Monday, April 29, 2024

“စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအဆိုင်းနဲ့တူတယ်”

Must read

စဝ်ဟန်ယောင်ဟွေသည် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊နယ်စပ်တလျှောက်ရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများကို အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် ကူညီထောက်ပံ့ပေးခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေး ဦးဆောင်သူတစ်ဦး ဖြစ်သည်။

စဝ်ဟန်ယောင်ဟွေသည် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်နှင့် သျှမ်းပြည်တပ်မတော် SSA ကို စတင်တည်ထောင်သူ စဝ်နန်းဟိန်းခမ်းတို့၏ သားဖြစ်ပြီး ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာ့ဒီမိုကရေစီ တိုးတက်ရေး ဥရောပရုံး (Euro-Burma Office) ၏ ဒါရိုက်တာအဖြစ်လည်းတာဝန်ယူထားသည်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ရရှိခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် ဦးသိန်းစိန်အစိုးရအကြား NCA လက်မှတ် ရေးထိုးနိုင်ရေးအတွက် စဝ်ဟန်ယောင်ဟွေသည် အရေးပါခဲ့သူ တစ်ဦးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်တွင် ၂၀၁၇ ခုနှစ်မှ စတင်ပြီး စဝ်ဟန်ယောင်ဟွေကို အကြောင်းပြချက် မရှိဘဲပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော်လည်း ၎င်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပံ့ပိုးပေးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၃ နှစ်အကြာတွင် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အမြင်များ၊ သျှမ်းမြောက် “၁၀၂၇စစ်ဆင်ရေး”အတွင်း တရုတ်၏ အခန်းကဏ္ဍ၊ သျှမ်းပြည်တွင်း အတူနေ ညီနောင်တိုင်းရင်းသားများ အကြား ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတည်ဆောက်ရေးတို့နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ပါဝင်ခဲ့သူ စဝ်ဟန်ယောင်ဟွေကို သီးသန့်တွေ့ဆုံမေးမြန်းထားသည်။

မေး။         ။ စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်းမှာ ပြည်တွင်းစစ်မီး တောက်လောင်ပြီး ပြည်သူအများအပြားက အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာဖြစ်လာတယ်။ စစ်ကောင်စီက အာဏာသိမ်းတဲ့အပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိတယ်၊ ကမ္ဘာကြီးက အဲ့ဒီအပေါ်မှာ ဘယ်လိုအမြင်မျိုး ရှိလဲဆိုတာ စဝ်ဟန်အနေနဲ့ ဘယ်လိုမျိုး ထင်မြင်မိပါသလဲ။

ဖြေ။         ။ မြန်မာစစ်တပ်ကို ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲလုပ်တာက တရားမျှတမှုနဲ့ မှန်ကန်မှု မရှိဘူးလို့ အကြောင်းပြပြီး တရားမျှတမှုအတွက် အာဏာသိမ်းတယ်လို့ ပြောတယ်ပေါ့။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှာပဲ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုဖျက်ဆီးလိုက်ပြီ။

ပထမတစ်ချက်က သူတို့ပြောတဲ့ တရားမျှတမှု မရှိတာကို ရှိအောင်လုပ်ပေးမယ် ဆိုတာက သူတို့လုပ်လိုက်တာသည် မတရားမှု ဖြစ်နေပြီ။ မတရားမှုကို တရားမျှတမှု ဖြစ်အောင် လုပ်လို့မရဘူး။ နောက်တစ်ချက်က မတရားမှုကို ပြန်ပြီး ပြုပြင်တည့်မတ်ဖို့ဆိုရင်လည်း အာဏာသိမ်းတာမဟုတ်ဘဲနဲ့ တခြားပြောင်းလဲလို့ ရတာတွေ ရှိပါတယ်။

စစ်တပ်အာဏာသိမ်းတုန်းကလည်း ပြည်သူတွေ လက်မခံခဲ့ကြဘူး။ ဒါကို တစ်နိုင်ငံလုံးက နေရာတိုင်းမှာ တွေ့နိုင်တာပဲ။ စစ်တပ်က မှားနေပါတယ်လို့ ပြည်သူတွေက သူတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ထားတာကြောင့် တကယ်တမ်း စစ်တပ်က အလျော့ပေးရမှာ။ စစ်တပ်က ဘယ်နေရာမှာ မှားနေလဲဆိုတာ သူတို့ကိုယ်တိုင် ပြန်သုံးသပ်ရမှာ၊ ဒါလည်း စစ်တပ်က မလုပ်ဘူး။

မလုပ်တဲ့အပြင်ကို သူ့ဘက်မပါဘူးလို့ ထင်တဲ့လူမှန်သမျှကို ဖမ်းဆီးထောင်ချတယ်၊ ကိုယ့်ကိုယ်ကို ပြန်ခုခံတဲ့ လူတွေဆိုရင်လည်း စစ်တပ်ကသတ်ဖြတ်မှု ကျူးလွန်တယ်။ ဒါက အကြမ်းနည်းနဲ့ လုပ်တာ။ ပြည်သူလူထုနဲ့ ပြည်ထောင်စုကြီးကို အကာအကွယ်ပေးတဲ့ စစ်တပ်မဟုတ်ဘဲနဲ့ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ စစ်တပ်အဆင့်ပဲ ဖြစ်သွားပြီ။ သူတို့နောက် လိုက်မလုပ်ရင် ကိုယ့်ကိုလည်း သူတို့က သတ်မှာပဲ။ ဒါကြောင့်လည်း ပြည်သူတွေက ဒါကိုပြန်ပြီးတော့ ခုခံတော်လှန်လာကြတယ်။

