Saturday, April 27, 2024

RCSS ထိန်းချုပ်နယ်မြေအတွင်း စစ်သင်တန်း တက်ရောက်နေသူများကို RCSS ဥက္ကဋ္ဌ တွေ့ဆုံ

Must read

သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် စစ်သင်တန်း တက်ရောက်နေသူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (မတ်လ ၂၈ ရက်) တွင် မိုင်းပန်မြို့နယ်ရှိ RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း အခြေခံ စစ်သင်တန်း တက်ရောက်နေသူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း Tai Freedom မီဒီယာက ထုတ်ပြန်သည်။

“စစ်သင်တန်းသားတွေကို လာအားပေးတယ်လို့ ပြောတယ်။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ကြေညာပြီးနောက်ပိုင်း လင်းခေး၊ မိုးနဲ၊ မိုင်းပန်၊ ကျိုင်းတောင်း ဒီဘက်က လူငယ်တွေ သျှမ်းတပ်ထဲ ဝင်ကြတာ တစ်မြို့လုံး တိတ်ဆိတ်နေပြီ။ အကုန်လုံးက တောထဲ သွားကြတာပေါ့”ဟု လင်းခေးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေ‌ဖော်ဝါရီလ ၁၀ ရက်တွင် အတည်ပြုပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် လတ်တလော တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် RCSS/SSA တပ်ဖွဲ့ကလည်း ဖေဖော်ဝါရီလ ၁၃ ရက်တွင် တပ်သားသစ် စတင်ဖိတ်ခေါ်လာခဲ့သည်။

အလားတူ စစ်ရေးပဋိပက္ခ ကာလအတွင်း သျှမ်းပြည်တွင် နေထိုင်သည့် မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး သျှမ်းပြည်အမျိုးသားရေး တာဝန် ထမ်းဆောင်နိုင်ရန်အတွက် RCSS/SSA ၏ စစ်မှုထမ်းမူဝါဒကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။

RCSS တပ်ဖွဲ့အနေဖြင့် စစ်မှုထမ်းမူဝါဒများ ထုတ်ပြန်ကြေညာပြီးနောက် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပန်၊ ကျိုင်းတောင်း၊ ကာလိ၊ ကွန်ဟိန် စသည့် မြို့များရှိ ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၇/၁၈ ရက်က ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးတွင် မဟာမိတ်စုဖွဲ့မှု ပုံစံအသစ်ဖြစ်သည့် “7 EAO Alliance”၌လည်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးထားသည်။

၎င်းအစည်းအဝေးတွင် “7 EAO Alliance” (၇)ဖွဲ့က ထိန်းချုပ်ထားသည့် နယ်မြေဒေသ အသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စတင်အုပ်ချုပ်သွားရမည် ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုထားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article