Monday, May 6, 2024

“လမ်းများအားလုံး…နေပြည်တော်သို့” သို့မဟုတ်တောင်ပိုင်းစစ်ဒေသကို လေ့လာခြင်း

Must read

နိဒါန်း

ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို စုစည်းကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက “တောင်ပိုင်းစစ်ဒေသ” အဖြစ် စုဖွဲ့ထားပါသည်။

ယင်းတောင်ပိုင်းစစ်ဒေသကို တောင်ပိုင်းနှင့် အလယ်ပိုင်းမှ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၂) ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့၏ ဦးဆောင်ပါဝင်မှုနှင့် အတူ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပေါင်းစပ်ဖွဲ့စည်းကာ ပူးပေါင်းကွပ်ကဲလျက်ရှိ ကြောင်း ၂၀၂၃ ခုနှစ် မေလ၂၈ ရက်တွင် ထုတ်ပြန်ထားသော “ပြည်သူ့ကာကွယ်ရေးကဏ္ဍအခြေပြ” တွင် ဖော် ပြထားပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ် သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်း ကာလတလျှောက် အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲနေကြသော နယ်မြေဒေသအလိုက် တိုက်ပွဲဆိုင်ရာ အချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေပြုကာ တောင်ပိုင်းစစ်ဒေသအတွင်း တွေ့ရှိချက်များကို လေ့လာတင်ပြသွားပါမည်။

တောင်ပိုင်းစစ်ဒေသဟူသည် ..

NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (EROs) (၄)ဖွဲ့ ပူးပေါင်းကာ “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee – C3C) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည်။ C3C တွင် အဖွဲ့ဝင်အဖွဲ့အစည်း များမှ ဥက္ကဌ၊ စစ်ဦးစီးချုပ် အစရှိသည့် နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ခွင့်ရှိသူများ ပါဝင်ပြီး NUG ၏ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးတို့က NUG ကိုယ်စားပြု ပါဝင်နေပါသည်။

အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရ “စစ်ဒေသ” (၃) ခု ပိုင်းခြားထားပြီး အဆိုပါစစ်ဒေသတစ်ခုအောက်တွင် “စစ်ဒေသခွဲ” များကို လိုအပ်သလို ဖွဲ့စည်းထားပါသည်။

ဒေသအလိုက်လေ့လာကြည့်ပါက အမှတ် (၁) စစ်ဒေသတွင် ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း(မြောက်)၊ မကွေးနှင့် မန္တလေးတို့ ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို အခြေပြုထားပါသည်။ အမှတ် (၂) စစ်ဒေသတွင်မူ ကရင်၊ ကရင်နီ၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး တို့ ပါဝင်ပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများဟု ဆိုနိုင်ပါသည်။ အမှတ် (၃) စစ်ဒေသတွင်တော့ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများ ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို အခြေပြုထားခြင်း ဖြစ်ပါသည်။

ယခုအခါ အမှတ် (၂) စစ်ဒေသနှင့် အမှတ် (၃) စစ်ဒေသနှစ်ခုကို စုစည်းကာ “တောင်ပိုင်းစစ်ဒေသ”အဖြစ် ပြင်ဆင်ဖွဲ့စည်းထားသည်။

တောင်ပိုင်းစစ်ဒေသအတွင်း KNU ၊ KNPP နှင့် NUG တို့ ပူးပေါင်းကာ ပူးတွဲညှိနှိုင်းရေးကော်မတီ(Joint Coordination Committee – J2C) နှင့် ပူးတွဲ စစ်ရေးကွပ်ကဲမှု (Joint Operation Command-JOC) တို့ကို ဖွဲ့စည်းပြီး အဖွဲ့ဝင်အဖွဲ့အစည်းများ နိုင်ငံရေး၊ စစ်ရေးအရ အဓိကတာဝန်ရှိသူများ ပါဝင်ဆောင်ရွက်လျက် ရှိသည်။

