Thursday, May 2, 2024

မင်းအောင်လှိုင်၏ လည်မျိုကိုညှစ်နေသည့် တရုတ် ဖမ်းဝရမ်း

Must read

ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် သျှမ်းမြောက်၌ စတင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကာလ အတွင်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများကို ဖမ်းဝရမ်းများ ထုတ်ခဲ့သည်။

ယင်းသို့ တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ခဲ့သူများ အနက် ကိုးကန့်ဒေသကို အုပ်ချုပ်နေသည့် မိသားစုကြီး ၄ ခုကို ဦးဆောင်နေသူများ ပါဝင်သည်။

စစ်ဆင်ရေး မတိုင်မီ ကာလ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ ကုန်စည်ပြပွဲသို့ ဖိတ်ကြားပြီး မြီ၊ ဝေ နှင့် လျှို မိသားစုဝင်များ အပါအဝင် ၁၁ ဦးကို တရုတ်က ဖမ်းဆီးခဲ့သည်။

ယင်းနောက် ကျားဖြန့်နှင့် ပတ်သက်ပြီး တရုတ် အစိုးရက ဖမ်းဝရမ်းများ ဆက်တိုက် ထုတ်ခဲ့ရာ ကိုးကန့်ဒေသ ဦးဆောင်သူ ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက တရုတ်ထံ နေပြည်တော် လေဆိပ်၌ လွှဲပြောင်းပေးခဲ့ရသည်။

၄င်းတို့သည် စစ်ကောင်စီကို သစ္စာခံသူများ (ဝါ) အထူးသဖြင့် မင်းအောင်လှိုင် နှင့် ရင်းနှီးသည့် မိတ်ဆွေရင်းများလည်း ဖြစ်ကြပြန်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်ဘက်က ဝရမ်းထုတ်ခဲ့ပြီးနောက် မင်းအောင်လှိုင် က နေပြည်တော်တွင် ရက်ပေါင်းများစွာ အကာအကွယ်ပေးခဲ့သည်။

သို့သော် ပြင်းထန်လာသည့် တရုတ် ဖိအားကြောင့် လွှဲပြောင်း ပေးခဲ့ရသည်။

တရုတ်က ဝရမ်းထုတ်ခဲ့သည့် ၁၀ ဦးအနက် ၆ ဦးဖြစ်သည့် ကိုးကန့်ဒေသ ခေါင်းဆောင် ပယ်ဆောက်ချိန်နှင့် သား ပယ်ရင်ချန်၊ နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဋ္ဌ ဝေဆန်း၊ ဖူလီလိုက် လုပ်ငန်းစု ရွှီလောက်ဖာ၊ လျှိုကျိန်မောက်၊ ဟိန်းလီ လုပ်ငန်းစု CEO ဝေယုံ (ခ) ဒေါ်ချောချောအေး တို့နှင့်အတူ မြီ မိသားစုပိုင် ဝေါ့ဖူဆန်းကျွမ်း (ကျားခြံ) ဟိုတယ် ပစ်ခတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ၄ ဦးကို တရုတ်လက်ထဲ ထည့်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက ဝရမ်းထုတ်ခွင့်ရှိသလား

ကျားဖြန့် ပြဿနာ၏ ထူးခြားချက်မှာ တရုတ်နိုင်ငံ၏ ဖြေရှင်းပုံ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ကျားဖြန့်ဂိုဏ်း ခေါင်းဆောင်များနှင့် ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံသားများကို ဖမ်းဝရမ်းထုတ်ခြင်း ဖြစ်သည်။ ဤအချက်သည် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့်လေ့လာနေသူ တစ်ဦးက နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေး စာချုပ်အရ တရုတ်အနေဖြင့် ၄င်းနိုင်ငံတွင်း သာမက နိုင်ငံပြင်ပမှ ရာဇဝတ်မှု ကျူးလွန်သူများကို မြန်မာနိုင်ငံသို့ အချက်အလက် ပေးပို့ ဖမ်းဝရမ်း ထုတ်ခွင့်ရှိပြီး ဖမ်းဆီး လွှဲပြောင်းပေးရန် မြန်မာအစိုးရထံ မေတ္တာရပ်ခံနိုင်သည်ဟု ဆိုသည်။

