Friday, May 3, 2024

စစ်မီးကြားက သွက်လက်နေတဲ့ သျှမ်းတောင် အိမ်ခြံမြေ စျေးကွက်

Must read

စစ်အာဏာသိမ်းမှုကို ရက်ပေါင်း ရာနှင့်ချီ တခဲနက် ဆန့်ကျင် ဆန္ဒပြခဲ့သည့် သျှမ်းတောင် တခွင် မြို့ကြီး၊ ရွာကြီးများသည် ယခုအခါ နိုင်ငံ အနှံ့အပြား ဖြစ်ပွားနေသည့် ပဋိပက္ခ ဒေသများမှ ပြောင်းရွှေ့ နေထိုင်လိုသူများ အတွက် ရွေးချယ်စရာ နေရာ တစ်ခု ဖြစ်လာနေသည်။

တောင်ကြီးမြို့နယ်အတွင်း မြေကွက်ရိုက် ရောင်းချထားသည့် တစ်နေရာ

တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုန်း မှသည် ဓနုဒေသဖြစ်သည့် ရွာငံ၊ ပင်းတယ စသည့် သျှမ်းတောင်ဒေသတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီလ အတွင်းက စတင်ခဲ့သည့် ရက်ပေါင်း ရာချီကြာမြင့်ခဲ့သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲများအား စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွင်းပြီးနောက်ပိုင်း ဒေသတွင်း တော်လှန်ရေး လှုပ်ရှားမှု မရှိတော့သလောက် ဖြစ်သည်မှာ ယနေ့တိုင် ဖြစ်သည်။

သို့သော် တောင်ကြီးမြို့နှင့် ၉၃ မိုင်သာ ကွာ‌ဝေးသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တော် တခွင်တွင်မူ လက်နက်ကြီး လက်နက်ငယ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထောင်နဲ့ချီသော အိမ်အပျက်အစီးများ၊ လူသူ ကင်းမဲ့နေသော ရပ်ကွက်များ အတွင်း မြို့ကို စွန့်ခွာခြင်း မပြုသည့် မြို့ခံ တစ်ချို့ မနက်ပိုင်း ခဏတာ ဖွင့်လှစ်သည့် စျေးဆိုင် အနည်းငယ်တွင် ကတိုက်ကရိုက် ၀ယ်ယူပြီးနောက် မြို့သည် စစ်ပွဲကြား အထီးကျန်နေသည်ဟု ဆိုရမည်။

ပြီးခဲ့သည့်နှစ် နို၀င်ဘာလ ၇ ရက်နေ့က စတင်ခဲ့သည့် ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု၏ ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့သိမ်း တိုက်ပွဲ ရက် ၅၀ ကျော်အတွင်း အိမ်ခြေ တစ်ထောင်ကျော် ပျက်စီးသည်သာမက မြို့နေ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်၏ ၉၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။

တောင်ကြီး

“ကျနော့် အိမ်နဲ့မြေက အာဏာမသိမ်းခင်ကတည်းက သိန်း သုံးလေးထောင် တန်တယ်။ အာဏာသိမ်းပြီး စစ်တခါစပြီး နောက်ပိုင်းမှာလည်း ငွေဖောင်းပွလာတော့ သိန်းသောင်းချီ ရောင်းလို့ရသေးတယ်။ အခုအချိန်ကတော့ တစ်ပြားမှ မတန်တော့ဘူးလို့ ပြောရမလို ဖြစ်နေပြီ” ဟု လွိုင်ကော်မြို့လယ် တစ်နေရာတွင် အခြေခံ စားသောက်ကုန်ဆိုင် ဖွင့်လှစ်ထားသူ ကိုအောင်ကျော် (အမည်လွှဲ) ကပြောသည်။

ယင်းပဋိပက္ခများ၏ အကျိုးဆက်အဖြစ် တောင်ကြီးမြို့ သာမက အေးသာယာမြို့၊ ဟိုပုန်းမြို့နယ်၊ ကလောမြို့နယ် စသည့် သျှမ်းတောင် ဒေသများတွင် အိမ်ခြံမြေ အရောင်းအဝယ် သွက်လက် နေသည်ဟု ဒေသခံ အကျိုးဆောင်များက ပြောသည်။