နိုင်ငံရေး၊ စစ်ရေးအရ မဟာဗျူဟာများနှင့် မူဝါဒများကို J2C မှ ညှိနှိုင်းဆွေးနွေးချမှတ်ပြီး မြေပြင်စစ်ရေးအရ ပူးပေါင်းကွပ်ကဲမှုများ၊ စစ်ရေးဖော်ဆောင်မှုများကို JOC က ဆောင်ရွက်ရပါသည်။

ယခုအခါ တောင်ပိုင်းစစ်ဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှုအသစ်များကို တွေ့မြင်စ ပြုလာပြီ ဖြစ်ပါသည်။

တောင်ပိုင်းစစ်ဒေသနှင့် တိုက်ပွဲဆိုင်ရာ အချက်အလက်များ

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းကာလတလျှောက် ၂၀၂၃ ခုနှစ် ဇွန် လ ၂၇ ရက် အထိ ERO များ၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF-LDF) များနှင့် အာဏာသိမ်းစစ် ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၂၉၅၆ ရက် ရှိခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း၏ ၃၃ ရာခိုင်နှုန်း (၉၆၅ရက်) သည် တောင်ပိုင်းစစ်ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

(BNI-MPM အနေဖြင့် တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများကို မြို့နယ်အခြေပြုကာ ရက်ဖြင့်သာ ကောက်ယူမှတ်တမ်းပြုထားခြင်းဖြစ်ပြီး အကြိမ် ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားမည်ဖြစ်သည်)

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ပထမခြောက်လတာ ကာလ ခုခံတော်လှန်စစ် အခြေအနေများကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် (ဇွန်လ ၂၇ ရက် အထိသာ) ပထမခြောက်လတာအတွင်း တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေသည် ၂၀၂၂ ခုနှစ် ပထမခြောက်လတာကာလထက် ၅၈ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့သည်ကို တွေ့ရပါသည်။

စစ်အာဏာသိမ်းကာလတလျှောက် EROs ၊ PDF – LDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား ဒေသအလိုက် တောင်ပိုင်းစစ်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို‌ လေ့လာကြည့်ပါက ကရင်ပြည်နယ်သည် တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ပွားရာဒေသ ဖြစ်ခဲ့ပြီး ကရင်နီ(ကယား)ပြည်နယ်သည် ဒုတိအများဆုံး တိုက်ပွဲဖြစ်ပွားရာဒေသ ဖြစ်ခဲ့ပါသည်။

ထို့အပြင် တနင်္သာရီ၊ မွန်နှင့် ပဲခူး (အရှေ့ခြမ်း၊ အနောက်ခြမ်း) ဒေသများသည်လည်း စစ်ကောင်စီတပ်အား ခုခံတော်လှန်စစ် ပြင်းထန်စွာ ဖြစ်ပွားရာ ဒေသများ ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။ ရန်ကုန်၊ ဧရာဝတီနှင့် နေပြည်တော်ဒေသများအတွင်း တိုက်ပွဲဖြစ်ပွားမှု ကိန်းဂဏန်းကိုတော့ အနည်းငယ်သာ တွေ့ရှိရပါသည်။

တောင်ပိုင်းစစ်ဒေသနှင့် စစ်ရေး၊ နိုင်ငံရေး၊ နယ်မြေစိုးမိုးနိုင်မှုအခြေအနေ


အထက်ဖော်ပြပါ တိုက်ပွဲဆိုင်ရာ အချက်အလက်များကို လေ့လာကြည့်ပါ တောင်ပိုင်းစစ်ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ်အခြေအနေသည် စစ်ရေးအရ များစွာ ဖိအားပေးထားနိုင်သည် ဟု ကောက်ချက်ချနိုင်ပါသည်။

အထူးသဖြင့် ကရင်နီ(ကယား)ပြည်နယ်အတွင်း ခုခံတော်လှန်ရေး အင်အားစုများ အကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံရေး အရေး စည်းနှောင်စုဖွဲ့မှု အသစ်များကို တွေ့မြင်လာရခြင်းသည် တောင်ပိုင်းစစ်ဒေသအတွင်း နွေဦးတော်လှန်ရေး (ဝါ) လူထုတော်လှန်ရေး အရေး အရွေ့ကို ထင်ရှားစေခဲ့သည်။