အခုက စစ်ကောင်စီရဲ့ မတရားမှုတွေကို တိုင်းရင်းသားတွေပဲ မဟုတ်တော့ဘူး၊ တနိုင်ငံလုံးက ခုခံတော်လှန်လာကြပြီ။ ဒါကြောင့်လည်း နိုင်ငံကတော်တော်လေးကို ပျက်စီးသွားပြီ၊ ပြန်လည်ထူထောင်ရေး လုပ်ဖို့က မလွယ်သေးဘူး။ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာက အရိုင်းအစိုင်းနဲ့ တူတယ်၊ ဒါမျိုးက ဘယ်သူမှ လက်မခံနိုင်တဲ့ အနေအထားမှာ ရှိတယ်။

ကမ္ဘာကြီးကတော့ နိုင်ငံတိုင်းက သူ့အချုပ်အခြာအာဏာနဲ့သူ အုပ်ချုပ်နေတယ်လို့ပဲ မြင်တယ်။ အဲ့နိုင်ငံထဲမှာ ပြဿနာ တရပ်ရပ် ပေါ်ပေါက်လာခဲ့ရင် သူ့နိုင်ငံထဲမှာပဲ ဖြေရှင်း၊ ပြင်ပနိုင်ငံတွေက ဝင်မပါဘူး ဆိုတာမျိုးပေါ့။ အဲ့လိုပြောပေမယ့်လည်း သူတို့တကယ်မကြိုက်ရင် ဝင်တိုက်တာမျိုးလဲရှိတယ်၊ သူတို့ဝင်ချင်တဲ့နိုင်ငံဆိုရင် ဝင်မယ်။ မြန်မာပြည်အတွက်ကျတော့ ကိုယ့်နိုင်ငံထဲက ပြဿနာ ကိုယ်ရှင်း ဆိုတာမျိုး လုပ်တာပေါ့။ကုလသမဂ္ဂက အင်အားကြီးနိုင်ငံရဲ့ အသုံးချခံလိုမျိုး ဖြစ်သွားတာ။

အခု မြန်မာပြည်က တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း နယ်နိမိတ်ထိစပ်တယ်၊ သူတို့ဝင်လာရင် တရုတ်က လက်မခံဘူးလို့ ကမ္ဘာကြီးက အဲ့လိုမြင်တာပေါ့။ဒါကြောင့် သူတို့လည်း မလာချင်ဘူး၊ သူတို့အတွက် အကျိုးစီးပွား မရှိဘူးပေါ့။ ဒီအကျိုးစီးပွားတွေက တရုတ်က ယူမှာလား၊ ထိုင်းနဲ့ အိန္ဒိယတို့လိုအိမ်နီးချင်းနိုင်ငံတွေက ယူမှာလား ဒီလိုရှိတာပေါ့။ ယူကရိန်းအရေးကျတော့ ရေနံနဲ့ တခြားအကျိုးစီးပွားတွေ သူတို့ အများကြီးရတာရှိတယ်။ ဒါကြောင့် မြန်မာပြည်ကို ဝင်မရှုပ်တာ၊ လာပြီးတော့မှလည်း မကူညီနိုင်ဘူး။

မေး။         ။   မြန်မာပြည် မြောက်ပိုင်း အထူးသဖြင့် သျှမ်းပြည်မြောက်ပိုင်း ဆိုရင်လည်း တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာရှိတယ်။ဥပမာအားဖြင့် အခု “၁၀၂၇ စစ်ဆင်ရေး”မှာဆိုရင် တရုတ်နိုင်ငံနဲ့ ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်နေတယ်လို့ ပြောဆိုနေကြတာ ရှိတယ်။ အဲ့ဒီနောက်ပိုင်း ကရင်နီမှာလည်း “၁၁.၁၁ စစ်ဆင်ရေး”ဆိုပြီး တိုက်လာတာ တွေ့ရတယ်။ ရခိုင်နဲ့ ကရင်မှာ ဆိုရင်လည်း တိုက်နေတာ ရှိတယ်။ အခုလိုမျိုး ဆက်တိုက်နေတဲ့ အနေအထားမှာ ဘယ်ဘက်က နိုင်မယ်ဆိုတာ ဘယ်သူကမှ တပ်အပ်မပြောနိုင်သေးဘူး။ တစ်ဘက်မှာလည်း NCA ကိုစွဲကိုင်ထားတဲ့ အဖွဲ့ကလည်း ရှိနေသေးတော့ ရှေ့လျှောက်မှာ မြန်မာနိုင်ငံက ဘယ်လိုပုံစံ အနေအထားမျိုး ဖြစ်လာနိုင်လဲ။

ဖြေ ။        ။ ပထမဆုံးကတော့ NCA ကို ပြန်သုံးကြမယ်လို့ ပြောတာက တကယ်တမ်းမှာ ပြန်သုံးလို့ မရတော့ဘူး။ ဘာကြောင့်လဲဆိုတော့ NCA ကိုပြန်ကြည့်ရင် အဓိကက စစ်ပွဲရပ်ဖို့ မဟုတ်ဘူး။ NCA ရဲ့ အဓိကက အပစ်ရပ်ပြီးရင် စကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးရမယ်။ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမှာ။ ဒါကြောင့် NCA အတိုင်း ပြောရရင် NCA ကို ဖျက်ဆီးတာလည်း စစ်‌ကောင်စီပဲ ဖြစ်နေတယ်။

ဘာကြောင့်လဲဆိုတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျတော်တို့က စကားဆက်ပြောလို့ မရတော့ဘူး။ စစ်တပ်တစ်ခုတည်းကိုပဲ စကားပြောလို့မရဘူး။ စစ်တပ်မဟုတ်တဲ့ အစိုးရနဲ့လည်း စကားပြောရမယ်၊ နိုင်ငံရေးပါတီတွေ အားလုံးလည်း ပါရမယ်။

