Friday, April 26, 2024

သျှမ်းမူတန်းတူရေး နဲ့ ဝ ပြည်နယ်သစ် ပေါ်ပေါက်နိုင်မယ့်အလားအလာ

Must read

ဒီတပတ် မြန်မာနိုင်ငံအတွင်း ဂယက်ထထားသွားတဲ့ သတင်းကတော့ ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) “ဝ” ပြည်နယ် သတ်မှတ်ပေးဖို့ စစ်ကောင်စီက မူအားဖြင့် သဘောတူလိုက်တဲ့ သတင်းပါပဲ။

UWSA, SSPP,NDAA နဲ့စစ်ကောင်စီတွေ့ဆုံ

စက်တင်ဘာ ၂၆ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ‘ဝ’ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တကျော့ပြန် ပြန်တွေ့ဆုံခဲ့ပါတယ်။

ဒီတကျော့ပြန်တွေ့ဆုံချိန်မှာ အင်အားကြီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSP က “ဝ” ပြည်နယ်ရဖို့တောင်းဆိုခဲ့တာကို စစ်ကောင်စီဘက်ကတော့ မူအားဖြင့် သဘာတူလိုက်တဲ့သတင်းကတော့ လူမှုကွန်ရက်မှာ ဂယက်ထခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ‘‘မူအားဖြင်ႉသဘောတူတယ်။ သို့သော် လွှတ်တော်လမ်းကြောင်း ကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရမယ်။ အခုမပြင်ဆင်နိုင်သေးပေမဲ့ လွှတ်တော်ပေါ်လာတဲ့အခါ တပ်မတော် အနေနဲ့ အခုသဘောတူညီချက်တွေကို ထောက်ခံရပ်တည်သွားမယ်’’ လို့ BBC သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

“ဝ” ဒေသကို သျှမ်းပြည်မြောက်ပိုင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း နဲ့ ပန်ဆန်းမြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခု ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြဌာန်းသတ်မှတ်ထားပါတယ်။

UWSA ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေထဲမှာ လူသူ လက်နက်အင်အားကြီးမား တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

UWSA

“ဝ” ပြည်နယ်တောင်းဆိုမှု ဟာ အခုမှ မဟုတ်ကြောင်း အရင်ကတည်းက UWSA ဟာ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ ကြောင်း သျှမ်းနိုင်ငံရေးသမားတစ်ဦး က မှတ်ချက်ပြုသည်။

“ ဒီတခါ UWSP က “ဝ” ပြည်နယ် သတ်မှတ်ဖို့ စစ်ကောင်စီ ဘက်က မူအရ သဘောတူညီတာ တွေ့ရတယ်။ ဒါပေမယ့် ဒါက လွယ်တဲ့အရာတော့မဟုတ်ဘူး။ ဖွဲ့စည်းပုံကို အရင်ပြင်ရမှာပါ။ နောက်ဒေသတွင်းက လက်နက်ကိုင်တွေနဲ့လည်း ညှိနှိုင်းရ မယ်” လို့ သျှမ်းနိုင်ငံရေးသမားတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA/မိုင်းလား) ကတော့ အထူးဒေသ(၄) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖြစ်သတ်မှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ပါတယ်။

မိုင်းလားကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဖြစ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥဒေ ပြင်ဆင်ပြီးမှရမှာ ဖြစ်ပါတယ်။

“ တကယ်တော့ “ဝ” နဲ့ မိုင်းလားမှာ က ကိုယ်ပိုင်တရားစီရင်ရေးမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်တွေ၊ ကိုယ်ပိုင် တရားစီရင်ရေးတွေနဲ့ သွားနေကြပြီးသားပါ” -လို့ သျှမ်းနိုင်ငံရေးသမားက ဆက်ပြောပါတယ်။

NDAA နဲ့ စစ်ကောင်စီတွေ့ဆုံစဥ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပေဒ စာမျက်နှာ ၁၆ ပုဒ်မ ၅၃ အပိုဒ်ငယ် (က) မှ (စ) လုံးအထိ က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ် ရဲ့ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ဖို့ အကြောင်း ချမှတ်ထားတာပါတယ်။

