Sunday, May 5, 2024

မြန်မာ့တော်လှန်ရေး ဘာအတွက် တိုက်ပွဲဝင်နေသနည်း

Must read

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တာ နှစ်နှစ်ကျော် ကြာခဲ့ပါပြီ။

အာဏာသိမ်းပြီးကတည်းက နိုင်ငံဟာ အဆိုးကျော့ သံသရာရှည်မယ့် အကြမ်းဖက်မှုဝဲဩဃထဲ သက်ဆင်းသွားပါတယ်။ စီးပွားရေး ချွတ်ခြုံကျမှုနဲ့ အတူ လူသားချင်းစာနာမှု အကျပ်အတည်းကို (ပြည်သူတွေ) ခါးစည်းခံခဲ့ကြရပါတယ်။

၂၀၂၁ ခုနှစ် မတ်လတွင် ရန်ကုန်မြို့တနေရာ၌ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြနေသည်ကို ဖြိုခွင်းရန် ရောက်လာသည့် လုံခြုံရေးအဖွဲများကို ဆန္ဒပြနေသူများက လေးခွများဖြင့် တုန့်ပြန်နေပုံ Image: Screenshot / BBC

၂၀၂၃ ခုနှစ် မေလအထိ အရပ်သား ၃,၅၀၀ ကျော် အသတ်ခံခဲ့ရပါတယ်။ ၂၂,၀၀၀ ကျော် အဖမ်းခံထား ရပြီး နိုင်ငံအနှံ့ လူဦးရေ ၁ ဒသမ ၈ သန်းခန့်လည်း နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီနှစ်ထဲမှာတင် လူသားချင်း စာနာမှုအကူအညီ လိုအပ်နေတဲ့ လူဦးရေ ၁၇ ဒသမ ၇ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းကြ ပါတယ်။ ဒါဟာ မယုံကြည်နိုင်လောက်အောင် များပြားတဲ့ အရေအတွက်ဖြစ်ပါတယ်။

ဆုံးရှုံးခဲ့ရတဲ့ လူ့အသက်တွေ၊ သက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ၊ ပျက်စီးခဲ့တဲ့ အိုးအိမ် အဆောက် အအုံတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာရမှုတွေကို ချိန်ဆတွက်ကြည့်မယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေက တိုင်းဆမရအောင် ကြီးမားလှပါတယ်။ ဒါပေမဲ့လည်း စစ်တပ်က ဆက်ပြီးချုပ်ကိုင်အုပ်စိုးမှု လုံး၀ ထပ်မလုပ်နိုင်အောင် မြန်မာလူထုက ဆန့်ကျင်အံတု တော်လှန်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

ပြည်သူတွေဟာ သူတို့ရဲ့ ဘ၀နဲ့ရင်းပြီး တော်လှန်ရေးမှာ ခက်ခက်ခဲခဲ ပါဝင်လုပ်ဆောင်နေကြတာပါ။ ဥပမာ- အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) မှာ ပါသင့်သလား၊ မပါသင့်ဘူး ဒါမှမဟုတ် CDM ပြုလုပ်ထားသူ အဖြစ် ဆက်ပြီး ရပ်တည်သင့်သလား၊ မရပ်တည်သင့်ဘူးလား စသဖြင့် စဉ်းစားရ ပါတယ်။

စစ်တပ်က ဖွင့်လိုက် တဲ့ ကျောင်းတွေမှာ ကိုယ့်သားသမီးတွေကို သွားတက်စေချင်သလား၊ မတက်စေချင်ဘူးလား စသဖြင့်လည်း အ ကျပ်ရိုက်နေရပါတယ်။ တချိန်တည်းမှာပဲ ရေကြည်ရာမြက်နု ရွေ့ပြောင်းကြရင်း ခေါင်းပုံဖြတ်ခံရမယ်ဆိုတာကို သိလျက်နဲ့ မွေးရပ်မြေကနေ စွန့်ခွာသွားသင့်လား၊ ဆက်နေရမလားဆိုတာ ခေါင်းခဲနေကြရပါတယ်။

