Monday, April 29, 2024

မူဆယ်မြို့ က ပြည်သူ့စစ်ပိုင် ကားတစ်စီး လုယက်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ် တစ်ဦးပိုင်ဆိုင်သည့် ကားကို လူတစ်စုက လုယက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန် (၆) ရက် မနက် (၆) နာရီခွဲ ဝန်းကျင်က ပြည်သူ့စစ်တစ်ဦးသည် နေအိမ်မှ ထွက်လာစဥ် လူတစ်စုက ကားဖြင့် ရောက်လာပြီး ထို ပြည်သူ့စစ်ကို ထုရိုက်ကာ ကားကို လုယူထွက်ပြေးနေချိန် ပြည်သူ့စစ်ဘက်မှ သေနတ်ပစ်ဖောက်ကာ လုယက်သူ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

ကားလုယက်မှုဖြစ်ပွားစဥ်

“ဘယ်က ပြည်သူ့စစ်အဖွဲ့လည်းဆိုတာတော့ ကျနော်တို့လည်း သေချာမသိရဘူး။ သူ့ဆိုရှယ် မီဒီယာမှာ ပြန်တင်ထားတာကတော့ ကားကို ပြန်တွေ့ရင် သိန်း ၅၀ ဆုချီးမြှင့်မယ်လို့ တင်ထားတာ တွေ့ရတယ်” ဟု မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လုယက်ခံရသည့် ကားသည် Crown ကားဖြစ်ပြီး အဆိုပါ ကားထဲတွင် မည်သည့် ပစ္စည်း ပါသွားသည်ကို မသိရှိရပေ။

ကားလုယက်မှုဖြစ်ပွားစဥ်

“အဲ့ရပ်ကွက်က ပြည်သူ့စစ် နဲ့ တရုတ်လူမျိုးတွေ နေထိုင်တာများတယ်။ လက်နက်ကိုင် အချင်းချင်းလဲ လုယက်တာတွေရှိတယ်” ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ဇွန် (၄) ရက်တွင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာက လင်မယား (၂) ဦး မောင်းလာသည့် ကားမှာ ဓားပြတိုက်ခံရပြီး တရုတ်ယွမ်ငွေ (၂) သိန်းခန့် ပါသွားကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်မြို့သည် မြန်မာ-တရုတ် နယ်စပ် မြို့ဖြစ်ပြီး ပြည်သူ့စစ်လက်နက်ကိုင် အများအပြားရှိသည့် မြို့ တစ်မြို့ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ လှုပ်ရှားရာ နယ်မြေတစ်ခုလည်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article