သျှမ်းပြည် လောက်ကိုင်မြို့ရှိ တောင်ကုန်းပေါ်မှ စေတီပုထိုးကို ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့မှ ဖျက်စီးနေကြောင်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ဗီဒီယိုရုပ်သံအတူ ပျံ့နှံ့နေသည်။
ပြီးခဲ့သည့် (ဇန်နဝါရီလ ၄ ရက်)တွင် လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ထိန်းချုပ် နိုင်ပြီဟု ကြေညာလိုက်ပြီးနောက် ယင်းမြို့၏မြောက်ဘက်အရပ်ရှိ ပွိုင့် ၂၂၀၂ တောင်းကုန်းပေါ်၌ တည်းဆောက်ထားသော စေတီပုထိုးတစ်ဆူအား ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖျက်ဆီးနေကြောင်း ယခုလိုဗီဒီယိုရုပ်ပုံနှင့်အတူ ထွက်လာသည်။
ထိုစေတီပုထိုးတစ်ဆူသည် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားများမှ တည်ထားကိုးကွယ်သည့် စေတီတစ်ဆူဖြစ်သည်ဟုလည်း သိရသည်။ ထို့ကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖျက်ဆီးနေသည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖြန့်ချိနေကြသည်။
စစ်ကောင်စီတပ်ဖွဲ့မှ တည်ထားကိုးကွယ်သည့် စေတီပုထိုးဟုပြောဆိုကြသော်လည်း ဗုဒ္ဓသာဘာဝင်များ၏ ကိုးကွယ်ရာ စေတီပုထိုးဖြစ်နေသောကြောင့် ယင်းကဲ့သို့ ဗီဒီယိုရုပ်သံပျံ့နှံ့ လာပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုအများက ဝေဖန်အပြစ်တင် ပြောဆိုနေသည်လည်း တွေ့ရသည်။
တစ်ဖက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်များက အဆိုပါဒီဗီယို ရုပ်သံကိုအသုံးပြု၍ လူမှုရေးပြဿနာ ဖြစ်ပွားအောင် ချဲ့ကားရေးသားဖြန့်ချိနေသကဲ့သို့ ယနေ့ (ဇန်နဝါရီ ၉ ရက်) တွင် မန္တလေးမြို့မှာ ဘုရား၊ စေတီများအား ဖျက်စီးသူအဖွဲ့များ ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည်ဟု ဓာတ်ပုံနှင့်အတူ ဖြန့်ဝေထားသည်။
“ကျနော်တို့ ဗုဒ္ဓဘာသာကို အလေးမထားတာတော့ မဟုတ်ဘူး။ ကျနော်တို့ ရိုသေပါတယ်။ စစ်တပ်နဲ့ ပေါင်းလာသမျှကာလမှာ သူတို့က စေတီလာတည်တယ်။ ဘုရားဆင်းတုလာရောင်းတယ်။ အဲ့ဒီဘုရား ဆင်းတုတွေထဲမှာ သွေးစွန်းနေတဲ့အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်တွေ နာမ်နှိမ်ပြီးထည့်ထားတာကြောင့် ကျနော်တို့သွားရှိခိုးရင်လည်း နာမ်နိမ့်လိမ့်မယ်။ ဒါကြောင့် အဲ့ဒီလုပ်ရပ်ကို လက်မခံနိုင်တာ” ဟု ကိုးကန့်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောသည်။
ထို့အပြင် သံတူဖြင့် ဘုရားစေတီတော်ရိုက်ထုခြင်းသည် MNDAA မှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် လက်အောင်ငယ်သား၏ တပ်စည်းမျဉ်းစည်းကမ်းး ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်ကြောင်း ယနေ့ (ဇန်နဝါရီလ ၉ ရက်)တွင် MNDAA မှ ထုတ်ပြန်ထားသည်။