အခု ဝ ပြည်နယ်သစ် ပေါ်ထွန်းရေး ကိစ္စက သျှမ်းပြည်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ဖို့ ကိစ္စဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအရ –

(၁) အဲဒီ့နယ်ထဲမှာ ရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူရဲ့သဘောထား ရယူရမယ်။

(၂) ပြင်ဆင်ဖို့ ထောက်ခံ ဆန္ဒမဲမရရင် ပြင်ဆင်သတ်မှတ်ဖို့ လုံးဝမရ။

(၃) အဲဒီ့နယ်ထဲမှာရှိတဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံမဲပေးရင် သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ဆန္ဒသဘောထား ထပ်ရယူရမယ်။

(၄) သက်ဆိုင်တဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲ လေးပုံသုံးပုံနဲ့ အထက် ရရင် ပြည်ထောင်စု လွှတ်တော် ရဲ့သဘောထား ကို ထပ်ယူရပါမယ်။

(၅) သက်ဆိုင်တဲ့ ပြည်နယ် လွှတ်တော်က ကန့်ကွက်မဲ နဲ့သဘော မတူရင် ပြည်ထောင်စု လွှတ်တော် ရဲ့ အဆုံးအဖြတ်ကိုရယူရမယ်။

(၆) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် လေးပုံသုံးပုံ နဲ့အထက်က နယ်နိမိတ် ပြင်ဆင်သင့်တယ်လို့ ထောက်ခံဆန္ဒမဲပေးရင် အဲဒီ့ ပြည်နယ် နဲ့ တိုင်း နယ်နိမိတ် ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရပါမယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ပြည်ထောင်စုအင်စတီဂျု ဒါရိုက်တာ ဉီးခွန်စိုင်းက “ “ဝ” ပြည်နယ် တောင်းတဲ့ကိစ္စဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားမယ်ဆိုပါက သူတို့ ထိန်းချုပ်တဲ့နယ်မြေထဲမှာ ပြည်သူ့ဆန္ဒပြ ကောက်ယူပွဲလုပ်ရင် အဖြေက ရဖို့က ဘာမှ မခက်ပါဘူး။သို့သော်လည်း နောက်တဆင့်က ပြည်နယ်လွှတ်တော်မှာ မဲခွဲဖို့လုပ်ပါမယ်။ နောက်တခုက ပြည်ထောင်စုလွှတ်တော်မှာလည်းဆုံးဖြတ်ရမယ်။ မလွယ်ဘူးပေါ့။ “ဝ” ပြည်နယ် ရဖို့ ပြည်နယ် လွှတ်တော် ပြည်ထောင်စုလွှတ်တော်မှာရော တပ်မတော်က လုံးဝ ထောက်ခံအားပေးတဲ့ လွှတ်တော်အမတ်တွေ ပြည့်နေရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မလို့ တပ်မတော်က မူအရသဘောတူတည်လို့ပြောတာက ဥပဒေလုပ်ဆောင်ဖို့က အဆင့်ကအများကြီးရှိသေးတယ်” လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ဆက်လက်ပြီး အစည်းအဝေးမှာ SSPP ဒု-ဥက္ကဌ စဝ်ခွန်ဆိုင်က ငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အချက် ၄ ချက် တင်ပြခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက် ၅ ချက်ကို တင်ပြခဲ့တယ်လို့ SSPP ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

SSPP နဲ့ စစ်ကောင်စီတွေ့ဆုံစဥ်

ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် SSPP တင်ပြတဲ့ အချက် ၄ ချက်မှာ ပင်လုံကတိကဝတ် အကောင်အထည်ဖော်ရေး၊ ၁၉၆၁ ပြည်နယ်ပေါင်းစုံ ညီလာခံတွင် ချမှတ်ခဲ့တဲ့ သဘောတူညီချက်များ အကောင်အထည်ဖော်ရေး၊ အမျိုးသား တန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တို့ဖြစ်ပါတယ်။

ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရာမှာ လိုက်နာရမယ့် အခြေခံမူ ၅ ချက်ထဲမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်ရှိတဲ့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖွဲ့ရမည်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