နိုင်ငံအနှံ့မှာ မှီတင်းနေထိုင်ကြသူတွေ၊ မိသားစုတွေနဲ့ လူ့အသိုင်းအဝိုင်းတွေဟာ အာဏာသိမ်းမှုအလွန် အိပ်မက် ဆိုးတွေထဲမှာ နာကျင်မှုများစွာနဲ့ နိစ္စဓူ၀ ဖြတ်သန်းနေကြရပါတယ်။ ဒီအချိန်မှာပဲ “နွေဦး တော်လှန်ရေး” ကလည်း သူ့သဘောသူဆောင်ပြီး ပြောင်းလဲဖြစ်ပေါ်လာပါတယ်။

အကြမ်းမဖက်လှုပ်ရှားမှုကနေ စခဲ့ကြတဲ့ တော်လှန်ရေးဟာ အချိန်ကြာလာတာနဲ့အမျှ လက်နက်ကိုင် တိုက်တဲ့ စစ်ရေးပုံသဏ္ဍာန် ဖြစ်လာပါတယ်။

လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲတာက အားလုံးအတွက် မဆန်းတော့ဘဲ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်လာပါတယ်။ ဒါကို အားပေးကြသလို အောင်ပွဲခံတာတွေလည်း လုပ်နေပါပြီ။ အဲသည်လောက်အထိ စစ်ရေးအသွင်သဏ္ဍာန်က ကြီးထွားလာပါတယ်။

ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုလမ်းကြောင်းကို ဆင်ခြင်သုံးသပ်ပြီး အခြေခံအကျဆုံး မေးခွန်း နှစ်ခုဖြေဆိုဖို့ အရေးကြီးလိုလာပါတယ်။ ကျမတို့ဟာ ဘယ်သူတွေနဲ့ ဘာတွေကို တိုက်နေကြ လဲ။ ကျမတို့ ဟာ ဘယ်သူတွေနဲ့ဘာအတွက် တိုက်ပွဲဝင်နေကြတာလဲ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည် ဆိုရုံမျှဖြင့် မလုံလောက်

ဒုက္ခတွင်းဆုံး ကျစေခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ရည်ညွန်းပြီး မြန်မာ့နွေဦးတော်လှန်ရေးကို “စစ်အာ ဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှု” အဖြစ် ရေးသားဖော်ပြလေ့ရှိပါတယ်။ ဒီဝေါဟာရကို အတိ အကျ အနက်ဖွင့်မယ်ဆိုရင် အခုတော်လှန်ရေးဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ ခေါ်နေတဲ့ လက်ရှိ စစ်အစိုးရနဲ့ ဒီစစ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်တပ်တခုလုံးကိုပါ ဆန့်ကျင်တော်လှန် တဲ့ လှုပ်ရှားမှုလို့ ဆိုရပါမယ်။

ဒီဝေါဟာရကို ထပ်ပြီးဆင်ခြင်သုံးသပ်တဲ့အခါ အာဏာသိမ်းတာကို ပြောင်းပြန်လှန်လိုက်တာနဲ့ နွေဦး တော်လှန်ရေးရဲ့ လိုလားတောင်းဆိုချက်တွေ ပြည့်၀စေဖို့ လုံလောက်ဖွယ် ရှိနေသလိုပါပဲ။ အာဏာ မသိမ်းခင် တိုင်းပြည်ရဲ့ အခြေအနေဆီ အချိန်နောက်ပြန်လှည့်သွားလိုက်ရုံနဲ့ တော်လှန်ရေးက ပြီးသွား မယ့်သဘော ဖြစ်ပါတယ်။

