတဲ့ ဘိုးဘွားတွေဆိုရင် စစ်မရှောင်ချင်ကြဘူး။ သူ့အိုးအိမ်လေးကို မခွဲဘဲ အိမ်စောင့်နေချင်တာ။ သေနတ်သံ ဗုံးသံတွေကြားထဲမှာ နေသွားမယ်ပေါ့၊ အဲ့လိုပြောတဲ့ လူလည်းရှိတော့ သူတို့အတွက် စိတ်ပူတာပေါ့။

Photo- Credit ( သိန္နီစစ်ရှောင်များ တောလမ်းမှ စစ်ဘေးတိမ်းရှောင်)

မေး။ ။ အခု စစ်ဘေးရှောင်နေရတော့ အစားအသောက်က ဘယ်လိုအခက်အခဲရှိနေလဲ။ တိုက်ပွဲကာလ ကြာလာရင် စားနပ်ရိက္ခာအတွက် ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ ကျမရောက်နေတဲ့ နေရာက စစ်ဘေးရှောင်တွေ အများကြီးပဲ။ ဘယ်မှ ဆက်သွားလို့မရဘူး။ အခုက ကိုယ့်အသက်လွတ်ရုံပဲ ထွက်ပြေးနေကြရတာ။ အချို့လည်း မနက်ဆိုရင် ကိုယ့်အိမ် ခဏပြန်ကြတယ်၊ ညဘက်ဆိုရင် ဘုန်းကြီးကျောင်းမှာ ပြန်လာအိပ်ရတာပေါ့။ စစ်ရှောင်နေရတာဆိုတော့ အနီးအနားမှာ ရှိတာလေး ဝယ်စားပြီးတော့ ကိုယ့်အသက် အန္တရာယ်လွတ်အောင် ထွက်ပြေးနေရတဲ့သဘောပဲ။

ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်စခန်းတွေမှာတော့ တချို့နေရာတွေဆိုရင် အလှူရှင်တွေ မရောက်နိုင်တော့ တစ်ရက်ကို ထမင်းတစ်နပ်ပဲ ကျွေးနိုင်တာမျိုးရှိတယ်။ အဲ့လိုနေရာမျိုးမှာက စားနပ်ရိက္ခာ အရမ်းအခက်အခဲဖြစ်တယ်။ အဲ့မှာဆိုရင် ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး လူကိုမှန်တော့ လူသေအလောင်း မြေမမြှုပ်ရသေးတာတွေတောင် ရှိတယ်။

ဘုန်းကြီးကျောင်းနဲ့ နီးတဲ့အိမ်က လူတွေဆိုရင် မနက်ပိုင်းခဏ ဆန်ပြန်ယူပြီး ဘုန်းကြီးကျောင်းမှာ ပြန်လာချက်စားကြတယ်။ အခုက မနက်ပိုင်း ဈေးထွက်ဝယ်ရင်လည်း ပစ္စည်းဈေးတွေက ၂ ဆ ၃ ဆ အထိ တက်နေပြီ။

သိန္နီ တံတား

မေး။ ။ နှစ်ဘက်တိုက်ပွဲကြားထဲမှာ ဘယ်လို စိုးရိမ်ပူပန်မှုတွေ ရှိလဲ။

ဖြေ။ ။ အစားအသောက်လဲ စိတ်ပူရတယ်၊ လူအသေအပျောက် ဘယ်လောက်ထပ်ရှိလာမလဲ အဲ့ဒါလည်း စိုးရိမ်ရသေးတယ်။ ကျမတော့ စဉ်းစားကြည့်လို့ မရတော့ဘူး။ သူတို့ပစ်ချင်တဲ့နေရာ ဗုံးကြဲချင်တဲ့နေရာ ပစ်တာ ကြဲချတာပဲလေ။ ဘယ်သူလွတ်မယ်၊ ဘယ်သူသေမယ်ဆိုတာ မသိဘူးလေ။

တချို့ဆို အိမ်ထဲမှာ ထမင်းစားနေရင်း ဗုံးမှန်လို့ သေတာလဲ ရှိတယ်။ ဗုံးဆံ ကျည်ဆံတွေက ရုတ်တရက်ကြီး ဘယ်ကနေ ကျလာမှန်းမသိဘဲ နေ့တိုင်း ဗုံးမှန်ပြီး သေနေကြရတယ်။ သွားလည်း သတိ၊ စားလည်း သတိ၊ အိပ်နေရင်လည်း သတိနဲ့၊ အသွားအလာ အနေအထိုင် အကုန်လုံး သတိထားနေရတယ်။