အထူးသဖြင့် တန်ဖိုးနည်း အိမ်ခြံမြေ အရောင်းအ၀ယ်နှင့် အိမ်ငှားရမ်းမှု သွက်လက်နေသည်ဟု သျှမ်းတောင် ဒေသခံ အကျိုးဆောင်များက ဆိုသည်။

“တောင်ကြီးထက် အေးသာယာမှာက မြေစျေးနဲ့ အိမ်ငှားခ သက်သာတော့ စစ်ဘေးရှောင်တွေ ပိုစိတ်၀င်စား ကြတယ်။ အငှားနဲ့ တန်ဖိုးနည်း သိန်းတစ်ရာကနေ သိန်းသုံးရာကြား မြေတွေ အရောင်းသွက်တယ်။ အိမ်လေးပါရင် ပိုကြိုက်ကြတယ်” လို့ အေးသာယာ ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် ဦးကျော်စွာ (အမည်လွှဲ) က ရှင်းပြသည်။

လက်ရှိ သျှမ်းတောင်တွင် ကရင်နီပြည်နယ်မှ စစ်ဘေးရှောင် အများအပြား ခိုလှုံနေပြီး ငွေကြေးတတ်နိုင်သူများက အိမ်ခြံမြေ ၀ယ်ယူနေထိုင်မှုနှင့် ငှားရမ်း နေထိုင်မှုများက ဒေသတွင်း အေးစက်နေသည့် အိမ်ခြံမြေ စျေးကွက်ကို အထိုက်အလျှောက် သက်ရောက်မှု ရှိစေသည်ဟု အကျိုးဆောင်များက ဆိုသည်။

“ကရင်နီစစ်က ကြာမှာလို့ တွက်တဲ့ လုပ်ငန်းသမားတွေက လုပ်ငန်း ဆက်လုပ်ချင်လို့ ၀ယ်တာလည်းရှိတယ်။ တစ်ချို့က ငှားတယ်ပေါ့။ အခုနောက်ပိုင်းက စစ်ဘေးရှောင်တင် မကဘူး တာချီလိတ်ဘက်က ရှမ်းမြောက်က လာ၀ယ်တာ၊ ပခုက္ကူ၊ မြင်းခြံလို ဘက်က လာ၀ယ်တာတွေ ရှိလာတယ်။ အဲဘက်တွေက သိန်းထောင်သောင်းချီ သုံးနိုင်တဲ့ လုပ်ငန်းသမားတွေ ဖုန်းဆက်မေးတာတွေလည်း ပိုများလာတယ်” လို့ တောင်ကြီးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင် ဒေါ်နန်းခမ်းထွေး (အမည်လွှဲ) က ရှင်းပြသည်။

လက်ရှိ တောင်ကြီးမြို့ပေါ် ရပ်ကွက်များ အတွင်းရှိ သိန်းတစ်ထောင်အောက် အိမ်များ၊ တောင်ကြီး-ဟိုပုန်း၊ တောင်ကြီး-ကက္ကူ သွားလမ်းဘေးရှိ ရွာများအတွင်း သိန်းတစ်ရာအောက် ရွာမြေများ အရောင်းအ၀ယ် သွက်နေသည့် နည်းတူ ကလောမြို့နယ် အတွင်း သိန်းတစ်ထောင်အောက် ရွာမြေများ အရောင်းအ၀ယ် ဖြစ်နေသည်ဟု ဒေသခံ အကျိုးဆောင်များက ဆိုသည်။

တောင်ကြီးမြို့

သို့သော် ပြီးခဲ့သည့်နှစ် ဇွန်လ အတွင်းက တောင်ကြီးခရိုင် အပါအ၀င် သျှမ်းတောင်ဒေသရှိ လယ်ယာမြေများ ပေါ်တွင် တည်ဆောက်ထားသော အဆောက်အအုံများ ဖျက်သိမ်းရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်ဖြစ်ရာ တန်ဖိုးနည်း အိမ်ခြံမြေ ၀ယ်ယူသူများ အနေဖြင့် အဆောက်အအုံ ဆောက်လုပ် နေထိုင်နိုင်သည့် ရွာမြေများ စိစစ် ၀ယ်ယူရန် အကျိုးဆောင်များက အကြံပြုသည်။