ဒီလို နားလည်မှုလွဲသွားနိုင်တာက ပြဿနာကြီးပါတယ်။ Asia Times မှာပဲ ဖော်ပြခဲ့တဲ့ ဆောင်းပါးတပုဒ် မှာ ကျမတို့ ဆွေးနွေးခဲ့ဖူးပါတယ်။ အာဏာမသိမ်းခင်ကာလ မြန်မာနိုင်ငံရဲ့အခြေအနေကို ပြန်သွားရင် စစ်တပ်က စိတ်ကြိုက်ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုရာ ရောက်သွားမှာပါ။ တဖက်မှာ ပြည်သူတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတော့ ပါဘူး။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို တရားဝင်ဖျက်သိမ်းပြီးပါပြီ။

ဒါ့အပြင် အာဏာမသိမ်းခင်အချိန်က ရှိခဲ့တဲ့ မြန်မာနိုင်ငံရေးလမ်းကြောင်းက မှန်လှတယ် မဟုတ်ပါဘူး။ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေရှိနေပါတယ်။ တိုင်းပြည်ရဲ့ ဆုံးဖြတ်ခွင့်အာဏာကို ဗဟိုက ဆက်လက်ချုပ်ကိုင်ထားတယ်။ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေနဲ့ ဘာသာရေးလူနည်းစုတွေဟာ စနစ်တကျကို ဖယ်ကြဉ်ခံထား ရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကလည်း မရှိဘူး။ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ အမှန်တကယ်ဖြစ် ခဲ့တာကို နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အများပြည်သူဟာ လက်ခံဖို့ အဆင်သင့်မဖြစ်ဘဲ ခဲယဉ်းနေခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့အခါ နိုင်ငံရေးအမြင်ဟောင်းတွေလည်း ပြောင်းလဲကုန်ပါတယ်။ ဒီ ပြောင်းလဲမှုကနေ နောက်ပြန်လှည့်မယ်ဆို ရှက်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အခုလို အမြင် ပြောင်းခဲ့တာက စစ်အာဏာသိမ်း အနိဋ္ဌာရုံ အမှောင်ထုထဲမှာ ရှားရှားပါးပါးမြင်ခဲ့ရတဲ့၊ အဆိုးတွေထဲက ကောင်းကွက်တခု ဖြစ်နေလို့ပါပဲ။

နောက်ဆုံးမှာတော့ ဘုံရန်သူကို ရှင်းရှင်းလင်းဖော်ထုတ်နိုင်ခဲ့တာက ကွဲပြားခြားနားနေတဲ့ မြန်မာ့နိုင်ငံရေး အဖွဲ့တွေကို အရင်ကထက်ပိုပြီး စုစည်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို စုစည်းနိုင်ရုံမျှနဲ့ နွေဦး တော်လှန်ရေး အောင်မြင်ဖို့ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံကို ပိုမိုငြိမ်းချမ်းပြီး၊ ဒီမိုကရေစီနဲ့ တရား မျှတမှုလမ်းကြောင်းပေါ် မရောက်စေချင်တဲ့သူတွေကို သာမန်ကာလျှံကာ ဆန့်ကျင်တော်လှန်နေရုံမျှနဲ့ မလုံလောက်တော့ပါဘူး။ တော်လှန်ရေး အင်အားစုတွေအချင်းချင်း တူညီတဲ့တန်ဖိုးတွေ၊ တိုင်းပြည် အနာဂတ်အတွက် မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက် တွေအပေါ် အခြေခံပြီး ရေရှည်တည်တံ့တဲ့ မဟာမိတ်ဖွဲ့မှုတွေ လိုအပ်နေပါတယ်။

ဒီမိုကရေစီတန်ဖိုးများ ကျင့်သုံးရန်လိုအပ်

နွေဦးတော်လှန်ရေးကို ရံဖန်ရံခါမှာ “ဒီမိုကရေစီလိုလားသော လှုပ်ရှားမှု” လို့လည်း ခေါ်ကြပါတယ်။ ဒီစကားရပ် ရဲ့ အနက်ကိုလည်း သေချာစဉ်းစားကြည့်သင့်ပါတယ်။ “ဒီမိုကရေစီလိုလားသူ” လို့ခေါ်မယ် ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ဗဟုဝါဒ ကျင့်သုံးလက်ခံမှုအပြင် လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ လိုအပ်မှာကို အများသဘောတူ လက်ခံ ထားပါတယ်။

