Sunday, May 5, 2024

သတိပြုရတော့မည့် စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့

Must read

နိဒါန်း

“သူမ ဒိုင်ယာလော့ကို အားပေးပါတယ်”

အထက်ပါပြောစကားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) ၏ တဆင့်စကားဖြစ်သည်။

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီးတွင် သတင်းမီဒီယာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောဆိုခဲ့သလား ဟူသည်က အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာရေးရာကအစ ဘက်ပေါင်းစုံမှ ဖိအားပေးခံနေရသော အာဏာသိမ်းစစ်အုပ်စုအနေဖြင့် အကျဉ်းထောင်အတွင်းမှ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချကာ နွေဦးတော်လှန်ရေး အင်အားစုများအကြား ဒိုင်ယာလော့အမည်ခံ လေသံပစ်၊ သွေးတိုးစမ်းခြင်းသာ ဖြစ်နိုင်သည်။

အကြောင်းမူ မစ္စတာဒွန်မှ တဆင့် ပြောဆိုလာသော “ဒိုင်ယာလော့” ဟူသည်ပင် မည်သူနှင့် မည်သူအကြား မည်သူက ကမကထပြု စီမံဆောင်ရွက်မလဲဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် စစ်ရေး၊ နိုင်ငံရေး၊ အထွေထွေအကျပ်အတည်းအား တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် အမှန်တကယ်စိတ်ဆန္ဒပြင်းပြလာသည့်တိုင် နွေဦးတော်လှန်ရေးအင်အားစုများအတွက် စစ်အုပ်စု၏ “စပွန်ဆာဒိုင်ယာလော့”ကို သတိပြုချဉ်းကပ် ရပေလိမ့်မည်။

စစ်အုပ်စု၏ စပွန်ဆာဒိုင်ယာလော့သည် နွေဦးတော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဖြိုခွင်းဖျက်ဆီးရန် ကြိုးပမ်းအားထုတ် ပေလိမ့်မည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အုပ်စုစပွန်ဆာ ဒိုင်ယာလော့နှင့် နွေဦးတော်လှန်ရေးဦးတည်ရာကို ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

သတိပြုရမည့် စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့

စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့ဟူသည် စစ်ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွယ်သူများ (ဝါ) စစ်အုပ်စု ကိုယ်တိုင် ကမကထပြုကာ အစီအမံချမှတ်ပြီး စိတ်ကြိုက်ခင်းကျင်းထားသော တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ တနည်းအားဖြင့် စပွန်ဆာဒိုင်ယာလော့ဟု အကြမ်းမျဉ်းမှတ်ယူနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ ပြည်တွင်းစစ်၏ အဓိကဇာတ်ကောင်ဖြစ်သော စစ်အုပ်စုသည် ဆွေးနွေးပွဲများအတွင်း နေရာအသာစီးရယူမှု၊ အထက်စီးမှ ဆက်ဆံမှု၊ ဆွေးနွေးဘက်များအပေါ် ခွဲခြားဆက်ဆံမှု၊ ၎င်းတို့သည်သာ “ထာဝရအမှန်” ဆိုသည့် တရားသေယုံကြည်မှုများကို မြင်တွေ့ရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမစခင် အနီးစပ်ဆုံးဖြစ်သော အစိုးရနှစ်ဆက်အတွင်း ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ၎င်းတို့ကိုင်စွဲထားသည့် ငြိမ်းချမ်းရေးမူဝါဒ (၆) ချက်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးအပေါ် သဘောထားများကို လေ့လာကြည့်လျှင် သိနိုင်ပါသည်။

ထို့အပြင် စစ်အာဏာသိမ်းကာလအတွင်း ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) တချို့နှင့် စစ်အုပ်စုအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးများကို လေ့လာကြည့်လျှင်လည်း ထင်သာမြင်သာသည့် အကျိုးရလဒ်တစုံတရာ ရရှိခဲ့သည်ကို မတွေ့ရသေးဟု ဆိုရပါမည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ တတိယအပတ်အတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် ၅ ကြိမ်‌မြောက် အလွတ်သဘော တွေ့ဆုံခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ပြောရေးဆိုခွင့်ရှိသူကတော့ စစ်အုပ်စုနှင့် သွားရောက် တွေ့ဆုံနေရသည့် အခြေအနေကို ယခုလိုပြောပြပါသည်။

“ကြီးကြီးကျယ်ကျယ် မျှော်လင့်ချက်မရှိပေမယ့် ကျွန်တော်တို့နယ်မြေဒေသမှာ တည်ငြိမ်အေးချမ်းဖို့ ကျွန်တော်တို့ ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။”