“SSPP အနေနဲ့ သျှမ်းမူ ခေါ် တောင်ကြီးမူကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားတယ်လို့ ဆိုရပါမယ်။ SSPP ရဲ့ တင်ပြမှုဟာ သျှမ်းလူမျိုးတမျိုးထဲအတွက်သက်သက် တောင်းဆိုမှုမဟုတ်ဘဲ တပြည်လုံးအတွက် တောင်းဆိုလိုက်တာ တပြည်လုံး အတိုင်းအတာဆောင်တဲ့ နိုင်ငံရေးပြဿနာကို ဆွဲထုတ်လိုက်တာလို့ ပြောရပါမယ်။ ပြောရရင် SSPP က တိုင်းရင်းသား လူမျိုးများရဲ့တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး ခေါင်ကို ကိုင်လိုက်တယ်လို့ ပြောရပါမယ်” – လို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

နေပြည်တော်သို့ လာရောက် တွေ့ဆုံခြင်း မတိုင်မီ ရက်ပိုင်းအတွင်းက UWSA ထိန်းချုပ်ဒေသ ပန်ဆန်းမြို့မှာ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA၊ NDAA၊ SSPP တို့အပြင် ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) တပ်(TNLA)၊ ကိုးကန့် (MNDAA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ကိုယ် စားလှယ် အချို့လည်း ပါဝင်ခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ UWSP ဒု-ဥက္ကဋ္ဌ ဦးလော့ယာကု၊ NDAA ဒု-က္ကဋ္ဌ ဦးဆန်းပေ ၊ SSPP ဒု-ဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်နဲ့အဖွဲ့က နိုင်ငံတော်မှ ခွဲမထွက်ဘဲ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးထိန်းသိမ်းလိုက်နာနေတဲ့ အခြေအနေတွေ၊ သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းခြင်း မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး နဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပါတယ်။

ဆက်ပြီး စက်တင်ဘာ (၂၇) ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က – “ ဖက်ဒရယ် အခွင့် အရေးများ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ဖက်ဒရယ် အခွင့်အရေးများကို ပေးအပ်မှာဖြစ်ကြောင်း နှင့် ပြည်ပ ပရောဂများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ဝါဒကွဲပြားနေကြောင်း” ပြောဆိုလိုက်ပါတယ်။

ပြည်နယ်သစ် သတ်မှတ်ရေး နဲ့ ပတ်သက်ပြီး သျှမ်းစာရေးဆရာ ဟိန်းကာယန်း က – “ဖက်ဒရယ် က ဖွဲ့စည်းပုံ ကနေ ခွဲပေးရမယ်. စစ်တပ်ကနေ ခွဲပေးတဲ့ပုံစံမဖြစ်ရဘူး။ ဒီစနစ်ကို လူတိုင်းနားလည်ရမယ်။ အဲ့ဒါကြောင့် ဝ ပြည်နယ် သတ်မှတ်ပေးဖို့ သဘောတူတယ်လို့ သူတို့ ပြောထားတဲ့ဟာက ၂၀၀၈ဖွဲ့စည်းပုံအတိုင်းသွားရမယ်။ လွှတ်တော်စနစ် နဲ့သွားရမယ်။ စစ်တပ်က အပြည့်အဝ ပြောနိုင်တာကတော့ USDP ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖြစ်လာရင် “ဝ”ဘက် ကနေပြီးတော့မှ ထောက်ခံသွားမယ် အဲ့လိုသဘောရှိတယ်”လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိအခြေအနေမှာ UWSP/UWSA ထိန်းချုပ်ထားတဲ့ “ ဝ” ဒေသဟာ ပြည်နယ်အဆင့် ကျော်လွန်နေပါတယ်။ ဘာလို့လဲ ဆိုတော့ အုပ်ချုပ်ရေး၊ ဉပဒေ ပြုရေး၊ တရားစီရင်ရေး လွတ်လွတ်လပ်လပ် နဲ့ ကံကြမ္မာဖန်တီး ပိုင်ခွင့် ရထားလို့ပါဘဲ။ ကိုယ်ပိုင် ပိုက်ဆံ တာ ထုတ်လုပ် အသုံးပြုမယ်ဆိုရင်တော့ “ဝ” ဒေသဟာ လွတ်လပ်တဲ့ တိုင်းပြည်ငယ်တခုအလား ပါပဲ။

Leave a Comments

- Advertisement -spot_img

Latest article