Thursday, May 2, 2024

နှစ်ပေါင်း ၂၀ ကျော်ကြာ အနာဂတ်မဲ့နေတဲ့ သျှမ်းစစ်ရှောင် ဘဝ

Must read

တောင်ထိပ်မှာ တိုးတိတ်တဲ့ လေတိုက်သံပဲ ကြားရတဲ့ကွင်းပြင်ကြီး အလယ်မှာ ကားကြီး တစ်စီးက ရုတ်တရက် ဆိုက်ရောက်လာပြီး တီးတိုးစကားသံတွေ စတင်ထွက်ပေါ်လာပါတော့တယ်။

ကုန်းကျော်စစ်ရှောင်စခန်းမှ ပြည်သူများ

ဘေးလွယ်အိတ်ကိုယ်စီ လွယ်ထားပြီး ခမောက်ဦးထုပ်ကို ကိုယ်စီဆောင်းထားတဲ့ လူတွေကာ ကားပေါ်ကနေဆင်း လာပါတယ်။ သူတို့တွေဟာ နေ့စားအလုပ်လုပ်ပြီး နေအိမ်ကို ပြန်လာတဲ့သူတွေဖြစ်ပါတယ်။

“ နေ့စားလိုက်ရတယ်။ သူများလာခေါ်ရင် လိုက်သွားတယ်။ တစ်နေ့ရှာမှ တစ်နေ့စာ စားရတယ်။ ဘယ်အလုပ်ကိုမှ မရွေးဘူး။ အဲ့တုန်းက နေ့စားတစ်နေ့ကို ထိုင်းဘတ် ၇၀ ပဲရတယ်။ မိသားစု စားဝတ်နေရေး ပြေလည်ဖို့လည်း နေ့တိုင်း နေ့စားလိုက် ရတာပေါ့။ နေ့စားလည်း သူ့ရာသီနဲ့ သူ။ ကြက်သွန်စိုက်တဲ့ချိန်၊ ငရုတ်သီးစိုက်တဲ့အချိန်၊ ကြက်သွန် ပြန်နုတ်တဲ့ချိန်တို့မှ သွားရတယ်။ ကျန်တဲ့ရာသီက နေ့စားလိုက်ရတာ နည်းတယ် “ လို့ ပါ့နန်းကြာ ကပြောပါတယ်။

ကုန်းကျော်စစ်ရှောင်စခန်းမှ ပြည်သူများ

စစ်ရှောင် အမျိုးသမီးတွေဟာ မိခင်တစ်ယောက်ရဲ့ တာဝန်၊ အိမ်ထောင်သည် တစ်ယောက်ရဲ့ တာဝန်အပြင် ကိုယ့်ရဲ့ ခြေထောက်ပေါ် ရပ်တည်နေနိုင်ဖို့အတွက်ကလည်း နေ့စား အလုပ်ကို ကြိုးစားရုန်းကန်ပြီး လုပ်ခဲ့ရကြောင်း ပါ့နန်းကြာက ပြောပါတယ်။

အဲ့ဒီနေရာဟာ သျှမ်းတော်လှန်ရေး နယ်မြေလို့ လူအများသိတဲ့ ထိုင်း – မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် သျှမ်းစစ်ရှောင် စခန်းပဲ ဖြစ်ပါတယ်။

ကုန်းကျော်စစ်ရှောင်စခန်း

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က စစ်တပ် နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြား တိုက်ပွဲများ၊ (RCSS/SSA) တပ်ဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြီး စစ်တပ်မှ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း၊ ရွာကို မီးရှို့ခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သျှမ်းစစ်ရှောင်တွေပဲ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်လာခဲ့စဉ်က ဝတ်ထားတဲ့ အဝတ်တစ်ထည် ကိုယ်တစ်လုံး နဲ့အတူ ယူဆောင်နိုင်တာကလွှဲပြီး ကျန်တာဘာမှ ယူဆောင်လာနိုင်ခြင်း မရှိခဲ့ဘူးလို့ စစ်ရှောင်အမျိုးသမီး ပါနန်းကြာက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ပြန်လည် ပြောပါတယ်။