လက်ရှိအသုံးပြုနေသော အာဏာသိမ်းစစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေးအစီအစဉ် (ဝါ) စစ်အုပ်စု စပွန်ဆာ ဒိုင်ယာလော့တွင် ERO များကိုသာ အဓိကဖိတ်ခေါ်ဆွေးနွေးနေခြင်း ဖြစ်သည်။ ယင်းသို့ စစ်အုပ်စုနှင့် အလွတ်သဘောတွေ့ဆုံဖြစ်ကြသည့် ERO တချို့ကို လေ့လာကြည့်လျှင်လည်း အာဏာသိမ်းစစ်အုပ်စုနှင့် စစ်ရေးပဋိပက္ခ မရှိသည့် အစုအဖွဲ့များသာ ဖြစ်နေကြောင်း ထူခြားစွာ တွေ့ရှိရပါသည်။

နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) များ နှင့်အတူ ပူးပေါင်းပါဝင်ကူညီလျက်ရှိသော ERO များကိုမူ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဆိုထားပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နွေဦးတော်လှန်ရေး၏ ဦးတည်ရာ

လက်ရှိနွေဦးတော်လှန်ရေး၏ ဦးတည်ရာသည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ အမြစ်ပြုတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေခြင်း ဖြစ် သည်။

ယင်းသို့ ဦးတည်လျှောက်လှမ်းရာတွင် လက်နက်စွဲကိုင်ခုခံတော်လှန်ရေး နည်းလမ်း၊ နိုင်ငံတကာ သံခင်းတမန်ခင်း နည်းလမ်းများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု (CDM) နည်းလမ်း၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရေး သပိတ်တိုက်ပွဲ နည်းလမ်း၊ စစ်အုပ်စု၏ ငွေဝင်လမ်းကြောင်းများ ဖြတ်တောက်ရေး နည်းလမ်း စသဖြင့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အာဏာသိမ်းစစ်အုပ်စုအား ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုဖျက်လျက် ရှိပါသည်။

အထူးသဖြင့် ၂၀၂၃ ခုနှစ်အား နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ် အဖြစ် သတ်မှတ်ကြေညာကာ NUG ၊ PDF-LDF နှင့် ERO အစုအဖွဲ့များမှ စစ်ရေးအရ မဟာဗျူမြောက်နည်းများ ချမှတ်ပြီး စစ်အုပ်စုအား ခုခံတော်လှန်စစ်မှသည် တန်ပြန်ထိုးစစ်အကြိုအထိ တိုးမြှင့်ဖိအားပေးလျက်ရှိကြောင်း သိရပါသည်။

NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ယခုလို ပြောဆိုထားပါသည်။

“ကျနော်တို့တော်လှန်ရေးဟာ ဒုတိယနဲ့တတိယ အဆင့်ကြားကို ရောက်နေပါပြီ။ နောက်ဆုံးအဆင့်ကို အရှိန်အဟုန်နဲ့ အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ မီးကုန်ယမ်းကုန် ရေကုန်ရေခမ်း ပြည်သူအားလုံး တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အာဏာရှင်အောက်မှာနေခဲ့ရပြီး ဘက်စုံဆုံးရှုံးနစ်နာ ခဲ့မှုတွေရဲ့အကြွေးကို ပြန်ယူဖို့ တော်လှန်ရေးအဓွန့်ရှည်ပြီး အာဏာရှင်သက်ဆိုးရှည်နေလို့ ဘက်စုံဆုံးရှုံး နစ်နာမှု ရှိလာမှာတွေကို တားဆီးဖို့ ရှိသမျှအားကုန်ညှစ်ပြီး အဆုံးအဖြတ်ရလဒ်အတွက် အမြင့်ဆုံးအရှိန်နဲ့ တိုက်ပွဲဝင်ကြရပါတော့မယ်။”

စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတဝှမ်းတွင် လအလိုက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းကာလတလျှောက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်အထိ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ERO ၊ PDF-LDF များအကြား မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၃၀၀၀ ကျော် ရှိခဲ့သည်ကို တွေ့ရသည်။ (အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမို များပြားနိုင်ပါသည်)

ဆိုရသော် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် ပိုမိုအားကောင်း ပြင်းထန်လာသကဲ့သို့ အခြားသော စစ်မျက်နှာတစ်ခုဖြစ်သည့် နိုင်ငံတကာသံခင်းတမန်ခင်းနည်းလမ်းသည်လည်း အာဏာသိမ်းစစ်အုပ်စုအား ကြီးကြီးမားမား ဖိအားပေးထားနိုင်သည်ဟု ဆိုနိုင်ပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ၎င်းတို့၏ မအောင်မြင်သေးသော စစ်အာဏာသိမ်းရန် ကြိုးပမ်းနေမှုကို (၆) လသက်တမ်း ထပ်တိုးထားသည်။

