Saturday, May 4, 2024

ချစ်သူတိုင်း ဘဝလက်တွဲနိုင်ကြပါစေ

Must read

ရှေ့ကျသည့် သျှမ်းဇာတ်သဘင်သီချင်း သံစဥ်နှင့်အတူ သျှမ်းအမျိုးသားဝတ်စုံဆင်တူ ဝတ်ဆင်ထားသော နှစ်ဦးက လက်များကွေးညွန့်နေအောင် “က”ပြီး ပျော်ရွှင်ကြည်နူးနေကြသည်။

ထိုအမျိုးသား ၂ဦးသည် မီးရောင်ဖျော့ဖျော့အောက်တွင် သျှမ်းအမျိုးသားဝတ်စုံဆင်တူနှင့် မင်္ဂလာဆောင်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ သျှမ်းလူမျိုးတွင် အမျိုးသားအချင်းချင်း လက်ထပ်မင်္ဂလာဆောင်ခြင်းကို တကြိမ်တခါမျှ ကြုံတွေ့ခြင်းမရှိခဲ့ပေ။

ထိုမင်္ဂလာဆောင်ပွဲက ထိုင်းနိုင်ငံချင်းမိုင်မြို့ ရဲ့ နေရာတစ်နေရာမှာ ကျင်းပခဲ့ပြီး၊ မင်္ဂလာပွဲကို ကျင်းပသည့် အမျိုးသားနှစ်ဦးကတော စိုင်းလျန်းနှင့် စိုင်းအစ်ပါပဲ။

ခေတ်အဆက်ဆက်က ရှမ်းလူမှုအသိုင်းအဝန်းတွင် ထိမ်းမြားမင်္ဂဆောင်ပွဲကျင်းပသည့်အခါ ဇနီးမောင်နှံ (ယောကျ်ားလေးနှင့်မိန်းကလေး)သာဟူ၍ တွေ့ဖူးမြင်ဖူးကြ၏။

ယခုကဲ့သို့ ရှားပါးလှသည့် ယောကျ်ားလေးအချင်းချင်း မင်္ဂလာဆောင်ပွဲကိုမှ တွေ့မြင်ရသောအခါ ပွဲတက်လာရောက်အချို့က တအံ့တသြစိုက်ကြည့်နေရပြီး အချို့မှာ အထူးအဆန်းအသစ် ဖြစ်နေသည်။

“တစ်ခါမှ ယောကျ်ားလေးအချင်ချင်း ယူတာမမြင်ဖူးဘူး။ ဘယ်လိုစိတ်နဲ့များ ယူကြလဲမသိဘူး” ဟု အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အွန်လိုင်းပေါ်မှ ပျံ့နှံ့လာသော စိုင်းလျန်းနှင့်စိုင်းအစ်တို့ ဓာတ်ပုံအားကြည့်၍ ဝေဖန်လိုက်သည်။

“အွန်လိုင်းပေါ်မှာတော့ ကျနော်တို့ကိုဝေဖန်ထားတာ အများကြီးတွေ့တယ်။ ကောမန့် ၁၀၀ လောက်ဆိုရင် ၈၀ လောက်ကတော့ မကောင်းတဲ့ ကောမန့်တွေကြီးပဲ။ အဲ့လိုမျိုးပြောခံရမယ်ဆိုတာ သိထားတော့ ကိုယ်စိတ်ကိုပြင်ဆင်ထားပြီးပြီ။ ဘာပြောပြောစိတ်မဝင်စားဘူး။ အဓိက ကိုယ်စိတ်ချမ်းသာဖို့ပဲလိုတယ်” ဟု စိုင်းအစ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှာ ကျင်းပပြုလုပ်ခဲ့သော (လိင်တူချစ်သူ) စိုင်းလျန်းနှင့် စိုင်းအစ်တို့ကို လိုက်လံဝေဖန်သူအပေါ် စိုင်းအစ်က ယခုလိုဉပက္ခာပြု လိုက်ကြောင်း ရှင်းပြနေသည်။

လိင်တူချစ်သူ (LGBTQ+)ဆိုသည်မှာ အမျိုးသမီးချင်း ချစ်ခင်စုံမက်သူများ (Lesbian)၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (Gay)၊ အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးကို ချစ်ခင်စုံမက်သူများ (Bisexual)၊ ဆန့်ကျင်ဘက်လိင်သို့ ပြောင်းလဲခွဲစိတ်ထားသူများ (Transgender)နှင့် ကိုယ်ကိုယ်ကို အဖြေမသိသေးတဲ့သူ (Question)ဟူ ခေါ်ဆိုခြင်း ဖြစ်သည်။