ဥပမာ – စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ရှင်သန်ခဲ့ရသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) (KNPLF) သည် နွေဦးတော်လှန်ရေး အင်အားစုများဘက်သို့ ကူးပြောင်းရပ်တည်လာခြင်းနှင့် စစ်အာဏာသိမ်းကာလအတွင်း ပထမဆုံး ပေါ်ပေါက်လာသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဖြစ်ပေါ်လာခြင်းတို့သည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံတော်လှန်စစ် ဆင်နွှဲနေကြသော အင်အားစုအသီးအသီးအတွက် ခွန်အားတရပ်သဖွယ် ဖြစ်လာခဲ့ပါသည်။

တောင်ပိုင်းစစ်ဒေသအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ပထမဆုံးတပ်ရင်းအဖြစ် တပ်ရင်း (၅၁၀၁) ကို ဖွဲ့စည်းကြောင်း ဇွန်လ ၁ ရက်တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရန် ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ယင်းသို့ ဖွဲ့စည်းပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီ လက်အောက်ခံရုံးများ၊ ဦးစီးဌာနများနှင့် စစ်ကောင်စီတပ်များ တပ်စွဲရာ နေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုများကို ခပ်စိတ်စိတ် တွေ့မြင်နေရပြီ ဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်မဟာ (၆) တပ်ရင်း (၂၇) နှင့် PDF-LDF ပူးပေါင်းတပ်များသည် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးစသော မြို့နယ်များအပြင် တနင်္သာရီတိုင်း ထားဝယ်၊ မြိတ် (ဘိတ်) မြို့နယ်များ ပါဝင်သော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအား ဆက်သွယ်ထားသည့် အမှတ် (၈) လမ်းမကြီးတလျှောက် သွားလာနေသာ မော်တော်ယာဉ်များအား ဇွန်လ ၁၅ ရက်မှ စကာ လုံခြုံရေးတင်းကြပ်စွာဖြင့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါသည်။

မော်တော်ယာဉ်များအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် အရာဝတ္ထု၊ ပစ္စည်းများအား တင်ဆောင်ခြင်း မပြုရန်လည်း ဇွန်လ ၁၀ ရက်ကတည်းက အမိန့်ထုတ်ပြန်ခဲ့သည်။

ရေးမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ အာဏာသိမ်းစစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မွန်ပြည်နယ် ရေးမြို့နယ်၏ ၅၀ ရာနှုန်းကျော်ကို ERO နှင့် PDF-LDF များက နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဟု ဆိုထားပါသည်။

ဇွန်လ ၁၂ ရက် နံနက်ပိုင်းအချိန်၊ အာဏာသိမ်းစစ်ခေါင်းဆောင်များ နေထိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသ၊ မြွေဟောက်မြှောင်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Naypyitaw PDF) က တိုက်ခိုက်ခဲ့သည်။ ထို့အပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လယ်ဝေးနှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင်လည်း တိုက်ခိုက်မှု တချို့ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတချို့ သေဆုံးမှု ရှိခဲ့ပါသည်။

“လမ်းများအားလုံး…နေပြည်တော်သို့” စစ်ဆင်ရေး၏

အစိတ်အပိုင်းအဖြစ် တောင်ပိုင်းစစ်ဒေသအတွင်းရှိ အဓိက လမ်းများဖြစ်သော ပဲခူးတိုင်းအတွင်း ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်း လမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်း ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံ လမ်းပိုင်းများအား နေ့စဉ် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခွင့် ကန့်သတ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန တောင်ပိုင်းတိုင်း စစ်ဒေသခွဲက ယခုလ (ဇူလိုင်) ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ရေးအရှိန် တိုးမြှင့်ဆောင်ရွက်ရာတွင် ပြည်သူများ ထိခိုက်နစ်နာမှုမရှိရစေရန် သတိပေး ထုတ်ပြန်ရခြင်းဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက နောက်ဆက်တွဲ အကျိုးဆက်များအား တာဝန်ယူမည် မဟုတ်ဟုလည်း ဆိုထားသည်။