တရုတ်နှင့် ရုရှားကဲ့သို့သော ကိုယ်ကျိုးစီးပွား အခြေပြု အာဏာရှင်နိုင်ငံများ၏ ထောက်ခံအားပေးမှုအပြင် နိုင်ငံတကာအစိုးရများ၏ အသိအမှတ်ပြုမှုကို အငမ်းမရ လိုအပ်နေပါသည်။

အာဆီယံထိပ်သီးအစည်းအဝေးများတွင် ပါဝင်တက်ရောက်နိုင်ရေး ကြိုးပမ်းနေပါသည်။ တဖက်တွင်တော့ ERO၊ NUG နှင့် PDF-LDF များ၏ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နေမှုကို ဖြတ်တောက်ရန် ကြိုးပမ်းလိုနေသည်။

ထိုအတွက် ၎င်းတို့၏ ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်မှုများသည် အလုပ်မဖြစ်ဘဲ နယ်မြေလက်လွှတ်ရမှုများနှင့် စခန်းစွန့်ခွာရမှု ဖြစ်စဉ်များသာ ပိုမိုများပြားလာသည်ကို တွေ့ရသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အသုံးချကာ “ဒိုင်ယာလော့”ဆိုသည့် စကားလုံးအား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ပစ်သွင်းလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နွေဦးတော်လှန်ရေးအင်အားစုများ၏ တုန့်ပြန်မှုအခြေအနေကို သွေးတိုးစမ်းလိုက်ခြင်း ဖြစ်ကြောင်း ရှုမြင်မိပါသည်။

ထာဝရငြိမ်းချမ်းရေးကို နှုတ်တိုက်ရွတ်ကာ တရားမဝင်အာဏာသိမ်းခဲ့သည့် စစ်အုပ်စုသည် တိုင်းပြည်အာဏာ အရပ်ရပ်ကို ထာဝရဖက်တွယ်ထားနိုင်ရေးအတွက် စစ်အုပ်စုစပွန်ဆာဒိုင်ယာလော့သည် နည်းလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။

NUG ၊ PDF နှင့် ၎င်းတို့အား ကူညီနေသော ERO များအား ပြတ်ပြတ်သားသားအရေးယူမည်ဟု ၇၈ ကြိမ် မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် သတိပေးခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အပေါင်းအပါများ သည် ၎င်းတို့၏ စပွန်ဆာဒိုင်ယာလော့ကိုပင် နွေဦးတော်လှန်ရေးအင်အားစုများအကြား တိုက်ရိုက်ဖိတ်ခေါ် ကမ်းလှမ်းလာနိုင်သည့် တွက်ဆမှုများသည် အလွန်ဖြစ်နိုင်ချေ နည်းပါးသည်ဟု ရှုမြင်မိပါသည်။

သို့သော် စစ်အုပ်စုအတွက် ထွက်ပေါက်မဲ့ကာ ကြီးမားသည့် အကျပ်အတည်း ဆိုက်ကပ်လာချိန်တွင်တော့ စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့သည် နွေဦးတော်လှန်ရေးအင်အားစုများအကြား စိမ့်ဝင်လာနိုင်ပေသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ အမြစ်ပြုတ်ချေမှုရေးနှင့် ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်လျက်ရှိသော နွေဦးတော်လှန်ရေးဦးတည်ရာအတွက်မူ စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့သည် ကြီးမားသည့် အဟန့်အတားတစ်ရပ် ဖြစ်လာနိုင်ကြောင်း သတိပြုမိပါသည်။

စစ်အုပ်စုစိတ်ကြိုက် ခင်းကျင်းလာမည့် စပွန်ဆာဒိုင်ယာလော့ကို ရှောင်လွှဲနိုင်ရန်အတွက် နွေဦးတော်လှန်ရေး အင်အားစုများအကြား အားလုံးသဘောတူညီထားသည့် အစီအစဉ်နှင့် မဟာဗျူဟာများ အစီအမံများအား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုအကြား ခင်းကျင်း ချပြထားနိုင်ရန် ကြိုတင် ပြင်ဆင်ထားရပေလိမ့်မည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စတင်ခဲ့သော စစ်အုပ်စု၏ စပွန်ဆာဒီမိုကရေစီသည် ဆယ်စုနှစ်တစ်ခုအတွင်း စစ်အာဏာသိမ်းမှုဖြင့် အဆုံးသတ်ရသကဲ့သို့ စစ်အုပ်စုအား ဗဟိုပြုသော (ဝါ) စစ်အုပ်စု၏ စပွန်ဆာဒိုင်ယာလော့ သည်လည်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ရောက်ရှိနိုင်မည်မဟုတ်ပေ။

ထို့အပြင် စစ်အာဏာသိမ်း ကာလအတွင်း ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဆုံးရှုံးနစ်နာမှုများအတွက်လည်း စစ်အုပ်စု စပွန်ဆာဒိုင်ယာလော့က တရားမျှတမှု ရှာဖွေပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၁၅ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article