Thursday, April 18, 2024

ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု

Must read

စစ်မြေပြင် အနေအထားအရ ကျဉ်းမြောင်းလှသည့် ဧရိယာအတွင်း ဗုဒ္ဓဘာသာ၀င်တို့၏ ဘာသာရေးဆိုင်ရာ အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီ။

သိန္နီ လက်နက်ကြီးကျ အိမ်ပျက်စီး

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။

သျှမ်းတောင်ရှိ ဆီဆိုင်မြို့နယ်သည် စစ်ကောင်စီ၏ ဒေါသသင့်ရာ ဒေသ ဖြစ်လေပြီ။

လက်ရှိ သျှမ်းတောင် ဆီဆိုင်နှင့် ဟိုပုန်းဒေသတွင်စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ခဲ့သည်မှာ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားသည့်ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) သာ ဖြစ်နေပြန်သည်။

“မဟာဒေဝီ စဝ်နန်းဟိန်းခမ်း” သက်ရှိထင်ရှား ရှိပါမူ သျှမ်းပြည်၏ လက်ရှိ တော်လှန်ရေး အခြေအနေကို ကြည့်၍ ပြုံးနေမည်လော၊အံကြိတ်၍ ရယ်မော နေမည်လော။

ပင်လုံစာချုပ် (သို့) သျှမ်းပြည် ကံဆိုးမိုးမှောင်ကျမှု

၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်သည် ကနဦးတွင် လွတ်လပ်မှု၏ မျှော်လင့်ချက် ဖြစ်သော်လည်း သျှမ်းပြည်ကို ကံဆိုးမိုးမှောင်ကျစေခဲ့သည့် စာချုပ်သာ ဖြစ်သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် အကြို တောင်တန်း-မြေပြန့် ဆွေးနွေးစဉ် တလျှောက် နှစ်ဦးနှစ်ဖက်နားလည်လက်ခံခဲ့သည့် (Panglong Spirit) များစွာရှိခဲ့သည်။

သို့သော် လက်တွေ့တွင်  ပင်လုံစာချုပ်ကို ဥပဒေကြောင်းအရ အကောင်အထည်ဖေါ်မှု ဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၁၉၄၇) ၌ပင်လုံ ဆွေးနွေး သဘောတူညီချက် လွှမ်းခြုံနိုင်စွမ်း အားနည်းခဲ့သည့် အပြင် အများစုကို ပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ပေ။

ပေါ်လွင်စေရန် ဖော်ပြလိုသည့် အချက်မှာ ပင်လုံစာချုပ်တွင် အသေးစိတ် ထည့်သွင်းထားခြင်း မရှိသော်လည်း ဆွေးနွေးပွဲတွင် သဘောတူထားသည့် လူကြီးလူကောင်း သဘောတူညီချက် (Gentlemen’s Agreement) အများစုကို ၁၉၄၇ အခြေခံ ဥပဒေ ရေးဆွဲရာတွင် ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းသည် တိုင်းရင်းသားများကို ကနဦးကပင် စေတနာမဲ့စွာ ဥပဒေကြောင်းအရ ချိုးနှိမ်ခဲ့ခြင်းသာ ဖြစ်သည်။

ယင်းကာလ တောင်တန်းဒေသသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် ပြည်မ ထက် အစစအရာရာ နောက်ကျန်ရစ်သည် မှန်သော်လည်း မြန်မာများနှင့် နိုင်ငံရေးအရ တန်းတူ ပူးပေါင်းနိုင်ရန် – တနည်းအားဖြင့် သမိုင်းကြောင်းအရ မြန်မာဘုရင်များ၏နိုင်ငံရေးအရ ထီးရံနန်းရံဖြစ်ခဲ့သော အခြေအနေမှ ရုန်းထွက်နိုင်ရန် သျှမ်းခေါင်းဆောင်များ ကြိုးစားခဲ့မှု အနေနှင့် မြင်ကြည့်ပါက လူထုအနေဖြင့် လက်ခံနိုင်ဖွယ်ရာ ဖြစ်သည်။