အာဏာသိမ်းလိုက်တော့ ဘာမှလုပ်လို့ မရတော့ဘူး။ နိုင်ငံရေးပါတီ အစုအဖွဲ့လည်း မရှိတော့ဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့ အစုအဖွဲ့လည်း မရှိ‌တော့ဘူး၊ အစိုးရလည်း မရှိတော့ဘူး၊ စစ်တပ်တခုပဲ ကျန်တယ်။

စစ်တပ်တစ်ခုတည်းနဲ့ ဘယ်လိုစကားပြောကြမလဲ။ စစ်တပ်နဲ့ စကားပြောမယ် ဆိုရင်လည်း သူက ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရထံကိုအာဏာပြန်လွှဲပေးရမယ်။ အဲ့ဒီပေါ်လာတဲ့ ပြည်သူ့အစိုးရနဲ့ စကားပြောရင် မကောင်းဘူးလား။ စစ်တပ်နဲ့ပဲ စကားပြောမယ်ဆိုရင် ဒါက အဓိပ္ပါယ်မရှိဘူး။ ဒါကြောင့် NCA က သုံးလို့ မရတော့ဘူး၊ ပျက်စီးသွားပြီလို့ ကျနော်ကတော့ အဲ့လိုမြင်တယ်။

NCA ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေက ကောင်းတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခဲ့တုန်းက ဦးသိန်းစိန်အစိုးရပဲဖြစ်ဖြစ်၊ NLD အစိုးရပဲဖြစ်ဖြစ်၊ မင်းအောင်လှိုင် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဖက်ဒရယ် ဖြစ်မှရမယ်၊ ဒီမိုကရေစီ ဖြစ်မှရမယ်လို့ အားလုံးကသဘောတူထားတယ်။

ဒီလိုပဲ အရင်က သဘောတူထားခဲ့တဲ့အတိုင်း စစ်တပ်ဘက်က ဒီမိုကရေစီပြောလာရင် နိုင်ငံရေးက ထွက်ရတော့မှာ။ သူက မထွက်တဲ့အပြင်ကိုနိုင်ငံရေးထဲ ဝင်ပါနေပြီးတော့ ဒီမိုကရေစီရဖို့ NCA အတိုင်း လုပ်နေပါတယ်လို့ ပြောနေတယ်၊ အဲ့ဒါမဟုတ်ဘူး။ NCA အတိုင်းလုပ်တယ်၊ ဒီမိုကရေစီရဖို့ လုပ်တယ်ဆိုရင် စစ်တပ်က နိုင်ငံရေးထဲက ထွက်ရမယ်။ စစ်တပ်က NCA စွဲကိုင်ပြီး ဆွေးနွေးနေပါတယ်ဆိုတာ တဘက်လှည့်နဲ့ ပြောတာပေါ့၊ တကယ်တော့ ဒါက နည်းလမ်းအမှန် မဟုတ်တော့ဘူး။

မေး။         ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်ကြည့်မယ်ဆိုရင် Bilaterial Agreement ရှိမယ်၊ NCA ရှိမယ်၊ တစ်ပိုင်းတစ်စ လက်မှတ်ထိုးတာမျိုး ရှိမယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဒီလိုရှိသေးတာပေါ့။ အကယ်၍ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် တိုင်းပြည်အတွက် အရှုံးအမြတ်ကဘယ်လိုမျိုး ဖြစ်လာနိုင်လဲ။

ဖြေ။         ။ အခုဆိုရင် တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲ့ဒါကို NCA လမ်းကြောင်းအတိုင်း သွားပြီးတော့ စကားပြောလို့ မရတော့ဘူး၊ NCA က မရှိတော့ဘူး။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် တွေ့ဆုံပြီးတော့ စကားပြောမယ်ဆိုရင်လည်း ဘာအဓိပ္ပါယ်မှ မရှိဘူး၊ တကယ်လည်း မရှိတော့ဘူး။ ဒါကြောင့် ရှေ့လျှောက် ဘယ်လိုမျိုး ဆက်လုပ်သွားမလဲဆိုတာ စကားပြောကြမယ်ဆိုရင် အသစ်ကနေ ပြန်စရမယ်။

ဘာကြောင့်လဲဆိုတော့ အခုက တစ်ဘက်နဲ့တစ်ဘက် အလျော့မပေးတော့ စကားပြောလို့ မရဘူး။ စကားပြောလို့ မရရင် NCA ပဲဖြစ်ဖြစ်၊ တခြားနည်းလမ်းပဲဖြစ်ဖြစ် ဆက်သွားလို့ မရဘူး။ အခြားသူတွေ အမြဲတမ်းမေးနေတာရှိတယ် ဘာလို့ စစ်တပ်နဲ့ စကားမပြောတာလဲ ဆိုတာ။ ကျနော်ပြောတာ စစ်တပ်က တကယ်စကားပြောချင်ရင် လူသတ်နေတဲ့ လုပ်ရပ်တွေကို ရပ်ရမယ်။ အခု စစ်တပ်က လုပ်နေတာက ကရင်တပ်၊ သျှမ်းတပ် ဒီဟာတွေကို တိုက်နေတာမဟုတ်ဘူး၊ သာမန် အရပ်သားပြည်သူတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ။

စစ်တပ်က ဒီလိုဆက်လုပ်နေရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘယ်လိုလုပ်ပြီး စကားပြောမလဲ။ မဟုတ်ရင် ပြည်သူတွေက သူတို့ကို ဆဲမှာပေါ့။ ပြည်သူတွေက သေနေပြီ၊ အဲ့တာကို ပြည်သူတွေ သေအောင်လုပ်တဲ့လူနဲ့ စကားသွားပြောနေတာ ဆိုပြီးတော့ အဲ့လိုဖြစ်မှာပေါ့။ စစ်တပ်ကဒါကို ရပ်မှ ရမယ်၊ မဟုတ်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေလည်း စကားပြောလို့ မရဘူး။ စကားပြောခဲ့ရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။

