Sunday, May 26, 2024

သျှမ်းမြောက် စစ်ပွဲအနိုင်ရရေး ယတြာအဖြစ် သံဘိုကျေးရွာ စစ်ရှောင်စခန်းကို အမြောက် ၉ ချက်ပစ်ခတ်

Must read

သျှမ်းမြောက် စစ်ပွဲများ ပြန်စပါက အနိုင်ရရှိရေး ယတြာ အဖြစ် ကျောက်မဲမြို့ရှိ စစ်ကောင်စီ အမြောက်တပ်က နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ အနီးရှိ စစ်ဘေးရှောင် စခန်းကို ယမန်နေ့ (မတ်လ ၈ ရက်) က အမြောက် ၉ ချက် ပစ်ခတ်ခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ယနေ့ ပြောသည်။

အပစ်အခတ်ရပ်စဲသည့် ဟိုင်ဂင် သဘောတူစာချုပ်ကို ချိုးဖောက် ပစ်ခတ်ခဲ့သည့် အမြောက်ကျည် ၉ လုံး သံဘိုရွာ အနီးရှိ စစ်ဘေးရှောင် စခန်းအနီး ကျရောက် ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှု မရှိဟု သတင်းရင်းမြစ်က ဆိုသည်။

နာမည်ကျော် မေမြို့နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည့် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို “၁၀၂၇ စစ်ဆင်ရေး”ကာလ အတွင်း TNLA ပူးပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာနေ ပြည်သူများ ရွာအနီးရှိ စစ်ဘေးရှောင် စခန်းတွင် ခိုလှုံ နေရသည်မှာ ယနေ့တိုင် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ကျောက်မဲ အမြောက်တပ်ကနေ နေ့စဥ်လိုလို အမြောက်နဲ့ ပစ်နေတာတော့ရှိတယ်။ ဒါပေမယ့် မနေ့က ပစ်တဲ့ ၉ ချက်ကတော့ အထက်က အချိန်အတိအကျနဲ့ သံဘိုကို ပစ်ခိုင်းတာ။ သံဘို ဆိုတော့ မာကြောတဲ့ သံတွေရဲ့ ဗိုလ်ကို အမြောက်နဲ့ ပစ်ခွင်းတဲ့ ယတြာလို့ သိရပါတယ်။ မကြာခင် တိုက်ပွဲတွေ ပြန်ဖြစ်မယ် ထင်ပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ဇန်နဝါရီ ၃ရက်နေ့က ညီနောင်မဟာမိတ် သိမ်းပိုက်နိုင်ခဲ့တဲ့ သံဘိုကျေးရွာ စခန်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင် ယတြာ အပါအဝင် လောကီ အစီအရင်များကို သက်ဝင်ယုံကြည် အားကိုးသူဖြစ်ပြီး သျှမ်းမြောက် စစ်ပွဲရှံးနိမ့်လာစဥ်က မျောက်၃ ကောင်ပုံကို ဇောက်ထိုး ချိတ်ဆွဲသည့် ယတြာခြေစေခဲ့ သော်လည်း တိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့သည်။

ထို့အပြင် အစဥ်အလာအရ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းဆင်းပွဲကို သောကြာနေ့တွင် ပြုလုပ်လေ့ ရှိသော်လည်း မင်းအောင်လှိုင် ကျောင်းအုပ်အဖြစ် တာဝန်ယူစဥ် အခါတော်ပေးများက နောင်တချိန် ခေါင်းဆောင်ဖြစ်ရန်ဟု ဆိုကာ တနင်္လာနေ့သို့ ပြောင်းရွှေ့ ကျင်းပခိုင်းသဖြင့် မဖြစ်ဖြစ်အောင် စီစဥ်ခဲ့ရာ ယင်းနေ့တွင် မိုးအကြီးအကျယ် ရွာသွန်းပြီး လျှပ်စီးများလက်ကာ မိုးခြိမ်းခဲ့ကြောင်း အငြိမ်းစား စစ်တပ် အရာရှိကြီး တစ်ဦးက ပြောသည်။

“အဲဒီနေ့က မိန့်ခွန်းပြောမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုတ်တရက် နေမကောင်း ဖြစ်တယ်။ မိန့်ခွန်းကို ရပ်မပြောနိုင်လို့ ထိုင်ခုံမှာထိုင်ပြီး ပြောခဲ့ရတယ်။ သူလည်း (မင်းအောင်လှိုင်) ရာထူး အဆင့်ဆင့် တိုးသွားတော့ လောကီ အစီအရင်တွေကို ပိုယုံသွားတာပေါ့။ ငါတို့ (စစ်တပ်ထိပ်ပိုင်း) အသိုင်းအဝိုင်းမှာတော့ ပြောစမှတ် ဖြစ်တာပေါ့။ ကတော် အများစုကတော့ အစီအရင်တွေကို ပိုယုံသွားတာပေါ့” ဟု ၄င်းက ရှင်းပြသည်။

နိုင်ငံတဝှမ်း စစ်ရှုံးနေစဥ် စစ်ခေါင်ဆောင် မင်းအောင်လှိုင် သည် ယတြာချေခြင်းဖြင့် စစ်ပွဲတွင် အနိုင်ရရန် မျှော်လင့်နေပြီး ဆက်တိုက် ဆိုသလို့ လောကီ အစီအမံများ ပြုလုပ်လျှက်ရှိရာ ယခုရက်ပိုင်း အတွင်း ပဲခူးမြို့ရှိ သမိုင်းဝင် ကျိုက်ပညာယျ စေတီ ထီးတော်တင် ယတြာချေရန် စီစဥ်နေကြောင်း သိရသည်။

လက်ရှိ အပစ်အခတ် ရပ်စဲထားသည့် သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရန် ပြင်ဆင်နေသကဲ့သို့ မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များ အပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ အပြိုင်အဆိုင် စစ်ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ မတ်လ ၇ ရက်နေ့တွင် ပြောဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article