ဆိုလိုသည်မှာ တရုတ်နှင့် မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ဖြတ်ကျော် မှုခင်းများကို လူကိုယ်တိုင် ဖြစ်စေ၊ အွန်လိုင်းမှ ဖြစ်စေ တိုက်ရိုက် ကျူးလွန်သူ၊ ကျူးလွန်သူကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပံ့ပိုးကူညီသူ၊ အကာအကွယ်ပေးသူ၊ ကျူးလွန်မှုမှရရှိသည့် ငွေကြေးများအား မျှဝေခံစားသူ စသည်ဖြင့် ဥပဒေကြောင်းအရ အကြုံးဝင်သူ မည်သူမဆို အထောက်အထား ခိုင်လုံစွာ ပေးပို့၍ ဝရမ်းထုတ်ခွင့် ရှိသည်ဟု ၄င်းက ရှင်းပြသည်။

သို့သော် တရုတ်က ဖမ်းဝရမ်း ထုတ်ထားသည့် မြန်မာနိုင်ငံသားများကို စစ်ကောင်စီ အနေဖြင့် တရုတ်ထံ ဖမ်းဆီး လွှဲပြောင်းခြင်း မပြုသင့်ဟု ကျားဖြန့်နှင့် ပတ်သက် ဆက်နွယ်နေသည်ဟု ထင်ကြေးပေးခံရသူ ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူက အင်တာဗျူး တစ်ခုတွင် ပြောဆိုထားသည်။

ကျားဖြန့် ပြဿနာ ဘယ်ကစ

ကျားဖြန့် ပြဿနာသည် NLD အစိုးရ လက်ထက် ကတည်းက စတင်ခဲ့သော်လည်း ဖြေရှင်းနိုင်စွမ်း မရှိခဲ့ဟု တရုတ်-မြန်မာ ဆက်ဆံရေး စောင့်ကြည့် လေ့လာနေသည့် သတင်းရင်းမြစ်က ဆိုသည်။

တရုတ်နိုင်ငံမှ ပေးပို့သည့် အချက်အလက်များအရ သျှမ်းပြည်နယ် တာချီလိတ်၊ လောက်ကိုင်နှင့် ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်များရှိ ငွေလိမ်ဂိုဏ်းများအား စစ်ဆေး ဖမ်းဆီးရန် ဖြစ်သည်ဟု ဆိုသည်။

သို့သော် စစ်တပ်နှင့် ရင်ကြားစေ့ရေးမူ စွဲကိုင်ထားပြီး ပြည်ထဲရေးဌာန လက်ကိုင်မရှိသည့် NLD အစိုးရ အနေဖြင့် ဖြေရှင်းနိုင်စွမ်းမရှိ (သို့) လက်လှမ်းမမီ ဖြစ်ခဲ့ရသည်။ အထူးသဖြင့် စစ်ခေါင်းဆောင်၏ နောက်လိုက်များကို စစ်ဆေး ဖမ်းဆီးရန် စစ်ခေါင်းဆောင်ကို ဖိအားပေးရသည်မှာ ဖြစ်နိုင်ခြေ မရှိလှပေ။

သို့ဖြစ်ရာ ကနဦးအဖြစ် NLD အစိုးရ အနေဖြင့် တရားမဝင် တည်ဆောက်နေသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ရွှေကုက္ကို မြို့သစ် စီမံကိန်း ရပ်ဆိုင်းရန် ကြိုးစားခဲ့သော်လည်း စောချစ်သူ ခေါင်းဆောင်သည့် BGF ခေါင်းဆောင်များ နှုတ်ထွက်မည် ဆိုသည့် တုံ့ပြန်မှုအောက်တွင် လက်လျှော့ခဲ့ရသည်။