မေး။         ။ အခြားတစ်ဘက်မှာ အာဆီယံ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက အစ‌ပေါ့၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်းတွန်းအားပေးသွားရမယ်ဆိုတာ တကယ်တမ်း အလုပ်ဖြစ်နိုင်မလား။

ဖြေ။         ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (ASEAN’s 5 Points Consensus) က အလုပ်မဖြစ်ဘူးဆိုတာ အားလုံးက လက်ခံထားပြီ။ဒါပေမဲ့ ဘာပြဿနာ ဖြစ်လဲဆိုတော့ ပြည်ထောင်စုကို ပြန်ကြည့်မယ်ဆိုရင် အချင်းချင်း တိုက်ခိုက်လာတာ ၇၆ နှစ် ရှိပြီ။ ဒါက ဘာကိုပြနေတာလဲဆိုတော့ ပြည်ထောင်စုအတွင်းက ပြည်သူတွေအချင်းချင်း ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၇၆ နှစ်လုံးလုံး လုပ်လာတာမဖြေရှင်းနိုင်ခဲ့ဘူး၊ ဆက်တိုက်နေကြတုန်းပဲ။

ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ထွက်ပေါက်ရှာတွေ့မှာ မဟုတ်ဘူး၊ အချင်းချင်း ဆက်တိုက်နေဦးမှာပဲ။ ဘာရှိရမလဲဆိုတော့ ကုလသမဂ္ဂပဲဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်း တစ်ခုခုက လာကူညီပေးတာမျိုး၊ အခုတိုက်နေတာကို ရပ်ပြီးတော့ ကိုယ်ဘာကို တကယ်လိုချင်တာလဲ ဆိုတာ တွေ့ဆုံဆွေးနွေးနိုင်ဖို့၊ မြန်မာလို ပြောရင်တော့ ကြားထဲကနေ ဒိုင်လူကြီး လာလုပ်ပေးတာမျိုး‌ပေါ့။

အခက်အခဲရှိတာက မြန်မာနိုင်ငံက တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်။ အကယ်၍ တရုတ်က လာလုပ်ပေးရင်လည်း အနောက်နိုင်ငံတွေကလက်ခံနိုင်မှာ မဟုတ်ဘူး။ အမေရိကန်က ဝင်လာရင်လည်း တရုတ်က လက်ခံမှာ မဟုတ်ဘူး။ သူတို့နိုင်ငံကြီးတွေက အမြဲတမ်း အင်အားပြိုင်ဆိုင်နေကြပြီ။ ပိုပြီး ရှုပ်ထွေးတာမျိုးပဲ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ကုလသမဂ္ဂဖြစ်ဖြစ်၊ အမေရိကန်နဲ့ တရုတ်တို့ကပဲဖြစ်ဖြစ် အာဆီယံကတဆင့်သွားရမယ်ဆိုတာ။ အာဆီယံအဖွဲ့က လုပ်ရင်တော့ ထောက်ခံမယ်၊ ကူညီပေးမယ် ပြောတာ။

ဒါပေမယ့် အာဆီယံအနေနဲ့ တကယ်အလုပ်လုပ်ဖို့က မဖြစ်နိုင်ဘူး၊ ဒီမှာ အခက်အခဲရှိတာပေါ့။ ကျနော်တို့က အာဆီယံအနေနဲ့ တကယ်အလုပ်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲဆိုတာ ပြန်စဉ်းစားကြည့်တာပေါ့။ နိုင်ငံတော်တော်များများနဲ့ စကားပြော ကြည့်နေတယ်။ အဲ့လိုဖြစ်လာပြီဆိုရင် တရုတ်ကောအမေရိကန်ကော သဘောတူရတော့မှာ။ အဲ့ဒီနည်းလမ်းကို ရှာရမှာ‌ပေါ့။ အခုက အာဆီယံက အလုပ်မဖြစ်ဘူးဆိုတာ မှန်တယ်၊ ဒါပေမဲ့ အာဆီယံကို မသုံးပြန်ရင်လည်း အခြေအနေက ပိုဆိုးသွားတာလည်း ဖြစ်နိုင်တယ်။

အကယ်၍ တရုတ်က ဝင်လာရင် သူများက လန့်နေပြီ။ အခု တရုတ်ဝင်လာတာကလည်း နယ်စပ်အရေးပဲ ရှိသေးတယ်၊ သူလုပ်တာက မြန်မာတစ်နိုင်ငံလုံးအတွက် လုပ်ပေးတာ မဟုတ်ဘူး။ နယ်စပ်အရေးနဲ့ သူ့အတွက် ပင်လယ်ထွက်ပေါက် ရမယ့် ကားလမ်း၊ ရထားလမ်းနဲ့ ရေနံပိုက်လိုင်းတွေအတွက်ပဲ လုပ်နေတာ ဒီလောက်ပဲ။ တရုတ်က ဘယ်သူအစိုးရဖြစ်ဖြစ် သူ့ရချင်နေတဲ့ ဒီဟာတွေ သေချာနေရင် ဘာမှမဖြစ်ဘူး။ စစ်အစိုးရဖြစ်ဖြစ်၊ ဒီမိုကရေစီအစိုးရဖြစ်ဖြစ် သူ့အတွက်က ရတယ်။

