လွယ်လွယ်နဲ့ မရတဲ့ တရားဝင် အလုပ်လုပ်ခွင့်

“ကြက်ဥတစ်ကဒ် နဲ့ ခေါက်ဆွဲခြောက်တစ်ဖာ ဘယ်လောက်လဲ … ။”

.

ဇော်အောင် က ဈေးသည်ထံ အသံတိမ်တိမ်နဲ့ မေးလိုက်သော အသံဖြစ်ပါတယ်။ သူဟာ တစ်ချိန်က ဇင်းမယ်လို့ မြန်မာတို့ခေါ်ကြတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလုပ်လာလုပ်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ယောက်ပါ။ ရွှေ့ပြောင်း အလုပ်သမားတွေက ချွေချွေတာတာ စားသောက်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံ နဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံသည် လုပ်ခလစာ မြှင့်မားမှုကြောင့် မြန်မာပြည်သူ အများစု ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ရာ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မြန်မာရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ်ကြောင့် လူနေမှုဘဝ အကျပ်အတည်းဟာ နိုင်ငံသားတွေကို ပြည်ပနိုင်ငံတွေမှာ ထွက်ပြီး အလုပ်လုပ်အောင် တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု အပြီးမှာတော့ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ကြတဲ့နှုန်းဟာ အဆမတန်ကို မြင့်လာပါတယ်။

ဒီလိုအလုပ်သွားလုပ်ကြတဲ့အခါမှာ နှစ်နိုင်ငံ သဘောတူ MOU ကဲ့သို့ တရားဝင် နည်းလမ်းနဲ့ သွားရောက်နေထိုင် လုပ်ကိုင်ကြတာ ရှိသလို တရားမဝင် နည်းလမ်းနဲ့ သွားလာကြတာတွေလဲ အရင်တုန်းကလို ဆက်ရှိနေဆဲပါပဲ။ ဇော်အောင်လို တရားမဝင် နည်းလမ်းနဲ့ ထိုင်းနိုင်ငံကို ရောက်လာသူတွေအနေနဲ့ အလုပ်လုပ်ဖို့နဲ့ နေထိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်ကြရပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

“ထိုင်းဘက်ကို အောက်လမ်းကနေပဲ ဝင်လာပြီး စစချင်းရောက်တော့ အလုပ်ချက်ချင်း ရမယ်ထင်နေတာ။ အလုပ်ရှာတော့လဲ အလုပ်ရှင်တွေက ဘတ်ရှိမှ အလုပ်ခေါ်မယ်လို့ပြောတော့ ကိုယ်ကလဲ ဘာအထောက်အထားမှ မရှိထားတော့ အလုပ်မရဘူးပေါ့။ ကြားထဲမှာ အလုပ်မရှိပဲ အလုပ်ရှာရင်း အလကားနေရတာ ၁ လ လောက် ရှိမယ်ထင်တယ်”ဟု ဇော်အောင်က မျက်နှာညှိုးငယ်စွာနဲ့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့အခါမှာ အလုပ်ရှင်ဟာ အရေးကြီးပါတယ်။ အလုပ်ရှင်များသည် အလုပ်သမားများ ခေါ်ယူရာ၌ တရားဝင် အထောက်အထား ရှိသူများသာလျှင် ပိုလိုချင်ကြတယ်။ အဲဒီအခါ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာများအတွက် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့်ပဲ တရားမဝင် ဝင်ရောက်လာကြပေမယ့် တရားဝင် အထောက်အထားတွေ ရရှိပိုင်ဆိုင်နိုင်ဖို့ ကြိုးစား ကြရပါတယ်။