တရုတ် ထောက်လှမ်းရေး ကွန်ရက်

မြန်မာနိုင်ငံ နယ်စပ် တစ်လျှောက်တွင်သာမက ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများ အပါအဝင် နေပြည်တော် အထိ အသွင်အမျိုးမျိုးဖြင့် တရုတ် ထောက်လှမ်းရေး ကွန်ရက် အခိုင်အမာ ရှိနေသည်ဟု နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံသား လုပ်ငန်းရှင် တစ်ချို့နှင့် တရုတ် သတင်းထောက် တစ်ဦး ဖမ်းဆီး ခံခဲ့ရသော်လည်း အောက်ခြေတွင် လူမသိ သူမသိ ဖြေရှင်းနိုင်ခဲ့သဖြင့် ပြန်လည် လွှတ်မြောက်ခဲ့သည်ဟု ၄င်းက ထောက်ပြသည်။

ကျားဖြန့် ကိစ္စနှင့် ပတ်သက်၍ တရုတ်ဘက်က အမည်စာရင်း ပေးပို့ရာတွင် အချက်အလက် တိကျခိုင်မာပြီး လက်ရှိ သျှမ်းပြည်နယ် တဝှမ်း ပတ်သက်ဆက်နွယ်သည့် မြန်မာ အစိုးရ အရာရှိ စာရင်းများ နေပြည်တော်သို့ ပေးပို့ထားသည်ဟု ဆိုသည်။

ထိုစာရင်းတွင် ပြည်နယ် အရာရှိများနှင့် ပြည်နယ် စစ်ဌာနချုပ် ဦးဆောင်သူ စစ်ဗိုလ်များ ပါဝင်နေပြီး စစ်ကောင်စီက စတင်အရေးယူမှုများ ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် တရုတ်ထံတွင် စစ်ခေါင်းဆောင်နှင့် မိသားစု၊ ထိပ်တန်း စစ်ဗိုလ်ချုပ်များ၏ အချက်အလက်များ ရှိနိုင်သေးသည်ဟု ၄င်းကဆိုသည်။

သို့သော် စစ်တပ် ခေါင်းဆောင်ဖြစ်သည့် မင်းအောင်လှိုင် နှင့် ပတ်သက်၍ တရုတ် အစိုးရက ရေငုံနှုတ်ပိတ်နေမည်သာ ဖြစ်မည်ဟု ၄င်းက သုံးသပ်သည်။

အာဏာမသိမ်းမီ တရုတ်-မြန်မာ ဆက်ဆံရေး

NLD အစိုးရ လက်ထက်တွင် တရုတ်-မြန်မာ ဆက်ဆံရေး အခြေအနေ အကောင်းဆုံး ဖြစ်ခဲ့သည်။ တရုတ်သမ္မတရှီကျင်းပင် နေပြည်တော်သို့ လာရောက်သည့် ခရီးစဥ်အတွင်း တရုတ် စီမံကိန်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အများအပြား လိုက်လျှောခဲ့ပြီး စာချုပ်များစွာ လက်မှတ် ရေးထိုးခဲ့သည်။

သမ္မတရှီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုရေးအရ လေးစားမှုရှိပြီး သူမ ဦးဆောင်သည့် အစိုးရနှင့် စီမံကိန်းများ အကောင်အထည် ဖော်ခြင်းဖြင့် မြန်မာပြည်သူများ၏ ကန့်ကွက်မှုများကို ရှောင်လွှဲနိုင်မည်ဟု ယုံကြည်ခဲ့ပုံ ရသည်ဟု တရုတ်-မြန်မာ အရေး လေ့လာသူက သုံးသပ်သည်။