ကျနော်အနေနဲ့ကတော့ ဒီလောက်ပဲ ကြည့်လို့မရဘူး။ တကယ်လို့ ဒီနိုင်ငံက ၇၆ နှစ်ကြာ တိုက်ခိုက်နေတာကို ခုချိန်မှာ မဖြေရှင်းနိုင်သေးရင် ဒီထက်ပိုဆိုးသွားနိုင်တယ်။ ဒီအတိုင်း ဆက်နေသွားရင် တရုတ်ကိုလည်း ထိခိုက်နိုင်တာပဲ။ ဒါကြောင့် တစ်နိုင်ငံလုံးကို ဘယ်လို ကူညီဖြေရှင်းပေးနိုင်မလဲဆိုတာ ဝိုင်းစဉ်းစားကြရမှာ၊ အခုလို နယ်စပ်အရေးပဲ လုပ်ရမှာမဟုတ်ဘူး။

အိန္ဒိယလည်း အတူတူပဲ၊ သူ့နိုင်ငံထဲကို မဝင်ရင် ပြီးတာပဲ။ ထိုင်းလည်း အတူတူပဲ၊ သူ့ဘက်ခြမ်းကို မကျော်လာရင် ပြီးတာပဲ ဆိုတာမျိုး လုပ်နေကြတာ။ ဒါမျိုးက မရဘူး။ ဒီထက်ကို အခြေအနေ ပိုဆိုးလာရင် ပြည်သူတွေက ထွက်ပြေးကြတော့မှာ၊ အခုတောင်မှ အများကြီး ထွက်ပြေးနေကြပြီ။ဒါကြောင့်မလို့ အာဆီယံနဲ့ တကယ်အလုပ်လုပ်နိုင်မယ့် နည်းလမ်းကို ရှာကြည့်ရမယ်။ အခုတော့ ဆွေးနွေးနေတုန်းပဲ၊ သေချာမသိနိုင်သေးဘူး။

မေး။         ။ ဒီလိုဆိုရင် သျှမ်းမြောက်ကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက ညီနောင်မဟာမိတ်တွေဘက်မှာ ရှိတယ်၊ နောက်ပြီးတော့ စစ်ကောင်စီဘက်ကနေလည်း ရပ်တည်ပေးတယ် ဆိုတာမျိုး ပြောကြတယ်။ တကယ်တော့ တရုတ်က သူ့အကျိုးစီးပွားကိုပဲ ကြည့်တဲ့ အနေအထားမျိုးလား။

ဖြေ။         ။ ဟုတ်တယ်၊ အဲ့အတိုင်းပဲ။ သူတို့လိုချင်တာ ရပြီးရင် အဲ့လောက်နဲ့ပဲ ရပ်သွားမှာ။

မေး။         ။ သျှမ်းမြောက်မှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက စစ်ကောင်စီကို တိုက်ခိုက်ပြီး သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်အတိုင်းသွားနေတာတွေ့ရတယ်။ “၁၀၂၇ စစ်ဆင်ရေး”မှာဆိုရင် မြို့တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်။ နှစ် ၇၀ ကျော် သမိုင်းမှာ မရှိခဲ့ဘူးတဲ့  ဒကစ၊စကခ လိုမျိုး တပ်ရင်းဌာနချုပ်တွေ လက်နက်ချတာမျိုးအထိ ဖြစ်လာတယ်။ ဒါပေမယ့် သျှမ်းလူထုက သျှမ်းတပ် ၂ တပ် မပါလာတာကို သဘောမကျဘူး ဖြစ်နေတယ်။ ဒါကြောင့် ပြည်သူလူထုက မျှော်လင့်နေတဲ့အပေါ်မှာ သျှမ်းတပ် ၂ တပ်ရဲ့ အခုလို အနေအထားကို ဘယ်လိုမျိုး မြင်ပါသလဲ။

ဖြေ။         ။ အခု အခြေအနေကို ကြည့်မယ်ဆိုရင် ခုနက ပြောသလိုပဲ ဘယ်လိုအနေအထား ဆက်ဖြစ်လာနိုင်မလဲဆိုတာ။ တစ်အချက်က စစ်တပ်က အင်အားပြန်ရှိလာပြီးတော့ နဂိုအတိုင်း ပြန်အုပ်ချုပ်သွားနိုင်မလား။ နောက်တစ်မျိုး ထပ်ဖြစ်နိုင်တာက စစ်တပ် ပြိုလဲပြီးတော့ ပျက်စီးသွားတာ။ နောက်ပြီး နိုင်ငံကလည်း Fail State ကျရှုံးနိုင်ငံ ဖြစ်သွားတာ။

နောက်တစ်ဘက်က ဒီမိုကရေစီ အင်အားစုတွေ အင်အားရှိလာပြီးတော့ စစ်တပ်က အလျော့ပေးတဲ့ အနေအထားမျိုးပေါ့။ ဘယ်လိုလျော့မလဲ ဆိုတော့ ငါတို့ဆွေးနွေးရအောင် ဆိုတဲ့ အနေအထားမျိုးလဲ ဖြစ်လာနိုင်တယ်။ ဒီ (၄)မျိုး ဖြစ်နိုင်တယ်၊ နံပါတ် ၄ ကတော့ ဆွေးနွေးကြတဲ့ အနေအထားဖြစ်တယ်။ ဒီ ၄ မျိုးစလုံးကို ပြန်ကြည့်မယ်ဆိုရင် ကိုယ်တိုင်က ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ။

အကယ်၍ စစ်တပ် ပျက်သွားတာ၊ နိုင်ငံကလည်း Fail State ကျရှုံးနိုင်ငံ ဖြစ်သွားတာဆိုရင် အဲ့လိုမဖြစ်ခင်မှာ အိမ်နီးချင်းနိုင်ငံတွေက ဘာလုပ်မယ်ထင်လဲ။ အဲ့အချိန်ကျရင် သူတို့က စစ်တပ်ကို လာပြီးတော့ ကူညီမှာ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အမြင်မှာ စစ်တပ်ပြိုလဲပြီးတော့ ကျရှုံးနိုင်ငံဖြစ်သွားရင် မြန်မာနိုင်ငံက ပြဿနာတွေ ဒုက္ခတွေအကုန်လုံးက သူတို့ဆီကို ရောက်မှာ။ ဒီဟာတွေကို သူတို့ မလိုချင်ဘူး၊ မမြင်ချင်ကြဘူး။