တွေ့ရှိတင်ပြချက်

နွေဦးတော်လှန်ရေး (ဝါ) ပြည်သူလူထု၏ တော်လှန်ရေးတွင် မဟာဗျူဟာအရ စစ်မျက်နှာအသီးသီးဖြင့် မြန်မာနိုင်ငံ တနံတလျား အစုအဖွဲ့အလိုက် စစ်မျက်နှာကိုယ်စီ တာဝန် တိုက်ပွဲ ဝင်နေကြသော်လည်း ဦးတည်ချက်သည် တစ်ခုတည်းဖြစ်ကြောင်းကို “လမ်းများအားလုံး…နေပြည်တော်သို့” စစ်ဆင်ရေးက ဖော်ညွှန်းနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယခုလို ရှင်းပြသည်။

“ဒီဦးတည်ချက်က ဘာလဲ။ နေပြည်တော်က စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားပစ်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူ့ လက်ထဲကို ပြန်လည်အပ်နှင်းဖို့ ကျနော်တို့ရဲဘော်တွေ ပြည်သူနဲ့ လက်တွဲပြီး အတူတကွ ချီတက်နေတဲ့ လမ်းခရီးကို ဆိုလိုတာဖြစ်တယ်”။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)၊ ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) စသော ERO (၄)ဖွဲ့နှင့် NUG တို့ စုဖွဲ့ထားသော C3C ၏ လက်အောက်ရှိ တောင်ပိုင်းစစ်ဒေသသည် ထူးခြားမှုများ ပြည့်နှက်နေသည်။

အာဏာသိမ်းစစ် အုပ်စုနှင့် တွေ့ဆုံဆွေးနွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုတပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP) ကဲ့သို့သော ERO များနှင့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)များ၊ ပြည်သူ့စစ်အဖွဲ့များသည် အမှတ် (၁) စစ်ဒေသကဲ့သို့ပင် တောင်ပိုင်းစစ်ဒေသတွင် အလီလီတည်ရှိနေကြပြီ ဖြစ်သည်။

တဘက်တွင်တော့ စစ်ကောင်စီ လက်အောက်ခံ BGF အဖြစ်မှ နွေဦးတော်လှန်ရေး အင်အားစုများဘက်သို့ ကူးပြောင်း ရပ်တည်လာသည်ကိုလည်း ထူးခြားစွာ တွေ့မြင်ရပါသည်။

ပို၍ထူးခြားသည်ကတော့ အာဏာသိမ်းစစ်အုပ်စု၏ ရုံးစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေများသည် တောင်ပိုင်းစစ်ဒေသအတွင်း ပါဝင်နေခြင်းပင် ဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လမ်းနေသော နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် “လမ်းများအားလုံး…နေပြည်တော်သို့” ဖြစ်ခဲ့ပါမူ တောင်ပိုင်း စစ်ဒေသအတွင်း ခုခံတော်လှန်စစ်သည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်ဟု ဆိုရပါမည်။

စစ်ရေးနိုင်ငံရေးအရ စုစည်းညီညွတ်မှုနှင့် ခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို တောင်ပိုင်းစစ် ဒေသအတွင်းရှိ အင်အားစုများ အချင်းချင်း ပိုမိုချဲ့ထွင်ဖို့ လိုအပ်သကဲ့သို့ အာဏာသိမ်း စစ်အုပ်စု၏ အန္တရယ်ပေးနိုင်သည့် အစွယ်အပွားများကိုလည်း သတိလက်လွတ် မဖြစ်စေရေး အထူးသတိပြုရလိမ့်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article