သို့သော် ဗမာ နိုင်ငံရေးသမားများမှ ပရိယာယ် အသွယ်သွယ်ဖြင့် အားစိုက်ခဲ့သည်မှာ ဗမာလူမျိုးစု ဦးဆောင်သည့် “မြန်မာ” ဆိုသောအမျိုးသားနိုင်ငံ (a nation- state) အဖြစ် ထူထောင်နိုင်ရန် ဖြစ်ကြောင်း ကောက်ချက်ချ နိုင်သည်။

ရလဒ်အားဖြင့် ၁၉၄၈ တွင် ထွက်ပေါ်လာသော နိုင်ငံသစ်သည် အနှစ်သာရအားဖြင့် နိုင်ငံရေး၊ နည်းအားဖြင့် ပူးပေါင်းထားခြင်း မဟုတ်ပါဘဲလက်နက်အင်အားဖြင့် စုစည်းထားသော မြန်မာ ဆိုသည့် နိုင်ငံတခု (တစ်ပြည်ထောင် လက်နက်နိုင်ငံတော်) ဖြစ်ခဲ့ရသည်။

သို့သော် မျှတမှုမရှိသည့် မြန်မာပြည်သစ်တွင် ခုခံတွန်းလှန်စစ် ဖြစ်ပွားလာခြင်းကြောင့် နှစ်ပေါင်း ၇၀ ကျော် ကြာညောင်းလာသည့်တိုင် နိုင်ငံနယ်နမိတ်ကို ထိန်းသိမ်းထားနိုင်သော်လည်း အောင်မြင်သော နိုင်ငံတခုအဖြစ် မတည်ဆောက်နိုင်သည်မှာ ယနေ့တိုင် ဖြစ်သည်။

လွတ်လပ်ရေး ဆွေးနွေးစဉ် “တနှစ်အတွင်း လွတ်လပ်ရေး” ဆိုသည့် ကြွေးကြော်သံဖြင့် ၄ လ အတွင်း အခြေခံဥပဒေကို အပြီးရေးမည့် အစား“နောင် ၁၀ နှစ်ကြာမှ လွတ်လပ်ရေး ယူခဲ့သော်” နှင့် ပြောင်းလဲ စဉ်းစားကြည့်လျှင် ပြည်တွင်းစစ်ကို ရှောင်လွှဲ နိုင်ကောင်း၏။

အသုံးချခံ ပင်လုံ

အများသိပြီးဖြစ်သည်။ ပင်လုံစာချုပ်ပါ အချက်အလက်များကို ဖဆပလ အစိုးရသည် လည်းကောင်း၊ ဦးနေ၀င်း ဦးဆောင်သည့် စစ်ကောင်စီနှင့် ဆိုရှယ်လစ် အစိုးရသည် လည်းကောင်း နအဖ စစ်ကောင်စီသည် လည်းကောင်း မည်သည့်အခါကမျှ အကောင်အထည် ဖော်ခဲ့သည် မရှိပေ။

ထို့အတူ ၂၀၁၀ ကြံ့ခိုင်ရေး အစိုးရသည် လည်းကောင်း၊ ၂၀၁၅ NLD အစိုးရသည်လည်းကောင်း နိုင်ငံရေးအရ အသုံးချရန် ပင်လုံစာချုပ်ကို ဖုန်သုတ် အရောင်တင်ခဲ့ရာ နိုင်ငံရေးအရ ဆိုပါမူ ရယ်မောဖွယ်သာ ဖြစ်သည်။

၂၀၁၅ အာဏာရပါတီ NLD ပါတီ ခေါင်းဆောင် အနေဖြင့် ၎င်း၏ ဖခင် ဦးဆောင် ချုပ်ဆိုခဲ့သည့် စာချုပ်ပါ ခွဲထွက်ခွင့်ကို လစ်လျူရှူပြီးပြည်ထောင်စု မပြိုကွဲရေး ဆိုသည့် စစ်တပ်၏ ကြွေးကြော်သံအောက်က အသက်သွင်းရန် ကြိုးစားခဲ့သည်။