“ကျနော်လဲ အလုပ်ရချင်တော့ ကိုယ့်ကိုခေါ်လာတဲ့ ပွဲစားနဲ့ ပြန်ချိတ်ပြီးတော့ ဘတ်ရိုက်ဖို့ လုပ်လိုက်တာ။ ဒီဘက်လာဖို့ကလဲ မြန်မာပြည်ကနေ ချေးငှားပြီး လာရတော့ ဟိုဘက်မှာကလဲ အတိုးတွေကတက်၊ ရောက်ရောက်ချင်း အလုပ်ကလဲ မရတော့ စားဝတ်နေရေးလဲ ခက်တာပေါ့၊ လက်ထဲကျန်တဲ့ ပိုက်ဆံလေးနည်းနည်းနဲ့ ကြက်ဥရယ် ခေါက်ဆွဲခြောက်ရယ်ပဲ တစ်လလုံး ချွေတာစားရတာ”ဟု ဇော်အောင်က အလုပ်ရဖို့ ဘတ်ရိုက်ရာမှာ အခက်အခဲ ကြုံရပုံကို ဝမ်းနည်းစိတ်ပျက်စွာနဲ့ ပြောပါတယ်။ ဘတ်ဆိုတာ ထိုင်းစကားနဲ့ အထောက်အထားလက်မှတ်ကို ဆိုလိုတာပါ။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

ကိုဗစ် – ၁၉ ရောဂါမှ စီးပွားရေး ပြန်လည်နာလန်ထူနိုင်ဖို့ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက နယ်မြေတခုတည်းမှာပဲ အလုပ်လုပ်လို့ ရတဲ့ ပန်းရောင်ကဒ်လို့ ခေါ်တဲ့ ယာယီနေထိုင် အလုပ်လုပ်ခွင့် လက်မှတ်ကို လုပ်ပေးမယ်လို့ ထိုင်းအစိုးရက လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကနဦး အဆင့်အနေနဲ့ အလုပ်လုပ်ကိုင်ခွင့် စမတ်ကဒ် ရလာပြီး နောက်တစ်ဆင့် အဖြစ် နေထိုင်ခွင့်‌ (Visa) လျှောက်ထားဖို့ ပတ်စပို့စ် (Passport) စာအုပ်မရှိတာ၊ ပတ်စပို့စ် (Passport) အစားထိုး စာအုပ်ဖြစ်တဲ့ “စီအိုင် (CI) ” လို့ခေါ်တဲ့ မည်သူမည်ဝါ ဖြစ်ကြောင်းလက်မှတ် (Certificate of Identity – CI) စာအုပ်ကိုလည်း အကြောင်းအမျိုးမျိုးကြောင့် လျှောက်လို့မရတဲ့ အခြေအနေမျိုးမှာသာ အနိမ့်ဆုံးအဆင့် နေထိုင်ခွင့်ဖြစ်တဲ့ ပန်းရောင်ကဒ် (Non Thai Identification Card) လေးကို လျှောက်ရတာ ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ဒီပန်းရောင်ကဒ် လက်မှတ်လုပ်ဖို့အတွက် အေဂျင်စီတွေ၊ ပွဲစားရုံးတွေကနေ သွားလုပ်ကြရတဲ့အခါမှာ ပုံမှန်ကုန်ကျစရိတ် ဘတ်ငွေ ၇ ထောင်ကနေ စုစုပေါင်း ကုန်ကျစရိတ် ဘတ်ငွေ ၁ သောင်းကျော်ထိ ရှိပါတယ်။ အဲဒီလက်မှတ်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သက်တမ်းမတိုးရင် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

နောက်ထပ် ကုန်ကျစရိတ်ကတော့ ၂၀၂၄ ခုနှစ်အထိ ၁ နှစ်စာ သက်တမ်းတိုးတဲ့ ကုန်ကျစရိတ် အနည်းဆုံးဘတ်ငွေ ၉,၀၀၀ လောက်ကနေ စီအိုင် (Certificate of Identity – CI) လို့ခေါ်တဲ့ မည်သူမည်ဝါ ဖြစ်ကြောင်း အ‌ထောက်အထားစာအုပ် နှင့် မြန်မာအစိုးရ၏ ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကဒ် (Oversea Worker Identification Card – OWIC) လုပ်တဲ့ အဆင့်လောက်ထိဆိုရင် ဘတ်ငွေ ၁၅,၀၀၀ ကျော်အထိ ကုန်ကျတာပါ။