အာဏာသိမ်းပြီးနောက် တရုတ်-မြန်မာ ဆက်ဆံရေး

စစ်တပ် အာဏာသိမ်းပြီးနောက် တရုတ် အနေဖြင့် စစ်ကောင်စီနှင့် တကွ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ကို အဖက်မလုပ်ခဲ့ဟု ဆိုရမည်။ နေပြည်တော်သို့ တရုတ် ထိပ်တန်းခေါင်းဆောင်များ လာရောက်လေ့ရှိသော်လည်း ကျားဖြန့်ကဲ့သို့ ပြဿနာနှင့် တရုတ် စီမံကိန်းများ၏ အနာဂတ် အာမခံချက် ရရန်သာဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို နိုင်ငံ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ဆက်ဆံခြင်း မရှိဘဲ စစ်တပ် ခေါင်းဆောင် အနေဖြင့်သာ အသိအမှတ်ပြု ဆက်ဆံနေပုံရသည်။

သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော်သို့ မင်းအောင်လှိုင် တက်ရောက်သည့် သတင်းကို တရုတ်သံရုံးက ဖော်ပြရာတွင်မူ မင်းအောင်လှိုင်အား နိုင်ငံ့အကြီးအကဲဟု သုံးနှုံးထားသည်ကို တွေ့ရသည်။

ယင်းနောက် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ် ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ နေပြည်တော်သို့ လာရောက်ပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှု အတွင်း နှစ်နိုင်ငံ နိုင်ငံတော်အဆင့် ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်ရန် စသည့် ကိစ္စများ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ကျားဖြန့် ကိစ္စ မင်းအောင်လှိုင် ပတ်သက်နေသလား

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မွေးထုတ်ထားသည့် ခရိုနီ လက်သစ်များစွာ ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရသည်။

NLD လက်ထက်ကတည်းက မွေးမြူထားသည့် စီးပွားရေး လောကတွင် နာမည်မရှိသော ခရိုနီ လက်သစ်များသည် လက်နက်၊ စွမ်းအင်၊ သစ်တော၊ ကျောက်မျက်၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး စသည့် အကျိုးအမြတ်များသည့် လုပ်ငန်းများတွင် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှပ်နှံထားသည်ကို Justic For Myanmar က ဖော်ထုတ်ထားသည်။

ယင်းခရိုနီ လက်သစ်များသည် စစ်ဗိုလ်ချုပ် အဟောင်း၊ အသစ်များနှင့် ဆက်နွယ်သူများသာ ဖြစ်ပြီး ကုမ္ပဏီခွဲပေါင်းများစွာ တည်ထောင်ထားကာ လက်နက် မှောင်ခိုမှု၊ ငွေကြေးခဝါချမှုများဖြင့် အမေရိကန်က စွပ်စွဲ ပိတ်ဆို့မှုများလည်း ကြုံတွေ့နေရသည်ကို တွေ့ရသည်။

နေပြည်တော်ရှိ သတင်းရင်းမြစ်၏ အဆိုအရ ကိုးကန့်ဒေသရှိ ကျားဖြန့်နှင့် လောင်းကစား အပါအဝင် လုပ်ငန်းစုံ လုပ်ကိုင်နေသည့် သူဌေးများက ကိုးကန့် အုပ်ချုပ်သူ မိသားစု ၄ စုမှ တစ်ဆင့် စစ်ခေါင်းဆောင် အပါအဝင် ထိပ်တန်း ဗိုလ်ချုပ်များကို လစဥ် ဂါရဝပြုလေ့ရှိရာ ငွေကြေး အတိုင်းအတာကိုမူ မှန်းဆရန် ခက်ခဲသည်ဟု ဆိုသည်။

ထို့အပြင် ကိုးကန့် အုပ်ချုပ်ရေးမှူးဟောင်း ပယ်ဆောက်ချိန်သည် မင်းအောင်လှိုင် မိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး ပြည်တွင်းရှိ ကိုးကန့် ကုမ္ပဏီများ ရရှိသည့် ကန်ထရိုက်များ၊ အိမ်ယာစီမံကိန်းများသည် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ သာမက သမီးဖြစ်သူနှင့်ပါ ပတ်သက်မှု ရှိနေသည်။