စစ်ရှောင်များနေထိုင်သည့် နေအိမ်

“ တိုက်ပွဲဖြစ်တော့ ကျွန်မတို့ အသက်လုပြီး ထွက်ပြေးခဲ့ရတယ်။ ထွက်ပြေးတုန်းကလည်း ဘာမှတောင် မယူနိုင်ဘူး။ ကလေးရှိတဲ့ သူဆိုလည်း ကလေးကို ပွေ့ချီတယ်။ မြေးရှိတဲ့သူလည်း မြေးလေးကို လက်ချင်းချိတ်ပြီး တောတောင်တွေကို နေ့တိုင်း ဖြတ်လျှောက်လာရတာ“ ဟု ပါနန်းကြာက ပြောပါတယ်။

အဲ့ဒီချိန်တုန်းက ထွက်ပြေးလာခဲ့ကြသူတွေဟာ သျှမ်းပြည် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဟွေယောင်းကျေးရွာအုပ်စုမှ ပန်ကံ့ကော်ရွာ၊ ပန်မိုင်ဆုန်ရွာ၊ ပန်ဟောက်ရွာက ပြည်သူ ဦးရေ (၆၃၆) ဦး ဖြစ်ကြောင်း သိရပါတယ်။

စစ်ရှောင်စခန်း

၂၀၀၃ ခုနှစ်မှစပြီး ထိုင်း – မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ပိန်းလုံမြို့နယ် ကုန်းကျော်ရွာကို ရောက်ရှိလာခဲ့ပါတယ်။

စစ်ရှောင်အမျိုးသမီးတွေဟာ လက်ရှိမှာတော့ နေ့စားလုပ်အားခ တစ်ရက်ကို ဘတ် ၂၅၀ သာ ရရှိပါတယ်။ နေ့စား လုပ်အားခ အားကိုးနေရတဲ့ စစ်ရှောင်အမျိုးသမီးတွေဟာ တစ်ချိန်က စားဝတ်နေရေး ပြေလည်ဖို့အတွက် တတိယနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေခဲ့ပါတယ်။

“တစ်ခါတလေတော့ တတိယနိုင်ငံသွားဖို့ စဉ်းစားဖူးတယ်။ ကြိုးစားဖူးတယ်။ ဒါပေမယ့် နိုင်ငံကူးလက်မှတ်က မပြည့်စုံဘူးလေ။ တစ်ခါက ကျမတို့ စစ်ရှောင်တွေ ပတ်စပို့ (နိုင်ငံကူးစာအုပ်) လုပ်ပေးဖူးတယ်။ ကြာလည်းကြာနေပြီ။ အခုထိ မရသေးဘူး။ သက်တမ်းတိုးနေတယ်လို့တော့ ပြောတယ် “ ဟု ပါ့နန်းကြာက ဆိုပြန်ပါတယ်။

စစ်ရှောင်စခန်းမှ ကလေးငယ်များ

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ သက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီ ဖြစ်ကြောင်း၊ အခုချိန်မှာ မူလနေရပ် အိမ်ကိုပြန်ဖို့လည်း မတွေးတော့သလို အကယ်၍ ပြန်သွားရမယ်ဆိုပါက နေစရာ အိမ်လည်း မရှိတော့ကြောင်း စစ်ရှောင်တွေက ဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ သျှမ်းစစ်ရှောင်တွေကို စစ်တပ်မှ နေအိမ်မီးရှို့ခြင်း၊ ဒေသခံ ပိုင်ဆိုင်မှုများကို အပိုင်သိမ်းယူခြင်း နဲ့ ရိုက်နှိက်စက်ခြင်း စတာတွေကို နှိပ်ကွပ်ခဲ့ကြောင်းလည်း ကုန်းကျော် သျှမ်းစစ်ရှောင် ကော်မတီ၊ ဉက္ကဌ ဦးလုံးစိုင်းလျန်းက ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ပြောပါတယ်။