“ဒီမိုကရေစီလိုလားသူ” ဆိုတဲ့ ဖွင့်ဆိုချက်အတိုင်း နွေဦးတော်လှန်ရေးကို ဆင်ခြင်သုံးသပ်တဲ့အခါ စံနှုန်း ကိုက် တိုးတက်အောင် လုပ်ရမှာတွေ အများကြီး ရှိနေပါသေးတယ်။ တဖက်မှာ ဒီမိုကရေစီ တောင်းနေ ရင်းက အခြား တဖက်မှာတော့ ကိုယ့်ဆုံးဖြတ်ချက်၊ လုပ်ငန်းစဉ်တွေအပေါ် ဝေဖန်သူတွေကို အပြင်း အထန် ဖိနှိပ်တာ ဒါမှမဟုတ် ခေါင်းရှောင်တာ၊ ဒါမှမဟုတ် ကိုယ့်ကိုဝေဖန်တဲ့သူတွေဟာ ရန်သူဘက်က ရပ်တည်သူတွေဖြစ်တယ် လို့ စွပ်စွဲတာစတဲ့ ဆန့်ကျင်ဖက်လုပ်ရပ်တွေ မလုပ်ကောင်းပါဘူး။

လူတယောက်အဖို့ မတူကွဲပြားတဲ့ အယူအဆ၊ အမြင်တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး၊ ဒါမှမဟုတ် ယုတ်စွအဆုံး အမြင်မတူတာတွေကို လက်ခံပြီး ပေါင်းလုပ်ဖို့ အဆင်သင့်မဖြစ်သေးသမျှ ဒီမိုကရေစီတန်ဖိုး အကြောင်း မဆွေးနွေးသင့်ပါဘူး။ အရေးကြီးတာကလည်း အကြမ်းဖက်မှုကို လှုံ့ဆော်တာ၊ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ လက်နက်မဲ့အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကို လုပ်နေလျက်နဲ့ ဘယ်သူကမှ ဒီမို ကရေစီအတွက် တိုက်ပွဲဝင်လို့မရတဲ့ အချက်ပါပဲ။

နိုင်ငံနဲ့ပြည်သူအပေါ်ဘယ်လိုနစ်နာမှုတွေပဲ ဖြစ်ဖြစ် မငဲ့ကွက်ဘဲ ရှေ့တိုးလုပ်မယ့် အဖွဲ့အစည်းတရပ်နဲ့ ရင်ဆိုင် နေရတာက အမှန်ပါပဲ။ နိုင်ငံတကာ ဥပဒေတွေ ဒါမှမဟုတ် ဒီမိုကရေစီအခြေခံမူ တခုခုကို မဆိုးထားနှင့်၊ ပြည်တွင်းက ဥပဒေတွေကိုတောင် ဘယ်တုန်းကမှ မလိုက်နာခဲ့၊ လိုက်နာဖို့လည်း အစီ အစဉ်မရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လမ်းကြောင်းက အမှန်လဲဆိုတာကို ဖြေဖို့ အကျပ်အတည်းရှိပါတယ်။