သို့ဆိုလျှင် မင်းအောင်လှိုင် မွေးထုတ်ထားသည့် ခရိုနီ လက်သစ်များသည် ကိုးကန့်ဒေသ ကျားဖြန့် လုပ်ငန်းမှ ရရှိသည့် ငွေမဲများကို ငွေဖြူအဖြစ် ငွေကြေး ခဝါချပေးနေသလော ဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်နေသည်။

ယင်းသို့ ပတ်သက် ဆက်နွယ်မှုများစွာ ရှိနေမည် ဆိုပါက တရုတ် ဥပဒေအရ မင်းအောင်လှိုင်မှသည် ၄င်း၏ သားနှင့် သမီး၊ ထိပ်တန်း စစ်ဗိုလ်ချုပ်များမှသည် ခရိုနီ လက်သစ်များအထိ ကျားဖြန့် လုပ်ငန်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပတ်သက်နေသည်ဟု ဆိုရမည် ဖြစ်သည်။

ထို့အပြင် သျှမ်းမြောက် ညီနောင်မဟာမိတ်တပ်များ၏ စစ်ဆင်ရေးများ မစတင်မီ တရုတ်ပြည်တွင်း သတင်း ဘလော့များတွင် ကျန်းဖြန့် ကိစ္စနှင့် ပတ်သက်၍ မင်းအောင်လှိုင် သည် တာဝန်ရှိသူ (ဝါ) ဂိုဏ်းခေါင်းဆောင် အဖြစ် စွပ်စွဲရေးသားနေသည်မှာ ယနေ့တိုင် ဖြစ်သည်ဟု တရုတ်-မြန်မာ အရေး လေ့လာသူက ထောက်ပြသည်။

နေပြည်တော်မှာ ဘာဖြစ်နေလဲ

လက်ရှိ တရုတ်နိုင်ငံမှာ ပေးပို့သည့် စာရင်းများအရ နေပြည်တော်တွင် စုစည်းနေသည့် အရပ်ဖက်၊ စစ်ဖက် တာဝန်ရှိသူများကို စစ်ဆေးမှုများ စတင်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။

ယင်းအခြေအနေကြောင့် သျှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ကျီးလန့်စာစား ဖြစ်နေသည်။

ထို့အတူ မင်းအောင်လှိုင် အနေဖြင့် တရုတ် ထောက်လှမ်းရေးက ပေးပို့သည့် စာရင်းများနှင့် ပတ်သက်၍ အမြန် အရေးယူရန် ညွှန်ကြားထားရာ ယခုရက်ပိုင်း အတွင်း တာချီလိတ်နှင့် ရန်ကုန်မြို့တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

မကြာမီ ထပ်မံ ဖမ်းဆီးမှုများစွာ ရှိလာလိမ့်အုံးမည်ဟု သတင်းရင်းမြစ်က ခန့်မှန်းပြောဆိုသည်။

မင်းအောင်လှိုင် ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မလား

ကျန့်ဖြန့် ပြဿနာနှင့် အတူ ပေါ်ပေါက်လာသည့် စစ်ပွဲများတွင် သမိုင်းဝင် ရှုံးနိမ့်မှုများဖြင့် ကြုံတွေ့နေရပြီးနောက် စစ်တပ်တွင်းနှင့် စစ်တပ် ထောက်ခံသူများ၏ ထောက်ခံမှု အကြီးအကျယ် ကျဆင်းနေစဥ် တရုတ်၏ ဖမ်းဝရမ်းက ၄င်း၏ လည်မျိုကို ညှစ်ထားသကဲ့သို့ ဖြစ်နေရာ မင်းအောင်လှိုင် အနေဖြင့် ထွက်ပေါက်ရှာမည်သာ ဖြစ်သည်။