သို့သော် ၄င်းဖခင် တည်ထောင်ခဲ့သည့် စစ်တပ်က ကန့်ကွက်ရာ လက်ရှိ အကျဉ်းချခံနေရသည့် အခြေအနေ ဖြစ်သည်။

မြန်မာစစ်တပ် ဘာလဲ

အတိတ်ကို အကျဉ်းချုံ့ရသော် ဒုတိယ ကမ္ဘာစစ်ကာလ အမျိုးသားရေးဝါဒီများ အာဏာရနေသည့် ဂျပန်ပြည်တွင် မြန်မာစစ်တပ် ခေါင်းဆောင်းလောင်းများ သစ္စာတော်ခံ စစ်ပညာ သင်ခဲ့သည်။ မြန်မာစစ်တပ်၏ သန္ဓေ ဖြစ်သည့် ဘီအိုင်အေ သည် ၄င်း၏ ပထဆုံး စစ်ပွဲအဖြစ် ဖက်ဆစ် ဂျပန်အလိုကျ မြန်မာပြည်တွင်း စစ်ခင်းခဲ့ရာ ပြဿနာများစွာ ပေါ်ခဲ့သည်သာ။

စစ်ကောင်စီ

ဆိုလိုသည်မှာ မြန်မာစစ်တပ် တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ခေါင်းဆောင်များကို ဆိုးရွားလှသည့် လက်ယာ အစွန်းရောက် အမျိုသားဝါဒီ ဂျပန်စစ်တပ်က လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်သည် ဆိုသည့် မြန်မာ စစ်တပ်သည် ယင်းကာလ ဖက်ဆစ် ဂျပန် စစ်တပ်၏ ညီအကိုတော် စစ်တပ်သာဖြစ်သည်။

လက်ရှိကာလတွင် အတွေးအခေါ်အားဖြင့် အမျိုးသားရေး ဝါဒမှိုင်းဖြင့် အခြေတည်ထားသည့် မြန်မာစစ်တပ်သည် ဆိုးရွားလှသည့် ဖက်စစ်အမူအကျင့်များ ကျင့်သုံးနေနေသည့် ယနေ့ ဖက်စစ် စစ်တပ်သာ ဖြစ်သည်။ မြန်မာ စစ်တပ် နှစ် ၇၀ ကျော် ကျူးလွန်မှုများသည် ဖက်ဆစ်တပ်၏ သရုပ်မှန်ကို ပေါ်လွင်သည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရသော် ၄င်းတည်ထောင်သည့် ဖက်ဆစ်တပ်ကို ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်နိုင်သည်။

သို့သော် ယင်းကာလ ဖက်ဆစ် အမျိုးသားရေးဝါဒီများ အားကောင်းလှသည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် ထိန်းသိမ်းရန် ကြိုးစားရင်းလုပ်ကြံခံရခဲ့ရသည်ဟု ဆိုရမည်သာ ဖြစ်သည်။ အကျိုးဆက် အားဖြင့် အမျိုးသားရေး ဝါဒီတို့ လက်တွင်း နိုင်ငံ သက်ဆင်းခဲ့ရခြင်း ဖြစ်သည်။

နှစ်ပေါင်း ၇၀ ကျော် မြန်မာ ဖက်ဆစ် စစ်တပ် မည်မျှ ဆိုးဝါးသည်ကို သျှမ်းတော်လှန်ရေး ခေါင်းဆောင် ဆိုသူများ အသိဆုံး ဖြစ်မည်ဖြစ်ရာ သျှမ်းပြည်လူထုသည် စစ်တပ်နှင့် မပေါင်းနိုင်သည်ကိုလည်း သိရှိရန် လိုအပ်သည်။

NUG ၊ NLD                                                   

၂၀၁၅ အာဏာရ NLD ပါတီသည် ယင်းကာလ ဒေသန္တရ အနိုင်ရ တိုင်းရင်းသား ပါတီများကို အဖက်မလုပ်ခဲ့ပေ။ အထူးသဖြင့် သျှမ်းပြည်နယ်လွှတ်တော် အပါအ၀င် မဲဆန္ဒနယ် အများအပြား အနိုင်ရခဲ့ပြီး ၄င်းတို့နှင့် ပါတီခေါင်းဆောင်း အချင်းချင်းတောင်  မဟာမိတ်ဟု ဆိုနိုင်သည့် သျှမ်းပါတီကိုပင်အဖက်အလုပ်ခဲ့ပေ။

 ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်ပြီးနောက် အလားတူပင် အဖက် မလုပ်ခဲ့ပေ။

လက်ရှိ အမျိုးသား ညီညွတ်ရေး အစိုးရ NUG သည် စုဖွဲ့မှုသာမက မူဝါဒအရပါ NLD ပါတီ အခြေပြုဟု ဆိုရမည် ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် တန်းတူ ဆိုသည့် မူဝါဒများသာ ချမှတ်ထားပြီး အသစ်ပေါ်ပေါက်လာမည့် ပြည်ထောင်စု၏ အသွင်သဏ္ဍာန်နှင့် အနှစ်သာရ အတွက် တိုင်းရင်းသား အများစုနှင့် ညှိနှိုင်းရာတွင်မူ ခက်ခဲနေဆဲ ဖြစ်သည်။

ဆိုလိုသည်မှာ NLD (သို့) NUG ယခင်ကာလများကဲ့သို့ပင် မြန်မာ (ဗမာ) ဦးဆောင်သည့် ပြည်ထောင်စု လက်နက် နိုင်ငံ တည်ထောင်လိုခြင်းသာဖြစ်သည်။

သို့ဖြစ်ရာ သျှမ်းပြည်အတွက် ဆိုပါမူ စစ်အာဏာရှင် ကျဆုံးရေး အတွက် မဟာမိတ် အဖြစ်သာဖြစ်သည်။

သျှမ်းညီညွတ်ရေး

ပြီးခဲ့သည့် နဝတနှင့် နအဖ စစ်ကောင်စီ ကာလသာမက ကြံ့ခိုင်ရေး အစိုးရ ကာလအထိ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးသည် လူထုကို တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ဦးဆောင်ခဲ့သည်ကို တွေ့ရမည်။

နှစ်ရှည် ထောင်ဒဏ် ကျခံနေရစဉ်တွင်ပင် ရသည့်နည်းလမ်းဖြင့် ပြည်သူလူထုထံ သတင်စကားပါးခဲ့သည်သာ။ ပါတီ အားကောင်းနေစဉ်မှာပင်ခေါင်းဆောင်အဖြစ်မှ အနားယူပြီး မျိုးဆက်သစ်ကို ပုံအပ်ဝံ့သူ ဖြစ်သည်။

သို့သော် မာနကြီးလှသည့် သျှမ်းလူမျိုးစု၏ ညီညွတ်ရေး မလုပ်နိုင်ခဲ့ကြောင်း အကြိမ်ကြိမ် ငြီးတွားခဲ့ရသည်။

လက်ရှိတွင်မူ သျှမ်းနိုင်ငံရေးသည် မညီညွတ်သည့် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီကို ရို့ကျိုးစွာ အသံတိတ်နေသည့် နိုင်ငံရေးပါတီကြောင့် လူထုသည် နိုင်ငံရေး ရေတိမ်နစ်နေပြီဟု ဆိုရမည်။

သျှမ်းလူငယ်များ နေရာပေးပါ

အရေးကြီးနေပြီဖြစ်သည့် သျှမ်းလူမျိုးစု ညီညွတ်ရေး အတွက် လက်ရှိ ခေါင်းဆောင် ဆိုသူများ သဘောထား ကြီးမှုနှင့် လူငယ်များအား နေရာပေးမှုကသာ လက်တွေ့ကျမည် ဖြစ်သည်။

နှစ် ၇၀ ကျော် ပြားပြားဝပ် ဖိနှိပ်ခံနေရသည့် သျှမ်းလူထု လွတ်မြောက်ရေးသည် ယနေ့သာ ဖြစ်သည်။

ယင်းအချက်ကို သျှမ်းလူငယ်များ အနေဖြင့် လုံ့လပြုနေသော်လည်း နေပြည်တော်တွင် ကျင်လည်ခဲ့ဖူးသည့် သျှမ်းတော်လှန်ရေးတပ် ခေါင်းဆောင်းများ အနေဖြင့် မျက်ကွယ်ပြု၏။