ဒါကြောင့် မြန်မာနိုင်ငံ Fail State ကျရှုံးနိုင်ငံမဖြစ်အောင် သူတို့ တားဆီးကာကွယ်ချင်ကြတာ။ ဘယ်လိုလုပ်မလဲဆိုတော့ မြန်မာစစ်တပ်ကိုအားပေးတာမျိုး လုပ်လာမှာ။ ဒါက အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြင်ဖြစ်မှာ။ ကျနော်တို့ပြောတာက အဲ့လိုမဟုတ်ဘူး။ ဒီလိုလုပ်ခဲ့ရင် မှားမယ်။

အခု မြန်မာနိုင်ငံကို ကြည့်ရင် တိုင်းရင်းသားတွေကပဲ စစ်တပ်ကို လက်မခံတာ မဟုတ်တော့ဘူး။ အရင်တုန်းကတော့ တိုင်းရင်းသားတွေပဲ စစ်တပ်ကို လက်မခံခဲ့တာ၊ အခု တစ်နိုင်ငံလုံးက လက်မခံတော့ဘူး။ ဒါ့အပြင် “၁၀၂၇ စစ်ဆင်ရေး”က ဘာကိုပြသလဲဆိုတော့ စစ်ကောင်စီတပ်က အရင်လို အင်အားမရှိတော့ဘူး။

တခြားလူတွေရဲ့ အမြင်မှာတော့ စစ်တပ်က အခုချိန်မှာ ဘယ်လောက်ပဲ ရှုံးနေပါစေ၊ နောက်ဆုံးမှာ တစ်နိုင်ငံလုံးကို ဆက်ပြီးတော့ အုပ်ချုပ်သွားနိုင်မယ် ဆိုတာမျိုး ထင်ကြတယ်။ ကျနော်ပြောတာ ဒီလိုမဟုတ်ဘူး၊ အခုချိန်မှာ အရင်ကနဲ့ မတူတော့ဘူး ပြောင်းလဲသွားပြီ။ “၁၀၂၇ စစ်ဆင်ရေး”ကိုကြည့်မယ်ဆိုရင် စစ်တပ်က ဘယ်လောက်အထိ ညံ့လဲဆိုရင် သိသာတယ်။ ဒါကြောင့်မလို့ စစ်ကောင်စီနဲ့ စကားပြောရမယ်၊ သူဆက်နေနိုင်အောင်ကူညီပေးရမယ်ဆိုတာ အဲ့လိုထင်နေရင် မှားမယ်။

သူတို့အနေနဲ့ ဘာကိုကြည့်ရမလဲဆိုတော့ အခုချိန်မှာ အင်အားကြီးလာတာ ဘယ်သူရှိလဲ၊ သူတို့ကို ဘာကူညီပေးရမလဲ အဲ့လိုလုပ်ရမှာ။ အဲ့လိုကူညီနိုင်ရင် စစ်တပ်က ဘယ်လောက်ပဲ ပြိုလဲပျက်စီးသွားပါစေဦးတော့၊ တိုင်းရင်းသားတွေကို ကြည့်ရင် သျှမ်း ကရင် ကရင်နီ ဒီဟာတွေက ကိုယ့်ဘာသာ အုပ်ချုပ်ခဲ့ဘူးတာပဲ။ ဒီအုပ်စုတွေကလဲ ကျရှုံးနိုင်ငံ မဖြစ်အောင် နယ်ချဲ့ပြီး ဝင်ရမှာ၊ စစ်တပ် မရှိတော့ရင် တိုင်းရင်းသားတွေ ဝင်ရမယ်။

ဒီလိုဖြစ်လာရင် Fail State ကျရှုံးနိုင်ငံ မဖြစ်တော့ဘူး၊ ဒီလိုနည်းလမ်းနဲ့ Fail State မဖြစ်အောင် ကာကွယ်လို့ရတယ်ဆိုတာ ကျနော်လည်း သူများကို ဒီလိုပြောပြတယ်။ ဒါကို လက်ခံပြီးတော့ ဒီမှာကူညီပေးမယ်ဆိုရင်၊ အာဆီယံကလည်း တကယ်အလုပ်ဖြစ်လို့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာရင် ပိုကောင်းတဲ့ နည်းလမ်းဖြစ်လာမယ်။

အခုကတော့ နည်းလမ်း ၂ ခု လုံးက ခက်ခဲနေတုန်းပဲ၊ တိုင်းရင်းသားတွေဘက်ကလည်း ကိုယ့်အုပ်ချုပ်ရေး ပုံစံကို ချမှတ်ဖို့က ခက်နေဦးမယ်။ အာဆီယံအနေနဲ့ တကယ် အလုပ်ဖြစ်ဖို့ကလည်း ခက်နေဆဲပဲ။ ဒါပေမယ့် ဒါကို ရအောင်လို့ ကျနော်တို့ စမ်းလုပ်ကြည့်ကြရဦးမယ်။ Fail State ကျရှုံးနိုင်ငံဖြစ်မှာကို တအားကြောက်ကြတယ်၊ အဲ့ဒီအချိန်ကျရင် စစ်တပ်ကိုပဲ ပြေးပြီးထောက်ခံကြလိမ့်မယ်။

မေး။         ။ Fail State ကျရှုံးနိုင်ငံဖြစ်ဖို့က ဘယ်အချက်တွေပေါ်မှာ မူတည်ပြီး ဖြစ်သွားနိုင်လဲ။