“မတည်ငြိမ်တဲ့ ဒေသကနေ တည်ငြိမ်နေသေးတဲ့ဘက် အပြောင်းအရွှေ့များလာက စျေးကွက်ပေါ် သက်ရောက်မှု ရှိတာပေါ့။ အခု သျှမ်းမြောက်မှာ စစ်ဖြစ်တော့ တတ်နိုင်တဲ့သူတွေ မန္တလေးဘက် ဆင်းလာလို့ မန္တလေး စျေးကွက် ပြန်လှုပ်လာတယ်။ ဒါမျိုးက တစ်နိုင်ငံလုံးမှာ ဖြစ်နေတာ။ ဒါပေမယ့် ဒါက တကယ့်စျေးကွက်စစ်စစ် မဟုတ်ပါဘူး။ ယာယီ သဘောပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို အိမ်ခြံမြေ စျေးကွက်က အကျဘက်မှာ ရှိနေတယ်” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း တာ၀န်ရှိသူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ဇွန် ၂၁ ရက်နေ့တွင် အမေရိကန်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်-MFTB နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်-MICB တို့ကို အရေးယူ ပိတ်ဆို့ကြောင်း ထုတ်ပြန်ပြီးနောက် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာရာက ရင်းနှီးမြှုပ်နှံမှုသူများ အိမ်ခြံမြေ အများအပြား ၀ယ်ယူပြီးနောက် လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျစျေးနှင့် စျေးကွက် အေးစက်နေသည်ဟု ၄င်းက ထောက်ပြသည်။

“ပဋိပက္ခတွေကို မဖြေရှင်းနိုင်ရင်၊ အခုထက် ပိုဆိုးလာရင်တော့ စီးပွားရေး အရမ်းကျပြီး အိမ်ခြံမြေ စျေးကွက်က လုံး၀ ပျက်သွားမှာပေါ့။ ငွေဖြစ်လွယ်တဲ့ ရွှေဘက် လှည့်ကြမှာပေါ့” ဟု ၄င်းက သုံးသပ်သည်။
မြန်မာငွေ ဖောင်းပွမှုနှုန်းသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီး တနှစ်နီးပါး အကြာတွင် ၉ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ၁၄ ရာခိုင်နှုန်းကျော် ရှိကြောင်း ဇွန်လ ၂၇ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

လက်ရှိ တောင်ကြီးနှင့် ကလောမြို့တွင်မူ သိန်းသောင်းချီ မြေကွက်များလည်း အရောင်းအ၀ယ် ဖြစ်နေပြီး အထူးသဖြင့် အချက်အခြာကျကာ လုပ်ငန်း လုပ်ကိုင်နိုင်သည့် မြေကွက်များ အရောင်းအ၀ယ် ဖြစ်နေသည်ဟု တောင်ကြီးမြို့ခံ အကျိုးဆောင် တစ်ဦးက ဆိုသည်။

“တောင်ကြီးမှာက မိန်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) မှာ ခုလပိုင်း အရာင်းအ၀ယ် ဖြစ်တာတွေရှိတယ်။ မြေအကျယ်နဲ့ နေရာပေါ် မူတည်ပြီး သိန်းတစ်သောင်းကျော်ကနေ သိန်းသုံးသောင်းခွဲအထိ အရောင်းအ၀ယ် ဖြစ်တယ်။ ကလောမှာလည်း မိန်းလမ်းပေါ်မှာ သိန်းသောင်းကျော်နဲ့ အရောင်းအ၀ယ် ဖြစ်တာတွေ ရှိပါတယ်။ ၀ယ်သူတွေကတော့ တခြားမြို့တွေကပါ” ဟု ၄င်းကရှင်းပြသည်။

နိုင်ငံအနှံ့ ပဋိပက္ခများ အရှိန်မြင့်နေသော်လည်း သျှမ်းတောင်ဒေသတွင် ပဋိပက္ခ ဖြစ်ပွားရန် အလားအလာ နည်းပါးနိုင်သည် ဆိုသည့် တွက်ဆမှုများဖြင့် ဒေသ အများအပြားက လုပ်ငန်းရှင်များ အိမ်ခြံမြေစျေး မေးမြန်းမှု များလာသည်ဟု ၄င်းကဆက်ပြောသည်။

“ခုဒီဘက်မှာ ဘာမှ မဖြစ်သေးဘူး ဆိုပေမယ့် ဖယ်ခုံ၊ မိုးဗြဲအထိ စစ်ဖြစ်နေပြီ။ အင်းလေး ဒီဘက်ကမ်းမှာ ဘာမှ မဖြစ်ပေမယ့် ဟိုဘက်ကမ်းမှာ စစ်ဖြစ်နေပြီ။ အချိန်မရွေး ဘာမဆို ဖြစ်နိုင်တဲ့ အနေအထားပါ” ဟု သျှမ်းပြည်နယ်အရေး စောင့်ကြည့် လေ့လာနေသူ တစ်ဦးက သုံးသပ်သည်။

