Tuesday, January 27, 2026

တရုတ် အထူးကိုယ်စားလှယ် အသစ် နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EAOs (၇) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံ – မြောက်ပိုင်း EAOs အဖွဲ့များ “ဝ” ပြည်နယ်တွင် တွေ့ဆုံခဲ့စဉ် (ပုံဟောင်း)

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တို့ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့ ကြောင်း သိရသည်။

ယင်း တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာ ကိုယ်စားလှယ် အသစ် နှင့် ခေါင်းဆောင်များ တွေ့ဆုံ မိတ်ဆက်ခြင်း ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်အထူး ကိုယ်စားလှယ် အသစ် နဲ့ မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေ တွေ့ဆုံတာ ဟုတ်ပါတယ်၊ ကျနော်တို့ အဖွဲ့လည်း တက်ရောက်ခဲ့တယ်ပေါ့၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံ မိတ်ဆက်ခြင်းပါပဲ၊ တခြား ပြောဆို ဆွေးနွေးမှု အသေးစိတ်တော့ ကျနော်လည်း မသိဘူး” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်ကြသည့် ”ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (မိုင်းလားတပ်ဖွဲ့ ) NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ရက္ခိုင့်တပ်တော် AA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် SSPP တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို ဆက်သွယ် မေးမြန်းရာ အသေးစိတ် အချက်အလက်များကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ တပ်ဖွဲ့က ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးတာ မှန်ပါတယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဗိုလ်မှူးဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တွေ့ဆုံမှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီမော်ခရိုင်တွင် တွေ့ဆုံခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် မှ စုံစမ်းသိရှိရသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူများက သီးခြားအတည်မပြုနိုင်ကြောင်း ပြောဆိုထားသည်။

ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် တရုတ်ကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီ ကျင်းပမည့် ၂၀၂၃ ရွေးကောက်ပွဲ အခြေအနေ များကို ပိုမိုနားလည် သဘောပေါက်ရန်အတွက် EAOs များမှ သဘောထားများ မေးမြန်းစုံစမ်းခြင်း ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူများက ပြောဆိုသုံးသပ်ထားသည်။

တရုတ်သည် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ရှိနေသည့်အတွက် မြန်မာပြည်တွင်း စစ်ရေး နိုင်ငံရေး နှင့် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအကြောင်း လေ့လာရန် ဖြစ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ် နဲ့ EAO (၇) ဖွဲ့ တွေ့တာက တရုတ်ပြည်အနေ နဲ့ မြန်မာပြည်ကို များစွာ ရင်းနှီးမြှုပ်နှံမှု လုပ်နေတော့ အခုလက်ရှိ မြန်မာပြည် အကြောင်းကို ပိုမိုပြည့်စုံစွာ နားလည်ဖို့ လိုအပ်နေတဲ့ အချိန် ဖြစ်တဲ့ အတွက် ဒီတွေ့ဆုံမှု ဖြစ်လာတယ်၊ နောက်တစ်ခုက ၂၀၂၃ ခုနှစ်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ရှိသလို NUG /PDF ကလည်း ၂၀၂၃ ခုနှစ်အတွင်း တန်ပြန်စစ်ရေးစဖို့ ပြောဆိုထားတာတွေကြောင့် အရင် တရုတ် သံတမန်ဟောင်း အစား လူသစ် ခန့်ပြီး မြန်မာပြည်အရေးကို လာလေ့လာတာ၊ ဒီလိုလေ့လာမှု ပိုနားလည်အောင်လည်း မြောက်ပိုင်း က EAOs တွေ့ဆုံတာ ဖြစ်တယ်လို့ မြင်မိတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီမှ အကောင်အထည်ဖော်နေသည့် ၂၀၂၃ ခုနှစ် PR စနစ်ရွေးကောက်ပွဲကိုလည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ တရုတ်ဘက် သဘောမကျသည့် အချက် ရှိနေကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။

မြောက်ပိုင်း မဟာမိတ် EAOs ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးဂျွန် (Deng Xijun) သည် ၂၀၂၀ ခုနှစ်မှ စတင်ပြီး အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏နေရာကို ဆက်ခံသူဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...