ဒီလိုမျိုး ကျင့်ဝတ်ပိုင်းဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့ မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် နွေဦးတော်လှန်ရေးက ဖြစ်ခဲ့တာပါ။ အရင်ဆယ်စုနှစ်များစွာကတည်းက ဖြစ်နေတဲ့ တော်လှန်ရေးတွေ အခုထိ ဆက်ရှိနေတာကလည်း ဒါကြောင့်ပါပဲ။ အခု တော်လှန်ရေးမှာ ပါနေသူတွေ ကလည်း စစ်တပ်ရဲ့ လုပ်ရပ် မျိုးတွေကို ကိုယ်တိုင် လက်ခံကျင့်သုံးခြင်း မလုပ်ဘဲ ငြင်းပယ်ဖို့လိုပါတယ်။ မကောင်းဆိုးဝါးကို တိုက်ထုတ်ရင်း ကိုယ်တိုင် မကောင်းဆိုးဝါး ဖြစ်သွားလို့ မရပါဘူး။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအဖြစ် ကိုယ်ကိုယ့်ကိုယ် မှတ်ယူထားတဲ့ အဖွဲ့အားလုံးဟာ ဒီမိုကရေစီစံနှုန်းတွေကို လိုက်နာဖို့ အဆင်သင့်ဖြစ်သင့်ပါတယ်။ လိုက်နာဖို့ ပျက်ကွက်ရင်လည်း အပြည့် အ၀ တာဝန်ယူမှုရှိရပါမယ်။ ဂုဏ်သိက္ခာရှိတဲ့ တော်လှန်ရေးဆိုတာ ဘယ်သူကမှ အမှားမလုပ်တဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ အမှားလုပ်သူတွေကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပြတ်သားစွာ ကိုင်တွယ် ပြနိုင်တာဟာ ဂုဏ်သိက္ခာရှိတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။

လိုအပ်နေသော နောက်တဆင့် သို့မဟုတ် ဖက်ဒရယ်စနစ် ထောက်ခံမှု


မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရုတ်ခြည်း ရောက်သွားပြီ ဆိုပါစို့။ ဒီအခြေအနေမှာ ဒီမိုကရေစီ အမြစ်တွယ်ခိုင်မာစေဖို့ လတ်တလောရထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုဟာ အနည်းဆုံးတော့ ရွေးကောက်ပွဲတွေ တကြိမ်၊ နှစ်ကြိမ်မကဘဲ ပုံမှန်လည်ပတ်နေချိန်အထိ ရှိဖို့လိုပါတယ်။ ဒီမိုကရေစီ အမြစ်တွယ်ရုံသာမက အမှန် တကယ်ရှင်သန် ထွန်းကားဖို့ဆိုရင်တော့ ဖက်ဒရယ်စနစ်ကျင့်သုံးဖို့ လိုအပ် ပါတယ်။

နိုင်ငံမှာ ဖက်ဒရယ်စနစ်ကျင့်သုံးမှပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ရနိုင်မှာပါ။ ပါတီတခုတည်းကဖြစ်စေ၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးယုံကြည်မှု အလွှာတခုတည်းကဖြစ်စေ လွှမ်းမိုးထားတဲ့ ဗဟိုအုပ်ချုပ်မှုစနစ်နေရာတွေမှာ စစ်မှန်တဲ့အာဏာခွဲဝေမှုနဲ့ သာတူညီမျှရှိမှုတွေကို အစားထိုးချင်ရင် ဖယ်ဒရယ်စနစ်ကျင့်သုံးမှသာ ဖြစ်နိုင်ပါမယ်။ ဒီနည်းလမ်းနဲ့ပဲ ဖက်ဒရယ်စနစ်ဟာ လူတစုအတွက်မဟုတ်ဘဲ မတူကွဲပြားခြားနားတဲ့ လူ့အသိုင်းအဝိုင်းအားလုံးနဲ့ ဒေသအားလုံးအတွက် ဖန်တီးဆောင်ကြဉ်းပေးနိုင်တဲ့ စနစ်တခု ဖြစ်လာနိုင်ပါတယ်။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်တည်ဆောက်ဖို့ ဘယ်လို ကြိုးပမ်းကြမလဲ။ အထူးသဖြင့် အခုလို တော်လှန်ရေးကာလမှာ ဘယ်လို တည်ဆောက်ကြမလဲ။

