Friday, April 26, 2024

ဟိုပုံးမြို့နယ် PNO စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်မည်

Must read

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဒုတိယအကြိမ် စစ်သင်တန်း စားရိတ် ထပ်မံကောက်ခံမည် ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်အိမ်လျှင် ပိုက်ဆံ (၃၀,၀၀၀) ကျပ် နှင့် ဆန် (၁) ပြည် တောင်းယူပြီး၊ ယခုကာလတွင် ဒုတိယအကြိမ် စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်ခံမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ထပ်ကောက်မယ်လို့တော့ ပြောတယ်။ ဘယ်ချိန် ကောက်မယ်ဆိုတာတော့ မသတ်မှတ်ထားသေးဘူး။ ဘယ်လောက် ကောက်မယ်ဆိုတာလည်း မသိရသေးဘူး။ သူတို့ ထပ်ကောက်မယ်ဆိုတာကိုတော့ အကြောင်းကြားလာပါတယ် “ ဟု ၎င်းအမျိုးသား တစ်ဦးက ပြောသည်။

PNO မှ စစ်သင်တန်းပေးနေပုံ

PNO တပ်ဖွဲ့များက ဇူလိုင် (၅) ရက်နေ့မှစပြီး မိမိတို့ ရပ်ရွာဒေသ လုံခြုံရေးအတွက် ကျေးရွာ တစ်အုပ်စုလျှင် လူ (၅) ယောက် စစ်သင်တန်း ခေါ်ယူခဲ့သည်။

အဆိုပါ PNO တပ်ဖွဲ့သည် ကျေးရွာလုံခြုံရေး အတွက် စစ်သင်တန်း ခေါ်ယူခြင်းကြောင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှ ရွာသူကြီးများက စစ်သင်တန်းမတက်ရန်အတွက် ပြည်သူ့စစ် PNO တပ်ဖွဲ့များကို တောင်းဆိုခဲ့ရသည်။

“ သူတို့က စစ်သင်တန်းတက်ဖို့ ကျေးရွာတစ်အုပ်စုကို လူ (၅) ယောက် ကို (၁၅) ရက်ထိ စစ်သင်တန်း တက်ခိုင်းတယ်။ ကျနော် ရွာကလူတွေသိပ်မရှိဘူးလေ။ အဲ့ကြောင့် သူတို့ကို သွားတောင်းပန်ခဲ့တယ်။ အဲ့ကြောင့် ကျနော်တို့ ရွာကလည်း စစ်သင်တန်းမသွားတက်ခဲ့ရဘူး“ ဟု ၎င်းအမျိုးသား တစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ပြည်သူ့စစ် PNO တပ်ဖွဲ့က ဟိုပုံးမြို့နယ်တွင်း ကျေးရွာများကို ဒုတိယအကြိမ် စစ်သင်တန်းစားရိတ် ကောက်သွားမည်ဆိုလျှင် ပြည်သူများ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်သည်ဟု ဟိုပုံးမြို့နယ် အမျိုးသမီးတစ်ဦး ကပြောသည်။

“ အခု ခြံ ၊ လယ်ယာ လုပ်နေရတဲ့အချိန်မှာ ပိုက်ဆံထပ်ကောက်ရင်တော့ ခက်ခဲတယ်။ ပြီးတော့ သူတို့လူပါ ထပ်ကောက်မယ်ဆိုတော့ တချို့တွေက လန့်ပြီး ရွာကိုထွက်ပြေးကြတယ်။ ဒီအချိန်မှာ ထပ်ပြီး စစ်သင်တန်းစားရိတ် ထပ်ကောက်မယ်ဆိုရင်တော့ စားဝတ်နေရေးအတွက် တော်တော်ခက်ခဲမယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) သည် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်အထိ တစ်အိမ်ကို ငွေ ၃ သောင်း နှင့် ဆန် (၁) ပြည်ကို ကောက်ယူခဲ့ပြီး အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ် အမျိုးသားနှင့် အမျိုးသမီးများကို စစ်သင်တန်းပေးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article