လက်နက်ကြီးတွေလည်း ဘာမှမပြောမဆိုထားပဲ တစ်နေကုန်ပစ်နေကြတယ်။ နှစ်ဘက်စလုံးကို စစ်တိုက်တာ မြန်မြန်ရပ်စေချင်ပြီ။ လူထုက အရမ်းဒုက္ခရောက်နေပြီ။ အကယ်၍ သူတို့အရမ်း တိုက်ချင်နေကြတယ်ဆိုရင်လည်း တောထဲတောင်ထဲ ခေါ်ပြီး တိုက်ကြရင် နည်းနည်း သက်သာဦးမယ်။

အခု ပြည်သူတွေက ထွက်ပြေးလို့လည်းမရ၊ အိမ်မှာနေလို့လည်းမရ၊ ဝင်လာချင်တဲ့လူလည်း လာလို့မရ အဲ့လိုဖြစ်နေတာ။

အရပ် ၄ မျက်နှာလုံး မဟာမိတ်တပ်တွေ အကုန်ဝိုင်းထားတော့လေ၊ အရမ်းဒုက္ခရောက်တယ်။ ထွက်ပြေးချင်တဲ့ လူတွေဆိုရင်လည်း ဆိုင်ကယ်နဲ့ ချောင်းကူး၊ မြောင်းကူးပြီး တောထဲတောင်ထဲကနေ ကိုယ့်လမ်းနဲ့ကိုယ် ပြေးနေကြရပြီ။ ကားလမ်းကနေ ဘယ်လိုမှ သွားလို့မရတော့ဘူးလေ။

သိန္နီ လက်နက်ကြီးကျ နေအိမ်ထိ

ဆိုင်ကယ်နဲ့ပြေးတဲ့လူတွေဆိုရင် ကယ်ရီခ တစ်ယောက်ကို ၂ သိန်း၊ တချို့နေရာတွေဆို ၃ သိန်းအထိ ပေးပြီး သိန္နီမြို့ကနေ ထွက်ပြေးကြတယ်။ သေနတ်သံ ဗုံးသံ နည်းနည်းငြိမ်တဲ့နေရာကို သွားကြတာ။ အဲ့မှာက စစ်ဘေးလွတ်တယ်လို့တော့ မဟုတ်ဘူးပေါ့။ သိန္နီမြို့ပေါ်လောက်တော့ ဗုံးသံ သေနတ်သံ မကြားရဘူးပေါ့။ အခုကတော့ နေရာတိုင်း ဗုံးသံ သေနတ်သံတွေကြီးပဲ၊ စစ်ကောင်စီဘက်က တစ်ဖက်သတ် ပစ်နေတာပဲရှိတယ်။

မေး။ ။ တိုက်ပွဲရပ်တန့်ဖို့ကော ဘယ်လိုမျှော်လင့်လဲ။

ဖြေ။ ။ စစ်ပွဲ ရပ်စေချင်တယ်။ စစ်ပွဲမရပ်ရင် ပြည်သူတွေ အကုန်သေကြတော့မယ်။ တိုက်ပွဲကြောင့် ဖြစ်လာတဲ့ အပျက်အစီးတွေကို သူတို့လည်း ပြန်ကူညီနိုင်မှာ မဟုတ်ဘူး။ သူတို့ မကူနိုင်တဲ့အပြင် နှစ်ဘက်စလုံးက တိုက်နေတာလည်း မရပ်ဘူး။ တစ်ဘက်က နောက်မဆုတ်ရင် တခြားတစ်ဘက်ကလဲ ရပ်မှာမဟုတ်ဘူးဆိုတော့လေ။ သူတို့နှစ်ဘက်စလုံး တိုက်နေတာ ရပ်ကြဖို့တောင်းဆိုချင်တယ်။

ဒီစစ်ဘေးရှောင်နေရတဲ့ ၁၄ ရက် ၁၅ ရက်အတွင်း ပြည်သူတွေက ဆန်၊ ရေ၊ စပါး ယူရမယ့်အချိန်။ အခုလည်း စပါးရိတ်တဲ့အချိန် စပါးလည်း မရိတ်နိုင်ဘူး။ ပြောင်းဖူးလည်း ချိုးရမယ့်အချိန်၊ တောင်ပေါ်ဘက်တွေမှာ ဆိုရင်လည်း အသီးအနှံပေါ်လို့ ယူရမယ့်အချိန်မှာ ရွာသူရွာသားတွေကအစ အကုန်လုံး စစ်ဘေးရှောင်ဖို့ ပြေးလွှားနေကြရတယ်။

Leave a Comments

- Advertisement -spot_img

Latest article