ထိပ်ပိုင်းအဆင့်မှာ ဖက်ဒရယ်အခြေခံမူတွေကို သဘောတူကြဖို့နဲ့ အကောင်အထည်ဖော်ဖို့ စောင့်ဆိုင်း ခြင်းဟာ ချဉ်းကပ်နည်း တခုပါပဲ။ ဒါပေမဲ့ ဒီနည်းတခုတည်း ရှိတာတော့ မဟုတ်ပါဘူး။ အခြားနည်းအဖြစ် နိုင်ငံတွင်း ဖြစ်နိုင်တဲ့ ဒေသတွေ၊ အတန်သင့်ဘေးကင်းလုံခြုံတဲ့ဒေသတွေမှာ ဒေသန္တရအစိုးရတွေ ဖွဲ့တာ၊ ဒေသန္တရအုပ်ချုပ်ရေး ယန္တရား ခိုင်မာအားကောင်းစေတာ ဒါတွေကို အလေးပေး ဆောင်ရွက်နိုင်တဲ့ နည်းတွေလည်း ရှိပါတယ်။

အုပ်ချုပ်မှုတည်ဆောက်ပုံ အများအပြားဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ရှိနေပါတယ်။ ကြီးမားတဲ့ အခက်အခဲတွေ၊ အရင်းအမြစ် အကန့်အသတ်တွေနဲ့ ဗဟိုအစိုးရဆီက ဘယ်လို အထောက် အပံ့မှ မရခဲ့ပေမဲ့ ဆက်ပြီး တည်ရှိခဲ့ပါတယ်။ ဒေသခံတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ် နိုင်ဖို့ အခွင့်အာဏာတွေကို အသိအမှတ်ပြုတာဟာ သူတို့ကို ကူညီဖို့ လက်တွေ့အကျဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။ဒါတင်မကဘဲ အဲဒီ ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်မှုအလေ့အထကို ပျိုးထောင် ပေးရာလည်း ရောက်ပါတယ်။ ဒီနည်းလမ်းဟာ ဖက်ဒရယ်စနစ်ကို အောက်ခြေကစပြီး တည်ဆောက် တာမျိုးလည်း ဖြစ်ပါတယ်။

တော်လှန်ရေးဖြစ်စဉ်ကြီး

တကယ်တော့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ဟာ ဒီမိုကရေစီမပါဘဲ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖက်ဒရယ်စနစ်ကို ထောက်ခံမယ့် လူတယောက်ဟာ ဒီမိုကရေစီကို ထောက်ခံရုံမျှမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်သူလည်း ဖြစ်ရပါမယ်။ ဒါပေမဲ့ ဒီမိုကရေစီကို ထောက်ခံတယ်ဖြစ်စေ၊ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တယ်ဖြစ်စေ၊ အဲဒီသူဟာ ဖယ်ဒရယ်အခြေခံမူတွေကို ထောက်ခံသူ ဖြစ်မယ်လို့ တပ်အပ်မပြောနိုင်ပါဘူး။

ဒါကြောင့် လှုပ်ရှားမှုမှာ ပါဝင်နေသူတွေတင်မက အဖွဲ့အမျိုးမျိုးနဲ့ လုပ်နေပြီး၊ ဒီအဖွဲ့တွေကို အားပေး ထောက်ခံနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာ့တော်လှန်ရေးဖြစ်စဉ်မှာ ပါနေသူတွေရဲ့ ရပ်တည်ချက် သဘောထားတွေအပေါ် ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ အထူးအရေးကြီးပါတယ်။