Certificate of Identity – CI

“ပွဲစားနဲ့လုပ်တော့ သူတို့ တောင်းတဲ့ဈေး ပေးရတာပေါ့။ ကိုယ်ကလဲ သူတို့လုပ်ပေးမှ အထောက်အထားတွေ ရမှာဆိုတော့လေ။ ဘတ်မရှိရင် အလုပ်ရှာလို့လဲ မရတော့ စားဝတ်နေရေးအတွက် စိုးရိမ်ရတာပေါ့။ မြန်မာပြည်မှာလဲ မိသားစုတွေ ကျန်ခဲ့တော့ အိမ်ကို ပိုက်ဆံပြန်ပြီး မြန်မြန်ပို့ချင်တာ”ဟု ဇော်အောင်က အထောက်အထားတွေအတွက် ကုန်ကျစရိတ်ကို နှမျောတတ ဖြင့် ပြောပါတယ်။

“ဘတ်ရိုက်လိုက်တော့ တစ်လတစ်လရတဲ့ လုပ်အားခက နေစရိတ် စားစရိတ်ရယ် ဘတ်ဖိုးရယ် ပေးလိုက်ရင် ရတဲ့ပိုက်ဆံက ဘာမှမပိုဘူး၊ အိမ်က အကြွေးပြန်ဆပ်ဖို့တောင် မလောက်ဘူး။ အိမ်နဲ့ စကားပြောရင်လဲ ပိုက်ဆံမပို့ပေးနိုင်တော့ စိတ်လဲမကောင်းဘူး။ ဘတ်ဖိုးကျေဖို့ ၆ လ လောက် အလုပ်လုပ်လိုက်ရတယ်။ ကြားထဲမှာတော့ ခြစ်ကုပ်စုလို့ ရသလောက်လေး အိမ်ကို အတိုးဆပ်ဖို့ ပို့ပေးရတာပဲ ရှိတယ်”ဟု ဇော်အောင်က ဘတ်ရိုက်စဉ် ကြုံရတဲ့ စားဝတ်နေရေး အခက်အခဲကို ပြန်စဉ်းစားရင်း မျက်စိမျက်နှာ မကောင်းစွာဖြင့် ပြောပါတယ်။

အမှန်တကယ်တွင် အထောက်အထား ပြုလုပ်သည့် လုပ်ငန်းစဉ်တွေအတွက် ရွှေ့ပြောင်းအလုပ်သမားများဟာ မိမိရဲ့အလုပ်ရှင်များမှတစ်ဆင့်သာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို အလုပ်ရှင်များဟာလဲ မိမိရဲ့အလုပ်သမားများ တရားဝင်အထောက်အထား အပြည့်အစုံနဲ့ အလုပ်လုပ်နိုင်အောင် ကူညီပေးရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အလုပ်ရှင်များ ကိုယ်တိုင်ကလဲ ရုံးလုပ်ငန်းများအတွက် အချိန်မပေးနိုင်ကြသလို အချို့မှာလဲ လုပ်ငန်းစဉ်များကို နားမလည်ကြပေ။

အချို့သော လုပ်ငန်းရှင်များသည် အထောက်အထားပြုလုပ်ပေးသော်လည်း စာရွက်စာတမ်း လက်မှတ်များကို အလုပ်သမားများထံ အပြည့်အစုံ မပေးသည်များလဲ တွေ့ကြုံကြရတယ်။ ဒီအခါမှာ အလုပ်သမားက အခြားနေရာသို့ အလုပ်ပြောင်းလိုသောအခါ ဒုက္ခရောက်ကြရပြန်ပါတယ်။