“ ဗမာစစ်တပ်က သူတို့အထင်က သျှမ်းပြည်လူထုတွေက သျှမ်းလက်နက်ကိုင်အဖွဲ့တွေကို အားပေးလိမ့်မယ် ဆိုပြီး တိုက်ပွဲအတွင်း သျှမ်းပြည်သူလူထုကို နှိပ်ကွပ်နိုင်သလောက် နှိပ်ကွပ်တယ်။ တချို့နေအိမ်ကို မီးရှို့တယ်၊ ပိုင်ဆိုင်မှုတွေကိုလည်း အားလုံးယူသွားတယ်။ အခု စစ်ကိုင်း၊ ပဲခူးတို့ ပုံစံလိုမျိုးပဲ၊ အဆောက်အဦးကို မီးရှို့ဖျက်ဆီးတယ်။ သျှမ်းလက်နက်ကိုင်တွေကို ထောက်ပံ့တယ်ဆိုတဲ့ သူတို့အထင်နဲ့ ရွာသားကိုလည်း ဖမ်းတယ်။ အဲ့လို ဖြစ်တော့ ဆက်နေလို့ မရတော့ နယ်စပ်ကို ထွက်ပြေးလာရတယ် “ လို့ လုံးစိုင်းလျန်းက ပြောပါတယ်။

စစ်ရှောင်စခန်းရှိ စာသင်ကျောင်း

ထိုင်း – မြန်မာနယ်စပ် ကုန်းကျော်စခန်းကို စရောက်လာချိန် (၂၀၀၃) ခုနှစ်မှာတော့ ထိုင်းနိုင်ငံ အစိုးရသည် သျှမ်းစစ်ရှောင်တွေကို လက်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ သျှမ်းစစ်ရှောင်တွေကို နေရာပြန်လည်ချထားရေးအတွက် တစ်ဖန် မြန်မာပြည်ရှိ စစ်တပ်ကို အကြောင်းကြား ခဲ့ကြောင်း ဆိုပါတယ်။

တိုက်ပွဲကြောင့် ထိုင်း – မြန်မာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သျှမ်းစစ်ရှောင်တွေကို ထိုင်းအစိုးရက နေရပ်မြေ ပြန်လည်ချထားရေးအတွက် မြန်မာပြည်ကို ပြန်လည်ဆက်သွယ် အကြောင်း ကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဘက်မှ စစ်တပ်သည် သျှမ်းစစ်ရှောင်တွေအပေါ် မသိချင်ဟန်ဆောင်ပြီး “ မြန်စကား မပြောတတ်လျှင်၊ မြန်မာနိုင်ငံသား မဟုတ်ကြောင်း “ ဆိုတဲ့ အကြောင်းပြချက် နဲ့ သျှမ်းစစ်ရှောင်တွေကို နေရာပြန်လည်ချထားရေး လက်မခံခဲ့တဲ့ အတွက်ကြောင့် သူတို့တွေဟာ ကုန်းကျော်မှာ ဆက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စစ်ရှောင်စခန်းမှ စာသင်ကျောင်း

အလားတူ တပိုင်တနိုင် စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ရာ တောတောင်အတွင်း ထွက်တဲ့ စပါးပင်၊ ဂျုံပင်၊ မြက်ပင် တွေကို ရိတ်သိမ်းပြီး သက်ကယ် လုပ်ပြီး ရောင်းချခဲ့ရတဲ့အကြောင်း စစ်ရှောင်အမျိုးသမီး ပါ့စိန်နုက ပြောပါတယ်။

