နွေဦးတော်လှန်ရေးအတွက် NCA လိုအပ်သလား

နိဒါန်း

“NCA နဲ့ ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်း မရှိတော့ပါဘူး”။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တစုံလုံး၏နှလုံးသားသည် အခန်း(၁)ပါ အခြေခံမူများဖြစ်ပြီး အဆိုပါအခြေခံမူကို စစ်တပ်က စစ်အာဏာသိမ်းခြင်းဖြင့် နင်းချေဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးက မြင်သာအောင် ရှင်းပြသည်။

ထို့ကြောင့် NCA ကို အသုံးပြုပြီး နိုင်ငံတကာသို့ လှည့်စားနေခြင်းနှင့် ပြည်သူလူထုကို လှည့်စားခြင်းတို့သည် KNU နှင့် မသက်ဆိုင်ကြောင်း ပဒိုစောတာဒိုမူးက သြဂုတ်လ ၁၀၊ “First 100 Days: KNU in New Era” သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ပါသည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းမှုကြောင့် NCA ပျက်၊ မပျက် ဆိုသည်ကို အကြောင်းအချက်များအပေါ် အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

NCA ဆိုရာဝယ် …

“The Nationwide Ceasefire Agreement” ဟူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပြီး ၎င်းစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတဦးဆောင် သည့် အစိုးရကိုယ်လှယ် (၉) ဦးနှင့် ERO (၈) ဖွဲ့မှ ကိုယ်စားလှယ် ၂၄ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းအသိသက်သေ (၂၁) ဦးနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာအသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။ အမေရိကန်၊ ယူကေ၊ နော်ဝေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံပေါင်း ၃၀ ကျော် မှ သံအမတ်များကလည်း တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

NCA စာချုပ် မူကြမ်းအား တရားဝင်ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (NCCT) အဖွဲ့ဝင် ERO (၁၆) ဖွဲ့ အနက်မှ (၇) ဖွဲ့၊ NCCT အဖွဲ့ဝင်မဟုတ်သော ERO တစ်ဖွဲ့ စုစုပေါင်း ERO (၈) ဖွဲ့နှင့် အစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် NCA ကို “8CA”သာ ဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဖေ‌ဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင်တော့ နောက်ထပ် ERO နှစ်ဖွဲ့နှင့် အစိုးရအကြား NCA အတွက် လက်မှတ်ရေးထိုးခဲ့သဖြင့် NCA လက်မှတ်ရေးထိုး သည့် ERO (၁၀) ဖွဲ့ အထိ ရှိလာခဲ့သည်။

အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်သည့် NCA စာချုပ်သည် “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်” ဟု နိဒါန်းချီထားပြီး နိုင်ငံရေးဆိုင်ရာ အချက်အလက် (၃၅) ချက်၊ စစ်ဘက်ဆိုင်ရာ အချက်အလက် (၅၅) ချက်၊ လူမှုစီးပွားဘဝနှင့် သက်ဆိုင်သည့် အချက်အလက် (၂၃) ချက် ပါဝင်သည်ကို တွေ့ရှိရသည်။

NCA လမ်းကြောင်းအရ ဖြစ်တည်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပြည်‌ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေးများ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ခုအထိ ရရှိကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့သည်။

ထိုမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ဖြည့်စွက်ရေးသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းချိန်မှစပြီး NCA စာချုပ်ပါ လုပ်ငန်းစဉ်များအား ဦးဆောင်ရမည့် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်များကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တားမြစ်ဟန့်တားခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် NCA ပျက်၊ မပျက်

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် “ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ” ကိုယ်စားလှယ် (၉) ဦးကို လေ့လာကြည့်လျှင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့ (၃) ခုကို တွေ့ရှိရသဖြင့် အာဏာသိမ်း စစ်တပ်သည် နိုင်ငံတော်အစိုးရအား ကိုယ်စားမပြုသည်မှာ ထင်ရှားနေသည်။

အာဏာသိမ်းစစ်တပ်မှ ဦး‌ဆောင်ဖွဲ့စည်းထားသည့် အာဏာသိမ်းစစ်ကောင်စီသည်လည်း NCA စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ရန်အတွက် တရားဝင်မှုရှိသလားဟု မေးခွန်းထုတ်နိုင်ပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် စစ်အာဏာသိမ်းကာလ ၂ နှစ်ခွဲ ကျော်လွန်လာသည်အထိ ပြည်သူလူထု၏ ဆန့်ကျင်မှုကို နိုင်ငံတဝှမ်းလုံးတွင် အသွင်သဏ္ဍန်မျိုးစုံဖြင့် ရင်ဆိုင် ကြုံတွေ့နေရသကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းတွင်လည်း တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု မရရှိသေးသည်ကို သတိပြုရပါမည်။

NCA အခန်း (၁) ၊ အပိုဒ် (၁) (က)တွင် သဘောတူထားသည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဟူသော အချက်တချက်ကိုပင် လစ်လျူရှုကာ စစ်အာဏာသိမ်းမှုဖြင့် နင်းချေဖျက်ဆီးပစ်ခဲ့သည်။

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ် ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ဦးစွာဆောင်ရွက်ရန် စသည့် NCA အခန်း(၁) ပါ အခြေခံမူများသည်လည်း စစ်အာဏာသိမ်းမှုကြောင့်ပင် တိမ်မြုပ်သွားခဲ့ရသည်ဟု ဆိုရပါမည်။

