သျှမ်းတောင်တန်းပေါ်က CDM သမားတွေရဲ့ စိန်ခေါ်မှု

0

အသက် (၁၀)နှစ် အရွယ် သားငယ်ကို ချန်ထားပြီး၊ ထွက်ပြေးတိမ်းရှောင်နေရမယ်လို့ ကျန်းမာရေးဝန်ထမ်း တယောက်အနေနဲ့ တကြိမ်တခါမျှ သူမ မစဉ်းစားမိခဲ့ပေ။

သူမဟာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေး ဆရာမတစ်ဦးဖြစ်ပြီး၊ ယခုကဲ့လို ထွက်ပြေးတိမ်းရှောင်နေရမှာကို မထင်မှတ်ခဲ့ပါ။

သူမဟာ သျှမ်းရှေ့ ဒေသ က တာဝန်ထမ်းဆောင်ပြီး CDM ပါဝင်ခဲ့တဲ့ ကျန်းမာရေး ဆရာမ နန်းမွှေး (အမည်လွှဲ) က ပါပဲ။

သူမ က CDM ပါဝင်နေတဲ့သူတစ်ဦးဖြစ်လို Single Mom အမေ တစ်ခု သားတစ်ခု ဖြစ်တဲ့အတွက် သားကို ချန်ထားရကာ နောက်ဆံတင်းပြီး ဝမ်းနည်းနေရပါတယ်။

“ သားရဲ့ အနာဂတ်ရှိတယ်လေ။ သားကို ဖုန်းခိုးဆက်နေရတဲ့ဘဝ၊ သားစိတ်ဒဏ်ရာ ရမှာ အရမ်းကြောက်တယ်” လို့ ဆရာမ နန်းမွှေး က ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေချိန် လုံခြုံတယ်လို့ ခံစားရပေမယ့် သားနဲ့ဖုန်းပြောဆိုတဲ့အချိန်အခါမှာ “ အမေ ဘာကြောင့် ထွက်ပြေးနေတာလဲ”ဆိုတဲ့ မေးမြန်းချက်ကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းလည်း သူမက ပြောပါတယ်။

လက်ရှိမှာတော့ သူမဟာ စစ်အာဏာရှင်ကို ဆန့်ကျင်လာတာ လပေါင်း (၄)လ ကျော်ကြာရှိလာခဲ့ပြီး၊ ဝင်ငွေလည်းမရရှိတော့တဲ့အတွက် အမေ တစ်ခု၊သားတစ်ခုသာနေထိုင်တဲ့သူတယောက်အနေနဲ့ စိတ်တွေ ရှုပ်ထွေးနေရတဲ့အချိန်ဖြစ်ကြောင်း၊ ဝင်ငွေမရှိတဲ့အတွက် ရှေ့ရေးအတွက် စဉ်းစားစရာဖြစ်နေကြောင်းလည်း နန်းမွှေး တယောက် က ရှင်းပြပါတယ်။

“ကျမက ဒီဝန်ထမ်းအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်ခဲ့တယ်။ တော်လှန်ရေးက ကာလကြာလာတော့ စားဝတ်နေရေးအတွက် မတောင့်ခံနိုင်တော့ဘူး။ ထောက်ပံ့ငွေလည်း မရတော့ ကျမသားရဲ့ ရှေ့ရေးအတွက်လည်း စဉ်းစားရအုံးမယ်” လို့ ပြောပါတယ်။

၄လ ကျော်တာ ကာလအတွင်း အသိမိတ်ဆွေတွေ ကပဲ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေ ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်းဖို့ပြုလုပ်ကြပေမယ့် လက်ရှိမှာ အခက်အခဲမျိုးစုံ ကြုံလာတဲ့အချိန်မှာ CDM မှ Non-CDM တို့ပြောင်းဖို့အတွက် စဉ်းစားလာကြတယ်လို့ လည်း CDM သမားတွေက ပြောကြပါတယ်။

CDM လုပ်လည်း ကြောက်ရတဲ့ ဘဝ၊ Non- CDM လုပ်လည်း ကြောက်ရတဲ့ခေတ်တွေ မှာ နေရတဲ့ ဝန်ထမ်းတွေ ဘဝက ကိုယ်တိုင်ကြုံမှသိနိုင်ကြောင်း သျှမ်းပြည် ဝန်ထမ်း သမားတွေက ပြောပါတယ်။

“ကျမတို့ CDM လုပ်လည်း ကြောက်ရတယ်။ Non-CDMလုပ်ရင်လည်း Social Pushiment လုပ်ခံရမှာလည်း စိုးရိမ်ရတယ်။ အဲ့လို အခြေနေတွေ ရှိတယ်” လို့ သျှမ်းမြောက် CDM လုပ်နေတဲ့ ပညာရေး ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောပါတယ်။