“ သက်ကယ်လုပ်ရောင်းတော့လည်း အခုခေတ်က ခက်ပါတယ်။ တောတောင်က မြက်ပင်တွေ ရိတ်လာပြီး နေလှန်း။ တစ်ခါ အပင် အတို၊ အရှည်တွေကို ညီအောင်ပြန်ပြီး ဆွဲထုတ်ရတယ်။ ပြီးမှ ပြန်ရက်ရတယ်။ သက်ကယ်တစ်ခု ရဖို့က အချိန်အများကြီး ပေးရတယ်။ ရလာတော့လည်း အခုက ပွဲရှိမှရောင်းရတာ။ ပွဲမရှိရင် ဝယ်မယ့်သူမရှိ၊ ဒီတိုင်း လုပ်ပြီး သိမ်းထားရတယ် “ ဟု ပါ့စိန်နုက ပြောပါတယ်။

ခက်ခက်ခဲခဲဖြင့် လုပ်ဆောင်ရတဲ့ ပါစိန်နု တစ်ယောက်ရဲ့ သက်ကယ် တစ်ခုကို လက်ရှိမှာထိုင်းဘတ် ၂၀ ဖြင့်သာ ရောင်းချပေးနေသော်လည်း သက်ကယ်ကို ဝယ်သူမရှိသလောက် နည်းပါးတဲ့အတွက် ဝင်ငွေပုံမှန် မရရှိခဲ့ပေ။

သက်ကယ်

ဒါကြောင့် စားဝတ်နေရေးအတွက် ဝင်ငွေတစ်လမ်း ရှိဖို့ဆိုရင် နေ့စားလုပ်အားခကိုသာ အဓိက အားကိုးရပေမယ့် တဖက်မှာလည်း ကုန်ဈေးနှုန်းတွေ ယခင်ထက် ပိုမြင့်တက်လာတဲ့အတွက် ချွေသာမျှစားရကြောင်း ပါစိန်နုက ပြောပါတယ်။

“ အခု နေ့လုပ်အားခလည်း တစ်နေ့ကိုမှ ဘတ် ၂၅၀ ပဲရတယ်။ ကုန်ဈေးနှုန်းတွေက အကုန်ဈေးတက်နေပြီ။ အရင်က ဈေးသုံးရင် ဘတ် ၁၀၀ ဖိုးဆိုရင် သယ်လို့တောင်မနိုင်တာ။ အခု ဈေးသွားသုံးရင် ဘတ် (၁) ထောင်လောက်တော့ အသာလေး။ ငါးတစ်ကောင်ဆိုရင် အရင်က ဘယ်လောက်မှ မရှိဘူး။ အခုမှ ဘတ် ၈၀ ကျော်၊ ၁၀၀ နီးပါးရှိတယ်။ ရှိတုန်းစားရပြီး မရှိတုန်းမှာ အားတင်းထားရတာပေါ့။ စောင်ခြုံသလိုဘဲ ခေါင်းကို ခြုံရင်ခြေလွတ်တယ်။ ခြေကိုခြုံရင် ခေါင်းလွတ်တယ်။ မနက်စာစားရင် ညစာလွတ်တယ်။ ချွေသာပြီး စားနေရတာပေါ့ “ ဟု ပါ့စိန်နုက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် စစ်ရှောင်စခန်းသည် ထိုင်းနိုင်ငံအတွင်း တည်ရှိသည့် တစ်ခုတည်းသော သျှမ်းစစ်ရှောင်ဖြစ်သော်လည်း UNHCR အပါအဝင် ထိုင်းအစိုးရက တရားဝင် (ဒုက္ခသည်) စစ်ရှောင်စခန်း အဖြစ် အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။

စစ်ရှောင်နေအိမ်

“ ကျနော်တို့ကို တရားဝင် စစ်ရှောင်စခန်းအဖြစ် သတ်မှတ်လိုက်ရင်တော့ မြန်မာပြည်ကလူတွေ အလီလီ လာနေမယ် ဆိုတဲ့ဟာကို စိုးရိမ်တာ။ နောက်တစ်ခုကလည်း အဲ့အချိန်တုန်းက ထိုင်းအစိုးရက မြန်မာပြည် စစ်အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိတယ်။ အကယ်၍ တရားဝင်အဖြစ် သတ်မှတ်ပေးလိုက်ရင် မြန်မာပြည်စစ်အစိုးရရဲ့ အငြိုငြင် မခံချင်ဘူး “ လို့ လုံးစိုင်းလျန်းက ပြောပါတယ်။