ဒီဆောင်းပါးရေးသူတွေရဲ့ ရပ်တည်ချက်ကတော့ မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနဲ့ မလုံလောက်ဘူး၊ ဒီမိုကရေစီကို ထောက်ခံတာအပြင် ဖက်ဒရယ်စနစ်ကိုပါ ပြတ်ပြတ် သားသား ထောက်ခံဖို့ လိုအပ်လာပြီဆိုတဲ့ အမြင်ဖြစ်ပါတယ်။ လက်စားချေဖို့ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ မီးစင်ကြည့် ကနေရတယ်ပဲ ဖြစ်ဖြစ်၊ မတတ်သာလို့ အကြမ်းဖက်ရတယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ နည်း ဗျူဟာတွေကို သုံးနေရတယ်၊ ဒါတွေကို တော်လှန်ရေးသမားတွေ ရှောင်နိုင်မယ်ဆိုရင် ကိုယ်ဆန့်ကျင် တိုက်ခိုက်နေတဲ့ မကောင်းဆိုးဝါးနဲ့ တော်လှန်ရေးသမားတွေအကြား အထင်အရှားကွဲပြားစေလိမ့်မယ် လို့ ယုံကြည်ပါတယ်။

ဒါ့အပြင် မတူကွဲပြားမှုတွေကို အသိအမှတ်ပြု လက်ခံမယ်၊ သဘောထားကြီးပြီး စာနာငဲ့ညှာမှုကို အခြေခံမယ်။ ဒါတွေအပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချကြမယ်ဆိုရင် အနာဂတ်မျိုးဆက်တွေအတွက် ပိုမိုငြိမ်းချမ်းသာယာတဲ့ ဘ၀တွေကို ဖန်တီးပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒါပေမဲ့ အဖုံဖုံကွဲပြားနေတဲ့ မြန်မာ့တော်လှန်ရေးအင်အားစုတွေဟာ တော်လှန်ရေးဖြစ်စဉ်ကြီးထဲ မတူ ကွဲပြားတဲ့ အနေအထားမျိုးစုံမှာ ရောက်ကောင်းရောက်နေနိုင်တာကို နားလည်ပါတယ်။ အင်အားစုတွေရဲ့ ဘုံတူညီချက် လားရာတူနေသမျှ ကွဲပြားခြားနားမှုတွေက ပြဿနာမရှိပါဘူး။ လှုပ်ရှားမှုမှာပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တခုချင်းစီဟာ ကိုယ့်ရဲ့တန်ဖိုး၊ ချဉ်းကပ်မှုနည်းလမ်းနဲ့ လုပ်ရပ်တွေအပေါ် အဆက် မပြတ် ဆင်ခြင်သုံးသပ်နေဖို့သာ တိုက်တွန်းချင်ပါတယ်။

ဒီနည်းအားဖြင့် အင်အားစုတွေအကြား ပိုပြီးပွင်လင်းရိုးရှင်းစွာဆက်သွယ်မယ်၊ တိုင်ပင်နှီးနှော ဆောင်ရွက်လာ နိုင်မယ်ဆိုရင် အဲဒီကအစပြုပြီး “ပိုမိုကောင်းမွန်တဲ့ မြန်မာ့အနာဂတ်ဆီ” ဦးတည်မယ့် အကျိုးရှိသော တွေ့ဆုံ ဆွေးနွေးမှုတွေ ဧကန်ဖြစ်ထွန်းလာစေနိုင်ပါမယ်။

Yinglao Noanvo နှင့် Radka Antalikova တို့ ရေးသည်။

အယ်ဒီတာမှတ်ချက်

ဆောင်းပါးရှင်များက “Burma” ဟူသော အမည်ဟောင်းကို အကြောင်းအမျိုးမျိုးကြောင့် သုံးစွဲလိုကြ သော်လည်း Asia Times ၏ သတင်းစာတိုက်မူကို လိုက်နာလျက် ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင်အမည် (စစ်အစိုးရ က ၎င်းတို့ကိုယ် ၎င်းတို့ခေါ်ဆိုသော အမည်) ဖြစ်သည့် “Myanmar” ကို အသုံးပြုရန် သဘောတူခဲ့ကြသည်။

စာရေးသူမှတ်ချက်

ဤဆောင်းပါးကို မြန်မာဘာသာပြန်ဆိုရန် စီစဉ်ပေးသူများနှင့် ဘာသာပြန်ထားသည်များကို ဆီလျော်အောင် တည်းဖြတ်ပေးခဲ့သူတိုးအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုအပ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article