တရားဝင် အထောက်အထားစာရွက်စာတမ်းရရှိရန်အတွက် စောင့်ဆိုင်းစဥ်

“အရင်အလုပ်လုပ်ခဲ့တဲ့ သူဌေးက အထောက်အထားမရှိတဲ့သူတွေကို ဘတ်ရိုက်ပေးမယ်ဆိုတော့ ရိုက်လိုက်တာ၊ ရိုက်ပြီးတော့ စာရွက်စာတမ်းတွေလဲ အကုန်မပေးဘူး။ ကိုယ်က ပိုက်ဆံအကုန်ခံပြီး လုပ်ထားရတာ၊ အဆင်မပြေလို့ အလုပ်ပြောင်းတော့ လုပ်ထားတဲ့ ပန်းရောင်ကဒ်လဲ ပြန်မပေးဘူး။ အခုတော့ ဘတ်အသစ်ပြန်ရိုက်ဖို့ စာရင်းပြန်တင်ထားတယ်”ဟု ဘန်ကောက်မှ ချင်းမိုင်သို့ အလုပ်ပြောင်းလာသူ လူငယ်တစ်ဦးက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများမှာ ရုံးပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ဘာသာစကား အခက်အခဲများကြောင့် ကိုယ်တိုင်လုပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အထောက်အထားပြုလုပ်ပေးတဲ့ အေဂျင်စီများ၊ ပွဲစားများနှင့်သာ လုပ်ကိုင်ကြရတာပါ။

“အခုထိုင်းမှာနေတော့ ပန်းရောင်ကဒ် ဘတ်ရိုက်ဖို့ဟာ ပွဲစားတွေကိုပဲ အပ်လိုက်တာ၊ ကိုယ်တိုင်သွားလုပ်ရင် သူတို့ထိုင်းစာ ထိုင်းစကား မတတ်ဘူး၊ ရုံးလုပ်ငန်းအကြောင်းလဲ နားမလည်ဘူးလေ။ ရုံးချိန်းတွေလဲ မသိတော့ အဲ့တာကြောင့် ပွဲစားတွေဆီကို ပိုက်ဆံပေးပြီးတော့ပဲ လုပ်လိုက်တာ၊ သူတို့ (ပွဲစား) ခေါ်တဲ့အချိန် သွားလိုက်တာပဲ”ဟု ဘန်ကောက်တွင် အလုပ်လုပ်နေသူ စိုင်းသီဟက ပြောပါတယ်။

ရွှေ့ပြောင်းမြန်မာများအနေ နဲ့ အေဂျင်စီများ၊ ပွဲစားများ နှင့် အထောက်အထားများ ဆက်လုပ်ကြရသော အခါ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် မှန်မှန်ကန်ကန် လုပ်ကိုင်ပေးကြသူများနှင့် တွေ့ကြရသလို အချို့မှာ ဝန်ဆောင်ခများကို အခြားနေရာများထက် ပိုမိုပေးဆောင်ကြရသည်လဲ ရှိကြပါတယ်။

workpermit

အချို့သော ရွှေ့ပြောင်းအလုပ်သမားများမှာ အထောက်အထား ပြုလုပ်ထားသော်လည်း အချက်အလက်များကို ကိုယ်တိုင်မသိပဲ ရှိကြပါတယ်။ အထောက်အထား ရှိပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းမတိုးနိုင်၍ တရားမဝင်ဖြစ်သွားသော အလုပ်သမားများ၊ ဝေါ့ပါမစ် (workpermit) နှင့် ဗီဇာသက်တမ်းတိုး မမှီလိုက်၍ တရားမဝင် ဖြစ်သွားသော အလုပ်သမားများ နှင့် ဗီဇာသက်တမ်း ရက်ကျော်လွန်သောကြောင့် (Over Stay) တရားမဝင်ဖြစ်သွားသူများလဲ ရှိနေကြပါတယ်။

အခုလို ကိစ္စရပ်များအတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမား သတင်းအချက်အလက်စင်တာသည် ထိုင်းအစိုးရ သို့မဟုတ် ဒေသအာဏာပိုင်များမှ ထုတ်ပြန်သော ကြေညာချက်များ၊ အမိန့်စာများကို ရွှေ့ပြောင်းလုပ်သားများ နားလည်နိုင်သည့် ဘာသာစကားများဖြင့် ပြန်လည်ကြေညာ ပေးလေ့ရှိပါတယ်။

ထို့ကြောင့် မိမိ၏ အထောက်အထားခိုင်မာရေး နှင့် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင် အလုပ်လုပ်နိုင်ရန်အတွက် သတင်းအချက်အလက်တွေကို အမြဲတမ်း မျက်ခြေမပျက် ရှိနေရမည်သာ ဖြစ်ပါတယ်။

ဆောင်းပါးရှင် – စိုင်းအောင်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...