သျှမ်းတော်လှန်ရေးကာလ တလျှောက် အဖွဲ့ကွဲများစွာ ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ရင်နာဖွယ် ရလဒ်များလည်း ရှိခဲ့ပြီး ဖြစ်သည်။

သျှမ်းတော်လှန်ရေး အတွက် လက်နက်ကိုင် အဖွဲ့အစည်းသစ် ထပ်မံ ပေါ်ပေါက်ပါက ပြဿနာ ထပ်မံ ပေါက်ပေါက်ခြင်းသာ ဖြစ်သည်။

လက်ရှိ စစ်ကောင်စီတပ်အား အောင်မြင်စွာ တိုက်ခိုက်နေသည့် တော်လှန်ရေးတပ် ဦးဆောင်သူများသည် မျိုးဆက်သစ်များသာ ဖြစ်သည်။

သို့ဖြစ်ရာ သျှမ်းလက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင် ဆိုသူများ အနေဖြင့် မျိုးဆက်သစ် လူငယ်များ လက်တွင် တော်လှန်ရေး အလံတော်ကို အပ်နှံကာ နေပြည်တော်တွင် အနားယူသင့်သည့် အချိန်အခါဟု ဆိုရမည်။   

 သျှမ်းဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်

သမိုင်းကြောင်းအရပင် သျှမ်းပြည်တွင် ကွဲပြားသည့် လူမျိုးစုများက ၄င်းတို့၏ လူမျိုးစုကို ကိုယ်တိုင် အုပ်ချုပ်ခဲ့သည်သာ ဖြစ်သည်။ခေတ်ကာလအရ အားနည်းချက် များစွာ ရှိမည် ဖြစ်သော်လည်း လူမျိုးစုများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုမူ အငြင်းပွားဖွယ် မရှိပေ။

ဆိုလိုသည်မှာ သျှမ်းပြည်နယ်၏ မူလအုပ်ချုပ်ရေး ပုံပြုမှုသည် လက်ရှိ ပြောဆိုနေသည့် ဖက်ဒရယ် အခြေပြု ပုံစံဖြစ်သည်။

လက်ရှိ သျှမ်းပြည်အတွင်း လူမျိုးစုအုပ်ချုပ်ရေး နယ်ပယ်တစ်ချို့ ခိုင်မာစွာ တည်ရှိနေပြီ ဖြစ်သည်။

ယင်းအား ပြည်မ၏ ဖက်ဒရယ်ယူနစ်ပုံစံ သွတ်သွင်းပါမူ ယင်းသည် ပြဿနာကြီး ဖြစ်မည်။

သို့သော် သျှမ်းလူမျိုးစု ဦးဆောင်သည့် “သျှမ်းဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ” တည်ထောင်ပါမူ အဆိုပါ ပြဿနာများ လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။

သျှမ်းနိုင်ငံသစ် အနေဖြင့် ပြည်မနှင့်တကွ အခြားသော ပြည်ထောင်များနှင့် အကျိုးစီးပွား အခြေပြုသည် ဥရောပသမဂ္ဂ ကဲ့သို့သာ ပေါင်းစည်းသင့်သည်။

ကွယ်လွန်သူ သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး သည် ခေတ်ကာလ အရ ၈ ပြည်နယ်မူဟု သုံးနှုန်း ကိုင်စွဲခဲ့ရသည်။ ယနေ့ ၄င်း သက်ရှိထင်ရှားရှိပါမူ ၈ ပြည်ထောင်မူ (ဝါ) ၈ နိုင်ငံမူသာ ဖြစ်လိမ့်မည်။

အနာဂတ်၏ ဝန်ကို သျှမ်းတော်လှန်ရေးတပ်များနှင့် နိုင်ငံရေးပါတီကြီးက ထမ်းရွက်မည် မရွက်မည် ဆိုသည်မှာကား သမိုင်းသာ ဖြစ်ခြိမ့်မည်။

Leave a Comments

- Advertisement -spot_img

Latest article