သို့နှင့်တိုင် အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် နံပတ် (၄) တွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိ ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟု ဆိုထားသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့စည်းရုံး၍ ရသမျှသော ERO အစုအဖွဲ့များနှင့်ပင် ငြိမ်းချမ်းရေးညီလာခံတရပ် ကျင်းပရန် မျှော်လင့်နေ သည်ကို တွေ့ရသည်။

ဆက်စပ်တွေ့ရှိချက်များ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗဟို ဦးဆောင်ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်ကတော့ “၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA က ပျက်သုန်းသွားပြီ။

NCA နဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့ ရှေ့ဆက်ဆောင်ရွက်လို့ကို မရတော့ဘူး။ ဘာကြောင့်လဲဆိုရင် NCA နဲ့ လက်မှတ်ထိုး ထားတာ ၁၀ ဖွဲ့ပဲ ရှိတယ်။ NCA ပြင်ပမှာ အများကြီး၊ ဆိုတော့ အခု လက်ရှိဖြစ်ပေါ်လာတဲ့ ၂၀၂၁ သူတို့စစ်တပ်ရဲ့ ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခု PDF တွေ ရှိနေပြီ၊ NUG ရှိနေပြီ။

ဒါက လုံး၀ပစ်ပယ် ထားလို့ မရဘူး” ဟု ရှုမြင်သုံးသပ်ထားပါသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာတော့ “NCA က ပျက်ပြယ် တဲ့စာချုပ် မဟုတ်ပါဘူး။ လွှတ်တော်က အတည်ပြုပြီးသားဖြစ်တဲ့ တရားဝင်တဲ့ နိုင်ငံရေးစာတမ်း ဖြစ်ပါတယ်” ဟု ရှုမြင်ယုံကြည်နေပါသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၁ ရက်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ (၆) လပတ် အစည်းအဝေးထုတ်ပြန်ချက်တွင်တော့ “NCA သည် တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်ဖြစ်သော်လည်း အလျှော့အတင်းမလုပ်နိုင်သဖြင့် NCA အကောင်အ ထည်ဖော်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ခြင်းဖြစ်သည်။

RCSS အနေဖြင့် ယနေ့ကာလအထိ NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်သည်” ဟု ဆိုပါသည်။

မည်သို့ဆိုစေ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကတော့ အာဏာသိမ်းစစ်ကောင်စီအား အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားသကဲ့သို့ စစ်အုပ်စု၏ အဓိကထောက်တိုင်ဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။

ထို့ပြင် NCA သည်လည်း စစ်အုပ်စု၏ အဓမ္မ စစ်အာဏာသိမ်းမှုကြောင့် NCA တွင် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များ မရှိတော့သည့်အတွက် အသက်မဝင်တော့သည့် စာချုပ်တစ်ခုဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်တွင် CRPH က ကြေညာခဲ့သည်။

သုံးသပ်တင်ပြချက်

NCA သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနည်းတူ အာဏာသိမ်းစစ်အုပ်စုအတွက် လိုသလိုအဓိပ္ပါယ်ဖွင့် အသုံးပြုနိုင်သည့် စာချုပ်ဖြစ်ပါသည်။

NCA စာချုပ် ပျက်ပြယ်ခြင်း၊ မပျက်ပြယ်ခြင်းသည် စာချုပ်တွင် လက်မှတ်ထိုးခဲ့ကြသည့် အစုအဖွဲ့တစ်ခုချင်း၊ ERO တစ်ဖွဲ့ချင်းနှင့်သာ သက်ဆိုင်သည်ဟု ရှုမြင်ရမည် ဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းမှုကြောင့် NCA ၏ အနှစ်သာရနှင့် လုပ်ငန်းစဉ်များ အသက်ဝင်ခြင်း မရှိတော့သည်ကိုမူ အားလုံးနားလည် လက်ခံရပေလိမ့်မည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှု အောင်မြင်ရေးအတွက် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးကြီးများကို တစ်နိုင်ငံလုံးအတိုင်းတာဖြင့် လှုပ်ရှားဆောင်ရွက်လျက် ရှိသကဲ့သို့ စစ်အာဏာ သိမ်းမှုကြောင့် ဖြစ်တည်ပေါက်ဖွားလာသည့် CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) နှင့် တွေ့ဆုံဆွေးနွေးရန် လုံးဝမရှိကြောင်းကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပါသည်။

ထို့ကြောင့် NCA ကို အကြောင်းပြုပြီး နိုင်ငံရေးနည်းလမ်းဖြင့် စားပွဲဝိုင်းမှတဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေး စဉ်းစားချက်သည် စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့ဖြစ်နိုင်ချေ အလွန်နည်းပါးသည်ဟု ရှုမြင်ရပါသည်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေသည့် နွေဦးတော်လှန်ရေးအင်အားစုများသည် အာဏာသိမ်း စစ်အုပ်စုအား ဘက်ပေါင်းစုံမှ အသွင်သဏ္ဍန်မျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသကဲ့သို့ အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် အဓိကလိုအပ်ချက်ဖြစ်သော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ တဆင့် ရေးဆွဲနေပြီ ဖြစ်သည်။

ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ရှုမြင်သော သဘောထားများသည် နွေဦးတော်လှန်ရေးအင်အားစုများ အကြား ပြတ်သားရှင်းလင်းရန် လိုအပ်လာပြီ ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် NCA ပျက်၊ မပျက် ဆိုသည်ထက် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေကြသည့် နွေဦးတော်လှန်ရေးအင်အားစုများအတွက် “NCA လိုအပ်နေသေးသလား” ဟူသည်က အရေးတကြီး အဖြေရှာရမည့် အမေးပုစ္ဆာ ဖြစ်လာပြီဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၁၈ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...