၂၀၁၇ ခုနှစ်မှစ၍ ထိုင်း – မြန်မာနယ်စပ် ဒေသရှိ ကုန်းကျော် သျှမ်းစစ်ရှောင် စခန်းအပါအဝင် ကောင်းမုံမိန်း၊ လွိုင်ကော်ဝမ်း၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ် နှင့် လွိုင်ဆမ်ဆစ် စစ်ရှောင်စခန်း (၆) ခုနဲ့ လူဦးရေ ၆၂,၀၀ကျော် အတွက် TBC မှ ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားခဲ့ပြီးနောက် စခန်းကော်မတီများ နှင့် လူမှုအခြေပြု အဖွဲ့အစည်းများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရိက္ခာအလှူခံကာ စစ်ဘေးရှောင်များ ထောက်ပံ့ပေးကြောင်း သိရပါတယ်။

ကုန်းကျော်စစ်ရှောင်စခန်းမှ ပြည်သူများ

၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဆန္ဒပြသူမျာကို အကြမ်းဖက် ဖြိုခွင်းမှုများ၊ ဉပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်လာပါတယ်။

အဆိုပါ တိုက်ပွဲကြောင့် နိုင်ငံရေး မတည်မငြိမ် ဖြစ်ပေါ်လာပြီးနောက် ပညားရေး၊ လူမူရေး၊ စီးပွားရေး စသည့် လုပ်ငန်းများ ကျဆင်းလာသလို အလုပ်အကိုင်အခွင့်အလမ်းမှာလည်း ရှားပါးလာပါတယ်။ ထို့ကြောင့် ပြည်တွင်းရှိ လူငယ်များဟာ အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံထဲကို အလုံးအရင်း နှင့် ထွက်ပြေးတိမ်းရှောင် လာခဲ့ကြပါတယ်။

“ အဓိကတော့ ပညာရေး အဆင်မပြေလို့ပေါ့။ ကျောင်းတက်ချင်လည်း ကျောင်းမတက်ရဘူး။ အဲ့ကြောင့် ဒီဘက်မှာရှိတဲ့ ဆွေမျိုးဆီကို ပြေးလာရတာပေါ့ “ လို့ ကုန်းကျော် စစ်ရှောင်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ အသက် ၁၇ နှစ်ပြည့် စိုင်းလ (အမည်လွှဲ) က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ (စက်တင်ဘာလပိုင်း) မှစပြီး တရားမဝင် အောက်လမ်းကနေ ထိုင်း – မြန်မာ နယ်စပ် ချင်းမိုင်ခရိုင် ဝိန်းဟဲန်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုရှိ ကုန်းကျော် သျှမ်းစစ်ရှောင်စခန်းကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်မှစပြီး သျှမ်းပြည်တွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ပညားရေးပိုင်းဆိုင်ရာ လုပ်ငန်းများ အဆမတန် ကျဆင်းလာကာ ၎င်းမှာ ပညာရေး သင်ကြားဖို့အတွက် အခွင့်အရေးများစွာ ဆုံးရှုံးခဲ့ကြောင်း စိုင်းလ က ပြောပါတယ်။

စစ်ရှောင်စခန်းမှ ကလေးငယ်များ

“ ကိုဗစ် – ၁၉ ရောဂါဖြစ်ချိန်ကစပြီး ကျောင်းမတက်ရတာရယ်။ အဲ့နောက် စစ်တပ်က အာဏာထပ်သိမ်း လိုက်တော့ ၄ နှစ်လုံးလုံး ကျောင်းနဲ့ဝေးခဲ့ရတယ်။ ဒီချိန်ဆို ကျနော်သာ တက္ကသိုလ်ကျောင်း ပထမနှစ်လောက် ရောက်နေပြီ။ အခုကျောင်းနဲ့ဝေးသွားတော့ ကျောင်းကိုတောင် ဆက်မတက်ချင်တော့ဘူး “လို့ သူက ဆိုပါတယ်။