ကရင်နီ စစ်ဘေးရှောင် သောင်းနှင့်ချီ ခိုလှုံနေပြီး ပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံ-မိုးဗြဲ ဒေသနှင့် အင်းလေးကန်-ဖယ်ခုံအင်းတို့သာ ခြားသည့် ရွှေညောင်နှင့် ညောင်ရွှေတွင်မူ အိမ်ခြံမြေ စျေးကွက် အေးစက်နေသည်ဟု စစ်ဘေးရှောင် ကူညီနေသူ ဒေသခံ တစ်ဦးက ပြောသည်။

“ဒီဘက်လာတဲ့ စစ်ဘေးရှောင် အများစုက ‌အခြေခံ လူတန်းစားတွေ များတယ်။ လက်ရှိ ဘုန်းကြီးကျောင်းတွေ၊ မြေကွက်ပေါ် အိမ်လေးတွေ ဆောက်ပြီး နေခွင့်ပေးထားတာတွေ၊ စစ်ရှောင်စခန်းတွေမှာ နေကြတာတွေ များတယ်။ အများစုကတော့ ရရာထွက်လုပ်ပြီး ရပ်တည်နေတာပေါ့။ ကယား ၀က်အူချောင်းလို ရိုးရာ အစားအစာတွေ ရောင်းနေသူတွေလည်းရှိတယ်” လို့ ၄င်းက ရှင်းပြသည်။

လက်ရှိ တောင်ကြီးနှင့် ကလောရှိ ကျပ်သိန်းထောင်ကျော်တန် အိမ်ယာမြေကွက်များလည်း အရောင်းသွက်နေပြီး လာမည့်နှစ်ဆန်းပိုင်း ဘိန်းအစေးခြစ် ရာသီတွင် အရောင်းပိုသွက်လာမည်ဟု တောင်ကြီးမြို့နယ်တွင် အိမ်ယာ တည်ဆောက်နေသည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“အရင်ကတည်းက ဘိန်းပေါ်တဲ့ ရာသီဆို အိမ်ခြံမြေ အရောင်းအ၀ယ် ကောင်းနေတာ။ ဒီနှစ်ကတော့ စိုက်ကြတာ အရမ်းများတယ်လို့ သိရတယ်။ ဘိန်းပေါ်ရင်တော့ အရောင်းပိုသွက်မယ် ထင်ပါတယ်။ လာ၀ယ်ကြတာကတော့ နယ်စုံကပါ” လို့ သူကရှင်းပြပါတယ်။

မြန်မာနိုင်ငံ အတွင်း ၂၀၂၂ ခုနှစ်က ဘိန်းစိုက်ဧက ၉၉,၀၀၀ ကျော်ရှိပြီး ဘိန်းတန်ချိန် ၇၉၀ ထုတ်လုပ်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက် ဧက ၁၁၆,၀၀၀ ကျော်အထိ တိုးလာ သကဲ့သို့ ဘိန်းတန်ချိန် ၁,၀၈၀ ထုတ်လုပ်ခဲ့ကြောင်း UNODC က ထုတ်ပြန်ထားသည်။

လက်ရှိ ဘိန်းစိမ်း တစ်ကီလို အမေရိကန်ဒေါ်လာ ၃၅၆ အထိ ရှိနေပြီး သျှမ်းပြည်နယ်တွင် ဧက တစ်သိန်းကျော်၊ ကချင်ပြည်နယ်တွင် ဧက ၁၁,၀၀၀ ကျော်၊ ချင်းပြည်နယ်တွင် ဧက ၁,၇၀၀ ကျော်နှင့် ကရင်နီပြည်နယ်တွင် ဧက ၁,၂၀၀ နီးပါး စိုက်ပျိုးခဲ့သည်ဟု ထုတ်ပြန်ချက်တွေ ဖော်ပြထားသည်။

