သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ မီးရှို့ခံရသည့် ကျေးရွာများတွင် ကျန်ရှိသေးသည့် နေအိမ်များကို ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မိုးဗြဲဘက်သို့ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကို သိရသည်။
“အရင်စစ်ပွဲတုန်းက အိမ်အကြီးတလုံး မီးလောင်သွားတာ တလုံးက ကျန်သေးတာ အဲကျန်တဲ့ တလုံးတောင် စစ်တပ်က မီးထပ်ရှို့လိုက်ပြီတဲ့၊ ဘာမှမကျန်တော့ဘူး အခြေနေကောင်းလို့ ပြန်နေရရင်တော့ အစကနေ ဘဝကို ပြန်စရမှာ၊ စစ်ရှောင်ရတာလည်း ကြာလာတော့ မလွယ်ဘူး။”ဟု ၎င်းကဆိုသည်။
ထို့အပြင် စစ်ကော်မရှင်တပ်က မိုးဗြဲ၊ ဖယ်ခုံဘက်တွင် အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်နေသောကြောင့် နေရပ်မပြန်နိုင်သေးကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။
ဆက်လက်ပြီး စစ်ကော်မရှင်တပ်က သျှမ်းပြည်တောင်ပိုင်းဘက်တွင် လာရောက်စစ်ဘေးရှောင်နေသူများကို ကရင်နီပြည် မိုးဗြဲ၊ လွိုင်ကော်ဘက်သို့ နေရပ်ပြန်ကြရန်နှင့် မပြန်လျှင် အိမ်ခြံမြေများ ချိတ်ပိတ် သိမ်းဆည်းမည် ဟု ခြိမ်းခြောက်ပြန်ခိုင်းနေသည်ဟု စစ်ေရှာင်များက ပြောသည်။
“ပြီးခဲ့တဲ့ (ဇွန်လ)တုန်းကလည်း အဲလို ပြန်ခိုင်းလို့ နေရပ်ပြန်တဲ့သူတွေရှိတယ်၊ တိုက်ပွဲလည်း ဖြစ်နေတာကို နေစရာမရှိဘူးလေ ဘုန်းကြီးကျောင်းမှာပဲ စုပြီးနေကြတယ် ဘာမှမထူးဘူး အခုတိုက်ပွဲ ထပ်ဖြစ်တော့ ထပ်ရှောင်လာရတယ်၊ ဘာအာမခံချက်မှ မပေးနိုင်ဘဲ နေရပ်ပြန်ဖို့ပဲ ဖိအားနေတယ်။”ဟု စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
ယခုလက်ရှိ ကရင်နီပြည်နယ် ဖားဆောင်း၊ မော်ချီး၊ရှားတောဘက်သို့ စစ်ကော်မရှင်တပ်က နေ့စဉ် စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် မော်ချီးဒေသကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သေဆုံးထိခိုက် ဒဏ်ရာ ရသူများ ရှိသည်ဟု စစ်ရေး သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ အစတွင်လည်း လွယ်ထွယ်အရှေ့ဘက် တပ်မတော်တပ်စခန်းကုန်းအား ကရင်နီတော်လှန်ေရးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လွယ်လင်လေးတပ် ခမရ(၅၃၀)တပ်မှ စစ်သား (၁၁)ဦးကျဆုံးသွားကြောင်း သိရသည်။











Leave a Comments