သျှမ်း-ကရင်နီ (ကယား) ပြည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ဖယ်ခုံမြို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါးလိုပင် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၈ ရက်တွင် အမျိုသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီက တိုက်ပွဲလည်းမရှိ၊ တိုက်ပွဲလည်းမဖြစ်တဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ လူထိခိုက်လည်းရှိတယ်။ အိုးအိမ်ပျက်စီးတာလည်းရှိတယ်” ဟု ဖယ်ခုံအင်းအနီးရှိ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရသူများမှာ ပင်လောင်းမြို့နယ် နန်းတုတ်ရွာမှ အမျိုးသမီး ၁ ဦးနှင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာမှ အမျိုးသားနှင့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ပတ်သက်၍ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “ သွေးခွဲတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေက အမှား၊ အမှန်ခွဲခြား တတ်နေပါပြီ” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာ၊ ဟိုပန်ရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်ရွာမှ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို ဇန်နဝါရီလ ၁၀ ရက်ကတည်းက တော်လှန်းတပ်ပေါင်းစုတို့ ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ပြန်လည်ရယူရန် ကြိုးပမ်းရာ စစ်ရေးတင်းမာနေလျက် ရှိကြောင်းသိရသည်။