သို့သော် ရှမ်းလူမှုအသိုင်းအဝန်းအပြင် မြန်မာလှုမှု အသိုင်းအဝန်းမှာ လိင်တူချစ်သူ (LGBTQ+) ကို အသိအမှတ်ပြု၍ လက်ခံနိုင်ခြင်း မရှိသေးပေ။ လက်ခံနိုင်သူမှာ အနည်းအကျဉ်းသာရှိ၏။

“ဒါကတော့ ကျနော်တို့နှစ်ဦးနှစ်ဖက်ရဲ့ မိဘတွေးမျိုးတွေကို တိုင်ပင်ခဲ့ကြတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ အတူနေထိုင်သွားမယ်ဆိုရင် မိဘဆွေမျိုးတွေကိုတော့ အရင်မေးရတာပေါ့နော်။ သူတို့လက်ခံနိုင်မလား၊ လက်မခံနိုင်ဘူးလားဆိုတာပေါ့။ ကျနော်တို့ မိဘတွေကလည်း ဘာမှမပြောဘူး။ အိမ်ထောင်ပြုပြီး အတူနေချင်တယ်ဆိုရင် ဘာမှ,မဖြစ်ဘူး” ဟု စိုင်းလျန်းက ပြောသည်။

စိုင်းလျန်းသည် စိုင်းအစ်နှင့် ချစ်သူရည်းစားမဖြစ်ခင်က အမျိုးသမီးတစ်ဦးနှင့် အတူ အိမ်ထောင်ပြုပြီး အိမ်ထောင်သက် ၂နှစ်အတွင်း သမီးလေးတစ်ယောက် မွေးဖွားခဲ့သည်။

သို့ပေမယ့် “ဖူးစာမှန်မှ အိမ်ထောင်မြဲမည်” ဆိုသည့်အတိုင်း ဖူးစာအစစ်အမှန် မဟုတ်သေးသည့်အတွက်ကြောင့် အမျိုးသမီးနှင့် လမ်းခွဲ ပြတ်စဲခဲ့ရသည်။

တစ်ဖက်တွင် စိုင်းလျန်းသည် လိင်တူချစ်သူကို ပို၍ ချစ်ကြိုက်လိုဖွယ် ရှိသောကြောင့် ခွဲထွက်လာသည်ဟု ဆိုသည်။

“ ကျနော် မိဘတွေက အိမ်ထောင်ပြုခိုင်းတယ်။ ကျနော်လည်း အိမ်ထောင်ပြုခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ပြုခဲ့တဲ့ အိမ်ထောင်သက်တမ်းတလျှောက်မှာ စိတ်ကမပျော်ဘူး။ မိန်းကလေးနဲ့အတူ နေရတာ မပျော်ဘူး။ ကိုယ်ရဲ့စိတ်က လိင်တူအချစ်ကိုပဲ ပိုအားသန်နေတာ။ အဲ့ကြောင့် ကွဲထွက်လာခဲ့တာ” ဟု စိုင်းလျန်းက ရှင်းပြသည်။

လက်ရှိတွင် စိုင်းလျန်းနှင့် စိုင်းအစ်တို့ မိသားစုသည် အခြားသော မိသားစုများလို ကွဲပြားမှုမရှိကာ ပုံမှန်အိမ်ထောင်သည် လင်မယားဖြစ်နေပါပြီ။

ထို့အပြင် စိုင်းလျန်းရဲ့ သမီးငယ်လေးကလည်း ဖခင်ဖြစ်သူ၏ ဖြစ်တည်မှုအားလုံးကို လက်ခံထား၏။

သို့ရာတွင် လူ့မှုအသိုင်းအဝန်းအတွင်း သမီးလေးဖြစ်သူကို Gay မိဘပိုင်ဆိုင်သောသူဟူ၍ ဝေဖန်ခွဲခြားကာ အပြစ်တင်ကဲ့ရဲ့ပြောဆိုမည်ကို မိဘဖြစ်သူများကရင်ထဲတမျှမျှပူအောင် စိုးရိမ်နေရသည်။

“စိတ်ပူတယ်။ သူကကြီးလာရင်လည်း ဘယ်အသိုင်းဝန်းထဲရောက်သွားမလဲမသိဘူး။ အခုဆိုရင် သူကို LGBT အသိုင်းဝန်းကိုနားလည်အောင်၊ သိအောင် ပို့ပေးနေရတာပေါ့။ သမီးလေးကတော့ ကိုယ်တွေနှစ်ယောက်လုံးကို အားလုံးလက်ခံပေးတယ်” ဟု စိုင်းအစ်၏ အသံက တိုးတိုးဖြင့်ပြောသွားသည်။

ယောင်္ကျားအချင်းချင်းဖြစ်စေ၊ မိန်းကလေးအချင်းချင်းဖြစ်စေ ချစ်တတ်သော နှလုံးသားနှင့် သက်ဆိုင်ကြောင်း ပြောရလျှင်မှန်နိုင်သည်။