ဖြေ။         ။ အခြေအနေ အမျိုးမျိုး ရှိတယ်။ အရေးကြီးတာက စစ်တပ်က လုံးဝ ဆက်နေလို့ မရတာမျိုး ဖြစ်မယ်။ စစ်တပ်က တိုက်လို့လည်း မရတော့ဘူး၊ အုပ်ချုပ်ရေးလည်း လုပ်လို့မရတော့ဘူး တဖြည်းဖြည်း တပ်ဆုတ်သွားရတာမျိုး ဖြစ်လာမယ်။ ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ဘက်ကလည်း မဝင်လာနိုင်ဘူးဆိုရင် ဥပဒေ မရှိတော့ဘူး။

စစ်တပ်က ဥပဒေလည်း မရှိတော့ဘူး၊ ကိုယ့်ဘက်ကလည်း မဝင်လာနိုင်တဲ့အခါကျတော့ အဲ့မှာနေတဲ့လူက သူတို့လုပ်ချင်တာ လုပ်တော့မှာ ပိုပြီးတော့ ရှုပ်ထွေးကုန်မှာ။ ကိုယ့်ဘက်က ဥပဒေ မရှိထားရင်လဲ လိုချင်တာ လုယူမယ်၊ ဓားပြတိုက်မယ်ဆိုတာမျိုး ဖြစ်လာမှာ။

အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာလည်း ကြောက်စရာ ကောင်းလာပြီ။ လောက်ကိုင်နဲ့ ရွှေကုက္ကိုလ်တို့လို နေရာမျိုးမှာ လုပ်နေတာက International Crime နိုင်ငံတကာ ရာဇဝတ်မှု မြောက်တယ်။ ဥပဒေမရှိရင် ဒီလိုဟာတွေကလည်း အများကြီး ထပ်ဝင်လာနိုင်တယ်၊ အခုလည်း အများကြီးရောက်နေပြီ။ အဲ့လိုမျိုး ဖြစ်သွားမှာ စိုးရိမ်ရတယ်။

ဒါကြောင့် Fail State ကျရှုံးနိုင်ငံ မဖြစ်အောင် ကိုယ့်ဘက်ကလည်း ဒီဟာတွေကို အစားထိုးနိုင်ဖို့ လူရှိထားရမယ်၊ အဲ့လိုမဟုတ်ရင် တော်တော်ခက်သွားလိမ့်မယ်။ ဒီဟာကို တော်တော်လေး အားစိုက်ထုတ်ရမယ်။

မေး။         ။ အခု သျှမ်းပြည်အခြေအနေကို ကြည့်မယ်ဆိုရင် အချင်းချင်းကြား ယုံကြည်မှု အားနည်းလာတယ်။ ယုံကြည်မှု အားနည်းတာနဲ့ ကပ်လိုက်လာတာက စည်းလုံးညီညွတ်မှုကလည်း မရှိတော့ဘူး။ သျှမ်းအချင်းချင်းကြားနဲ့ အတူနေ ညီနောင်တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှု ရှိဖို့ဘယ်လိုမျိုး လုပ်ဆောင်သွားကြရမလဲ။

ဖြေ။         ။ အချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်လို့ မရတာက အများအားဖြင့် သက်သေသာဓက မရှိဘူးထင်လို့ မယုံကြတာ။ အဲ့လိုဖြစ်တာက ကိုယ်ထင်တာနဲ့ပဲ မယုံကြည်နိုင်အောင် ဖြစ်ကြတယ်။ ဒီတစ်ယောက်နဲ့ မတည့်ဘူး ဆိုရင်‌တောင် စကားပြောကြည့်သင့်တယ်။

အကြောင်းရင်းက ဘယ်လိုရှိနေလဲ၊ ကိုယ်ထင်ထားတာက တကယ်ရော ဟုတ်ရဲ့လား ဆိုတာမျိုးပေါ့။ ကိုယ်ထင်ထားတဲ့ အတိုင်း မဟုတ်ဘူးဆိုရင်လည်း ကိုယ့်ဘာသာ ပြန်ဖြေရှင်းရမယ်။ တခြားလူဘက်ကလည်း ကိုယ့်ကို အထင်လွဲတာမျိုး ဖြစ်နိုင်တာပဲ။ စကားပြောကြည့်မှ နောက်တစ်မျိုးထပ်ဖြစ်နိုင်သေးတယ်၊ ကိုယ်ထင်သလို မဟုတ်တာကို သိနိုင်မှာ။ အမျိုးမျိုး ဖြစ်နိုင်တယ်။

အဓိက ကိုယ့်အချင်းချင်းကြားမှာ တွေ့ပြီး စကားမပြောနိုင်ကြသေးတာ။ ဒါကြောင့် အထင်လွဲကြပြီး ယုံကြည်မှု မတည်ဆောက်နိုင်သေးတာ။ သျှမ်းပဲ မဟုတ်ဘူး၊ တိုင်းရင်းသား အချင်းချင်းကြားမှာရော၊ ဗမာလူမျိုးနဲ့ စစ်တပ်ကိုရော မယုံကြည်ကြဘူး။ နိုင်ငံရေးလို ကိစ္စအကြီးကြီး မပြောခင်မှာ အရင်ဆုံး ခင်မင်မှု ရှိအောင် တွေ့ပြီး စကားပြောကြဖို့ လိုတယ်။ အဲ့နောက်မှာမှ နိုင်ငံရေးအကြောင်း ဆက်ပြောလို့ ရမှာ။