တချို့ သျှမ်းပြည် မှ CDM ဝန်ထမ်းအမျိုးသမီးတွေဟာ မိသားစုအရေး၊ သား၊သမီး အရေး ကိစ္စတွေကြောင့် Non-CDM ပြန်ဝင်ရန် အတွက် ပြင်ဆင်နေကြပါတယ်။

“ပုဒ်မတွေ ပါတပ်ပြီး မရမက ဖမ်းမယ့်စာရင်းထဲပါနေတော့ အိမ်ကလည်း စိတ်ပူတယ်။ ရပ်မိရပ်ဖတွေ လည်း စိတ်ပူတယ်။ အသနားခံစာတွေ ပြန်တင်ပေးထားတယ်။ ကြောက်ကြောက်နဲ့ အလုပ်ပြန်သွားရတော့မယ်” လို့ သျှမ်းရှေ့ ကျန်းမာရေးဝန်ထမ်း ဖြစ်တဲ့ နန်းမွှေး က ဆိုပါတယ်။

၄ လကျော် ကာလထိ တောင့်ခံထားပြီး လစာမယူ၊ မည်သည့်အဖွဲ့အစည်းထံမှ အထောက်အပံ့ မယူဘဲ CDM သည်သာ စစ်အာဏာရှင် ကျဆုံးရေးအတွက် အထိရောက်ဆုံး လှုပ်ရှားမှု တစ်ခုဖြစ်ကြောင်း သျှမ်းမြောက် ပညာရေးဝန်ထမ်း အမျိုးသားတစ်ဦး က ပြောပါတယ်။

“စစ်အာဏာသိမ်းတာကို လက်မခံနိုင်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ကော အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ CDM လုပ်တာ အရမ်းထိရောက်တယ်လို့ မြင်မိပါတယ်” ဟု ကျောင်းဆရာတစ်ဦး က ပြတ်သားစွာ ပြောပါတယ်။

တချိုု့ CDM ဝန်ထမ်းတွေဟာ ထောက်ပံ့မှု လိုချင်တဲ့အတွက် CDM ဝင်ရောက်ကြခြင်းမဟုတ်ပေမယ့် မိသားစုအရေး အခက်အခဲကြောင့် Non-CDM ပြန်လုပ်ကြသူများရှိကြောင်း လည်း ကျောင်းဆရာ က ဆိုပါတယ်။

“ ကျနော်သိတဲ့ဆရာမတချို့ဆိုရင် Non-CDM ပြန်လုပ်ကြတယ်။ ဒါလည်း သူတို့အခက်အခဲရှိကြတာကို။ သူတို့ Non-CDM ပြန်လုပ်တော့ ကျနော်တို့လုံခြုံရေး ကိုလည်းပြန်စိုးရိမ်နေရတယ်” လို့CDM လုပ်နေတဲ့ ကျောင်းဆရာပြောပါတယ်။

အစိုးရဝန်ထမ်းအများစုဟာ လစာအပြည့်အဝ ရှိခဲ့သူတွေမဟုတ်ကြတဲ့အတွက် CDM အဖြစ် တောင့်ခံရန် အလွန်ပင် ခက်ခဲကြတဲ့သူများဖြစ်ကြောင်း၊ ထို တော်လှန်ရေးကြီး မပြီးသရွေ့ တောင့်ခံနိုင်ဖို့ ကို လည်း အကူအညီလိုအပ်ကြောင်း CDM သမားများက ပြောသည်။

သား၊သမီးကို တခြားအရပ်မှာ ချန်ထားပြီး လွှတ်မြောက်နယ်မြေမှာ တိမ်းရှောင်နေတဲ့ အစိုးရဝန်ထမ်းတွေရဲ့ ဘဝဟာ အလွန်ပင် ခက်ခဲနေကြကာ၊ စိုးရိမ်မှုတွေနဲ့ နေ့စဉ်ရက်ဆက် ကျော်ဖြတ်နေရတဲ့သူတွေဖြစ်ပါတယ်။

“ အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ စိတ်နဲ့ သျှမ်းပြည် CDM သမားတွေလည်း နှစ်သိမ့်ဖြေသိမ်းက CDM တောင့်ခံနိုင်ဖို့ ကြိုးစားနေကြကြောင်းလည်း သျှမ်းပြည် CDM ဝန်ထမ်းတွေက ပြောဆိုလိုက်ပါတယ်။

Leave a Comments