စိုင်းလျန်း၏မိသားစုဝင် အမျိုးသမီးတစ်ဦးက “Gay အတွဲဘဲဖြစ်ဖြစ်၊ Tomအတွဲဖြစ်ဖြစ် ချစ်ကြတာက အကောင်းဆုံးဖြစ်တယ်။ ကျမအမြင်တော့ အချစ်ရေးကတော့ လိင်ပိုင်းနဲ့မဆိုင်ဘူးလို့ ထင်တယ်။ နှလုံးသားနဲ့ကြည့်ပြီး ချစ်တတ်ဖို့ပဲလိုတယ်။ အခုခေတ်ကတိုးတက်လာနေပြီ။ ဟိုဘာဖြစ်တယ်။ ဒီလိုဖြစ်တယ်ဆိုတာမျိုးတွေးနေဖို့ မလိုတော့ဘူး။ ကျမတို့လည်း နားလည်ပေးဖို့လိုတယ်။ ကျမတို့ သူတို့နှစ်ကိုတွေ့ရတာ ပျော်တယ်။ သူတို့မင်္ဂလာပွဲကိုလည်း ကျမတို့အစဆုံးကူညီပေးခဲ့တာ” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူချင်း လက်ထပ်ခွင့်မပြုထားသော်လည်း ၂၀၁၄ ခုနှစ်တွင် လိင်တူချစ်ဖြစ်သည့် ကိုမျိုးမင်းလတ်နှင့် ကိုတင်ကိုကိုတို့ လူသိရှင်ကြား ၁၀ နှစ်ပြည့် မင်္ဂလာဆောင်ပွဲ ပြုလုပ်ခဲ့ကြသကဲ့သို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်လည်း ကိုပြည့်နှင့် ကိုကောင်းမြတ်ထူးတို့ နှစ်ဦးသည် သြစတြေးလျနိုင်ငံ၌ လူသိရှင်ကြား မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့ကြသည်။

ထို့အပြင် အမျိုးသမီးအချင်းချင်း ကြိုက်နှစ်သက်ကြသည့် Leshian အတွဲများလည်း လူသိရှင်ကြား မင်္ဂလာဆောင်ပွဲ ရှိခဲ့သည်။

ကမ္ဘာပေါ်တွင် လိင်တူချစ်သူများ လက်ထပ်၍ရသော နိုင်ငံများမှာ သြစတြေးလျ၊ ဂျာမနီ၊ အမေရိကန်၊ ဖင်လန်၊ စကော့လန်၊ ပြင်သစ်၊ နယူးဖီလန်၊ ဒိန်းမတ်၊ အိုင်လန်၊ ဆွိဒင်၊ နော်ဝေး၊ စပိန် ကနေဒါနှင့် နယ်သာလျန်များ ဖြစ်သည်။

မြန်မာနိုင်ငံမှာ လိင်တူချစ်သူများအပေါ် သက်ရောက်နိုင်သည့် ဉပဒေ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ သဘာဝမကျသော လိင်ဆက်ဆံမှုပြုခြင်း၊ တိရိစ္ဆာန်နှင့် လိင်ဆက်ခံခြင်း တို့ကို ကျူးလွန်ပါက ထောင်ဒဏ် တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေအပြင် ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှန်နိုင်သည်။

အဆိုပါ ဉပဒေအား ပယ်ဖျက်ရန် လိင်တူချစ်သူအရေး လှုပ်ရှားများက တောင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်ထိ အောင်မြင်မှု မရရှိခဲ့သေးပေ။

မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်းထိပ်စပ်နေသည့် ထိုင်းနိုင်ငံအတွင်းတွင် လိင်တူ လက်ထပ်ထိမ်းမြား နိုင်ခွင့်နှင့် တန်းတူညီမျှမှု အခွင့်အရေးရရန် လွှတ်တော်အတွင်းသို့ ဆွေးနွေးတင်ပြမှုများ လုပ်ဆောင်နေလျက်ပင်။

သို့သော်လည်း ထိုဉပေဒေကို အတည်ပြုပေးခြင်း မရှိသေးပေ။

ထို့ကြောင့် “ လူသားတိုင်းက ချစ်နေဖို့ပါပဲ။ နှလုံးသားရဲ့ ချစ်ခြင်း ဟာ ထူးဆန်းတဲ့အရာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူနှစ်ဦး က ဘဝလက်တွဲဖော်ဖြစ်တဲ့အတွက် ချစ်တဲ့သူနဲ့ အတူနေဖို့က လိုအပ်တယ်လေ”ဟု လိင်တူချစ်သူ စိုင်းလျန်းနဲ့ စိုင်းအစ်က ပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article