ယင်းထွက်ပေါက်သည် တရုတ်နိုင်ငံ၏ ဖိတ်ခေါ်မှုဟု တရုတ်-မြန်မာ အရေးလေ့လာသူက သုံးသပ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော် လာရောက်ခဲ့သည့် ယူနယ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို တွေ့ဆုံစဥ် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားနေသည့် အခြေအနေများအား ၄င်းကိုယ်တိုင် တရုတ် သမ္မတနှင့် တွေ့ဆုံ ရှင်းပြလိုသည်ဟု မင်းအောင်လှိုင်က အပူကပ်ခဲ့ကြောင်း ၄င်းကဆိုသည်။

တရုတ်ကသာ အဖက်လုပ် ဖိတ်ခေါ်ပါက ရခိုင်နှင့်တကွ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မည် ဖြစ်ပြီး စစ်တပ်တွင်း ထောက်ခံမှု ပြန်ရနိုင်သည်သာမက တရုတ် ဖမ်းဝရမ်း ဘေးဆိုးကြီးမှ ၄င်း၏ မိသားစုနှင့် သာဝကများ ရှောင်လွှဲနိုင်မည်ဟု မင်းအောင်လှိုင် အနေဖြင့် ယုံကြည်နေပုံရသည်ဟု ၄င်းကသုံးသပ်သည်။

နိဂုံးချုပ်လေမလား

လက်ရှိ ကျားဖြန့်နှင့် ဆက်နွယ်နေသည့် တရုတ်နိုင်ငံသား ငါးသောင်းနီးပါးကို တရုတ်ဘက် လွှဲအပ်ခဲ့ပြီး ဗီယက်နမ် ၁၀၇၁ ဦး၊ အိန္ဒိယ ၄ ဦး၊ ထိုင်း ၅၃၇ ဦး၊ မလေးရှား ၁၃၃ ဦး၊ စင်ကာပူ ၂ ဦး၊ ထိုင်ဝမ် ၄ ဦး၊ တောင်ကိုရီးယား ၂၀ ဦးနှင့် ယူဂန်ဒါ တစ်ဦး တို့ကို ပြန်လွှဲလိုက်ပြီဟု စစ်ကောင်စီက ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သို့သော် ဇာတ်လမ်းသည် မဆုံးနိုင်သေးပေ။

နေပြည်တော်တွင် ခိုလှုံခဲ့သည့် ပယ်ဆောက်ချိန် အပါအဝင် ကိုးကန့် မိသားစုများက တရုတ်နိုင်ငံတွင် မည်သို့ ထွက်ဆို မည်နည်း။

၄င်းမိသားစုများ ပိုင်ဆိုင်သည့် မြန်မာနိုင်ငံ အတွင်း၊ တရုတ်နိုင်ငံသာမက နိုင်ငံတကာရှိ ဘဏ်စာရင်းများ မည်သို့ ဖြစ်ပျက်နေသနည်း။ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဖြန့်ကျက်ထားသည့် ရင်နှီးမြှုပ်နှံမှုများ မည်သို့ ရှေ့ဆက်နေသနည်း စသည်ဖြင့် စိတ်ဝင်စားဖွယ် ကိစ္စ များစွာ ရှိနေသေးသည်။

မည်သို့ပင် ဆိုစေကာမူ လက်ရှိ အနေအထားအရ မင်းအောင်လှိုင် အနေဖြင့် တရုတ်နိုင်ငံ၏ ကယ်တင်မှုကိုသာ မျှော်လင့်နိုင်သည့် အခြေအနေ ဖြစ်သည့် နည်းတူ တရုတ်နိုင်ငံကပင်လျှင် ၄င်းကို နိဂုံးချုပ်စေနိုင်သည့် အခြေအနေ ဖြစ်သည်ကိုကား ငြင်းမရပေတကား။

Leave a Comments

- Advertisement -spot_img

Latest article