လက်ရှိ ကုန်းကျော်စစ်ရှောင်စခန်းတွင် ၎င်း၏ ဆွေမျိုးများ နှင့် အတူနေထိုင်ပြီး ထိုင်းကျောင်း၌ ပညာဆက်လက် သင်ကြားနေပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရသူ လူဦးရေပေါင်း ၁ ဒဿမ ၅ သန်း ကျော်ရှိနေပြီး အဲ့ဒီထက်မက ၁ ဒဿမ ၁ သန်းကျော်ဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတိုးလာတဲ့ အရေအတွက် ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ နောက်ဆုံးထုတ်ပြန်ချက် အရသိရပါတယ်။

ကုန်းကျော် သျှမ်းစစ်ဘေးရှောင်စခန်းတွင် လက်ရှိမှာ ကလေးငယ် ဦးရေဟာ ၁၀၀ ကျော်ရှိနေပြီး နွေရာသီ သျှမ်းစာ အပါအဝင်၊ ထိုင်း နှင့် အင်္ဂလိပ်စာ ဘာသာစကားများ၊ ပညာရပ်များကို သင်ကြားနေပါတယ်။

စာလေ့လာနေတဲ့ လူငယ်တစ်ဦး

“ ဒီက ကလေးငယ်တွေကို အသိပညာ၊ ဗဟုသုတ များများရှိစေချင်တယ်။ အခြေခံလေးနဲ့ သူတို့သွားလို့ရအောင် လမ်းတွေ ခင်းပေးချင်တယ်။ ထိုင်းကျောင်းဆိုရင် (မော ၆ ) ပြီးတဲ့အထိ၊ သူတို့ကို အားပေးတယ်။ ရှေ့ဆက်သူတို့လည်း အနာဂတ်အတွက် ကျောင်းတွေ ဆက်တက်နိုင်မယ် “ ဟု စိုင်းမိန်းက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ကလေးငယ်တွေဟာ အကယ်၍ ပညားရေးကို သင်ကြားခွင့်မရလျှင် ၎င်းတို့၏ ရှေ့ဆက် အနာဂတ်ကာလမှာ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း အားနည်းနေနိုင်ပြီး လမ်းမှားကို ရောက်စေနိုင်ကြောင်း စိုင်းမိန်းက ပြောပါတယ်။

နှစ်ပေါင်း ၂၀ ကျော်ကြာ ကုန်းကျော်မှာ နေထိုင်ရတဲ့ သျှမ်းစစ်ရှောင်တွေ အနာဂတ် ဘဝကတော့ မျှော်လင့်ချက်မဲ့ပေမယ့် စစ်ရှောင်မှာ မွေးဖွားလာတဲ့ မျိုးဆက်သစ်လူငယ်တွေကိုတော့ ပညာရေးကောင်းမွန်စွာ သင်ကြားပြီး ကြီးပြင်းစေချင်ကြောင်း ပါ့နန်းကြာ က ပြောဆိုလိုက်ပါတယ်။

“ ကျွန်မကတော့ ရှေ့ဆက်အနာဂတ်အတွက် ဘာမှမမျှော်လင့်တော့ပါဘူး။ ဒီမှာဘဲ အိုသွားပြီး ဒီမှာဘဲဆက်နေ သွားတော့မယ်။ ကျွန်မ မြေးတွေ၊ ကလေးတွေလည်း ဒီမှာဘဲ ကြီးပြင်းလာကြတော့လေ သူတို့ကို ဒီမှာဘဲ ပညာဆက်သင်စေချင်တယ် “ လို့ ပါ့နန်းကြာက ပြောပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article