သို့သော် ပြည်တွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပြီး ကုန်သွယ်ရေး အတွက် အဓိက အားထားနေရသည့် တရုတ်နယ်စပ်နှင့် ထိုင်းနယ်စပ် ကုန်သွယ်ရေး ရပ်တန့်နေမှုနှင့် အတူ ပို့ကုန် ကျဆင်းကာ ကုန်စျေးနှုန်း အဆမတန် တက်နေသည့် အခြေအနေတွင် အိမ်ခြံမြေ စျေးကွက် ပျက်နေပြီဟု ရန်ကုန်မြို့ အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။

“စီးပွားကျနေတဲ့အချိန် ဆိုတော့ အိမ်ခြံမြေ စျေးကွက်က ပျက်နေပြီလို့ ပြောလို့ရတယ်။ သျှမ်းမြောက်မှာ စစ်ဖြစ်လို့ မန္တလေးမှာ၊ သျှမ်းတောင်မှာ အရောင်းအ၀ယ် သွက်လာတယ် ဆိုတာက ပုံမှန်စျေးကွက် မဟုတ်ဘူးလေ။ အခု ရန်ကုန်ဆို တန်ဖိုးနည်း တိုက်ခန်းတွေတောင် ဘဏ်ချိတ် အရစ်ကျနဲ့ ရောင်းနေရတဲ့ အခြေအနေပါ” ဟု ၄င်းက ရှင်းပြသည်။

မြန်မာ့စီးပွားရေး တိုးတက်နှုန်းသည် ၂၀၂၄ ခုနှစ်၊ မတ်လအထိ ၁ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ပြီး အရှေ့အာရှဒေသ အတွင်း ကိုဗစ် ၁၉ မတိုင်မီက ရှိခဲ့သည့် စီးပွားရေး အခြေအနေသို့ ပြန်မရောက်နိုင်သည့် တခုတည်းသော နိုင်ငံအဖြစ် နောက်ကျန်နေခဲ့ပြီဟု ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာက ဆိုသည်။

ထို့အပြင် မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ဆက်လက်နိမ့်ကျနေပြီး ပြည်တွင်း ပဋိပက္ခ ကျယ်ပြန့်လာမှု၊ ကုန်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု အတားအဆီးများနှင့် ငွေကြေးဖောင်းပွမှုနှုန်း များကြောင့် စီးပွားရေး နလန်မထူနိုင်ဘဲ နှေးကွေးနေမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့ စီးပွားရေး ကျဆင်းနေစဥ် အိမ်ခြံမြေ စျေးကွက်ပျက်မည်သာဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားနိုင်ခြေ နည်းပါးသည့် ဒေသများတွင်မူ ပုံမှန်မဟုတ်သည့် စျေးကွက် ပေါ်ပေါက်မည်သာ ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

လက်ရှိ တိုက်ပွဲများကြောင့် လွိုင်ကော်မြို့ကြီး မီးဟုန်းဟုန်းတောက်ကာ သျှမ်းမြောက်နှင့် တကွ နိုင်ငံ၏ ဒေသ အများအပြားတွင် ပဋိက္ခ အရှိန်မြင့်လာသည်နှင့် အမျှ ဗုံးသံ သေနတ်သံ တိတ်ဆိတ်နေဆဲဖြစ်သည့် သျှမ်းတောင် ဒေသတလျှောက် အိမ်ခြံမြေ စျေးကွက် အထိုက်အလျှောက် သွက်လက်နေအုံးမည်ဟု ဒေသတွင်း အကျိုးဆောင်များက တွက်ဆကြသည်။

အသံ ကြည်လင်စွာ ကြားရခြင်း မရှိဘဲ အသုံးပြုသူ မရှိသလောက် နည်းပါးနေသည့် စစ်တပ်ပိုင် MEC ကုမ္ပဏီထုတ် 420 CDMA ဖုန်းသည် ဆက်သွယ်ရေး လိုင်းအားလုံး ဖြတ်တောက်ခံထားရသည့် လွိုင်ကော်မြို့တွင် အသုံး၀င်နေသည်။

“ဘယ်လို အခြေအနေပဲဖြစ်ဖြစ် လွိုင်ကော်မြို့ကို ကျနော် မစွန့်ခွာဘူး။ အခုလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ အိမ်တွေ မီးလောင်နေတယ်။ ကျနော့်အိမ်ကတော့ မပြိုသေးဘူး။ ကျနော်တို့မြို့ မကြာခင် လွတ်မြောက်မယ်လို့ ယုံကြည်တယ်” ကိုအောင်ကျော် (အမည်လွှဲ) ကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article