သျှမ်းပြည်ထဲမှာ အတူနေတဲ့ တိုင်းရင်းသားတွေကိုလည်း ကျနော်ပြောပါတယ်။ သူတို့ ပြန်ပြောတာ ဒီလိုအခွင့်အရေးမျိုး မရခဲ့ဘူး၊ ကိုယ့်ပြည်နယ်နဲ့ကိုယ် ဖြစ်ဖို့လိုတယ်ပေါ့။ ကျနော်ပြောတာ အခွင့်အရေး ရဖို့လိုတာ မှန်တယ်၊ ပြည်နယ်ရတိုင်းလည်း အခွင့်အရေး ရတာမဟုတ်ဘူး။ သျှမ်းဆိုရင်လည်း သျှမ်းပြည်ရှိလာတာ ဘာအခွင့်အရေး ရှိလဲ။ အခြားတိုင်းရင်းသားတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့က သျှမ်းတွေထက် အခွင့်အရေး ပိုရှိတယ်။

ကိုယ်ပိုင်ပြည်နယ်ရအောင် နယ်နိမိတ်တွေ ခွဲဝေပေးရမယ်လို့ ထင်နေရင်လည်း ဒီပြဿနာတွေက ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တကယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းအမှန်ကို ရှာရမှာ၊ အများကြီး ဆက်ပြီး စကားပြောကြရဦးမှာ။ “ဝ”ဆိုရင်လည်း ပြည်နယ်လိုချင်တယ်လို့ ပြောတာဟာ ပြည်သူတွေကလည်း သဘောတူဖို့ လိုသေးတယ်။ ကိုယ့်အချင်းချင်း ဆွေးနွေးတာအပြင် ပြည်သူတွေနဲ့လည်း စကားပြောရမယ်။ ကျနော်ကတော့ ပေးပါတယ်၊ ယူသွားလိုက်ပါ ဆိုတာမျိုး လုပ်လို့မရဘူး။ ဒီမိုကရေစီအတိုင်း ပြောရင် ပြည်သူ့အသံလည်း ပါရမယ်ဆိုတာ ရှိတယ်။

မေး။         ။ စစ်အာဏာသိမ်းလာတာ ၃ နှစ်ကျော် ရှိလာပြီ၊ ပြည်သူတွေလည်း ဒုက္ခရောက်ကြရတယ်။ အလုပ်အကိုင် မရှိဘူး၊ ပညာဆက်မသင်ကြရဘူး။ ဒီလိုအခြေအနေအပေါ်မှာ ပြည်သူတွေအတွက် စကားလက်ဆောင် ပြောကြားပေးပါဦး။

ဖြေ။         ။ ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခတွေက တော်တော်ခက်ခဲတယ်။ ကျနော်ပြောချင်တာကတော့ စိတ်အားမငယ်ဖို့ပေါ့။ စိတ်ဓာတ်ကျပြီး ဘာမှမလုပ်ဘဲ နေရင် ကိုယ်ရှုံးတယ်။ ကျနော်လည်း တတ်နိုင်တဲ့ဘက်ကနေ နည်းလမ်းရှာပြီး ကူညီပေးသွားမယ်။ ဒါပေမယ့် ချက်ချင်းကြီးဖြစ်လာနိုင်တာမျိုးတော့ မဟုတ်သေးဘူး။

ပြည်သူတွေ ဒုက္ခရောက်နေတာကို ဘယ်သူမှ မသိတာမျိုး မဟုတ်ဘူး။ တခြားနိုင်ငံတွေက ဘယ်လိုကူရမလဲ ဆိုတာ သေချာမသိသေးတာ။ ထိုင်းက စစ်ဘေးရှောင်တွေကို ကူညီမယ်လို့ ပြောထားတာလည်း ဘယ်လိုလုပ်မယ်ဆိုတာ ဆွေးနွေးနေတုန်းပဲ။ သူတို့ပြောတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အလုပ်လုပ်မယ်ဆိုတာလည်း ကျနော်တို့ ငြင်းထားတယ်၊ အလုပ်မဖြစ်ဘူးပေါ့။

တကယ်ကူညီမယ်ဆိုရင် ပြည်သူတွေကို မြေပြင်မှာ တကယ်ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်တွဲလုပ်ရမယ်လို့ ပြောထားတယ်။ သူတို့စိုးရိမ်တာက ဒီအဖွဲ့တွေကို ကူညီလိုက်ရင် လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ရောက်သွားမယ်လို့ ထင်တာ။ ကျနော်ပြောတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပြည်သူကို ကူညီဖို့ နားလည်သဘောပေါက်ကြတယ်။ တကယ်ကူညီနေတဲ့ အဖွဲ့တွေကို ပေးသွားလို့ရတယ် ဆိုတာကို ဆွေးနွေးနေကြတုန်းပဲ။

ဒါပေမယ့် နိုင်ငံတကာ သံတမန်ဆက်ဆံရေး International Diplomacy က အရမ်းနှေးနေတယ်။ ချက်ချင်းကြီး မဖြစ်နိုင်သေးဘူး။ ပြည်သူတွေကိုမမေ့ထားဘူးလို့ စကားပါးချင်ပါတယ်၊ တကယ်လည်း စိတ်မကောင်း ဖြစ်မိတယ်။ လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေက ပြည်သူအများကြီး ထိခိုက်သေဆုံးရတယ်။ ကလေးတွေလည်း ပညာဆက်မသင်ရဘူး၊ ဒီအတိုင်းပဲ ဆက်ပြီးတော့ ကြီးပြင်းသွားရမှာလား။ ဒါကိုလည်း ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ ဆွေးနွေးနေတယ်။ တိုက်ပွဲမပြီးသေးရင် ဆရာ၊ ဆရာမတွေ စာသင်ခန်းထဲ ဘယ်လိုဝင်ရမလဲဆိုတာ မပြောနိုင်သေးဘူး။

မေး။         ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိုင်ဆုန်ခ။

ဖြေ။         ။ ကျေးဇူးတင်ပါတယ်၊ မိုင်ဆုန်ခ။

Leave a Comments

- Advertisement -spot_img

Latest article