“၇၂”ရက်ကြာ အပြီးသတ်သိမ်းနိုင်ခဲ့တဲ့ သိန္နီမြို့စစ်ရေးအတွေ့အကြုံ PLA ပြော

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် “၁၀၂၇ စစ်ဆင်ရေး”တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ သျှမ်းမြောက်ဒေသအတွင်း တိုက်ပွဲဆင်နွှဲလျက်ရှိသည်။

“၁၀၂၇ စစ်ဆင်ရေး” ကနဦးအစကတည်းက သိန္နီမြို့သိမ်းတိုက်ပွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး လားရှိုး-သိန္နီအကြား အကောက်ခွန်ဦးစီးဌာန လက်အောက်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေး ဂိတ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေငြာပြီးနောက် ပြည်သူလူထုက တဖန်ပြန်လည် သတိထားမိလာစေသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏ နိုင်ငံရေးဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသော နွေဦးတော်လှန်ရေး အဖွဲ့များနှင့်အတူ စစ်ကိုင်းတိုင်းနှင့် သျှမ်းမြောက်တို့တွင် တိုက်ပွဲဝင်လျက်ရှိသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က သျှမ်းမြောက်တွင် စစ်ကောင်စီတပ်ကို ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိန္နီစစ်မျက်နှာကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ အဓိက တာဝန်ယူ တိုက်ခိုက်နေရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တပ်မဟာ-၆၁၁ နှင့်အတူ တပ်ရင်း ၂ ရင်းဖြင့် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့က သိန္နီမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၆ ကို ညီနောင်မဟာမိတ်တပ်များနှင့်အတူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့က အလုံးစုံ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် သိန္နီမြို့သိမ်းတိုက်ပွဲနှင့် စခန်းသိမ်းတိုက်ပွဲ အခြေအနေများကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်အား သျှမ်းသံတော်ဆင့်မှ စိုင်းခွမ်းမိန်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဇန်နဝါရီ လဆန်းပိုင်းက ပြန်စတင်ခဲ့တဲ့ သိန္နီမြို့ တိုက်ပွဲအခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ သိန္နီမြို့သိမ်းတိုက်ပွဲက “၁၀၂၇ စစ်ဆင်ရေး” စကတည်းက သိမ်းလိုက်တာ။ အောက်တိုဘာ ၂၇ ရက်နေ့ပေါ့နော်။ မနက် ၄ နာရီလောက်ကနေ စပြီးတော့ တိုးဂိတ်တွေကို ဝင်ပြီးသိမ်းတယ်။ နောက်ရက်တွေမှာ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့၊ တစ်ခါတည်း တစ်မြို့လုံးကို သိမ်းလိုက်တယ်။ အဲ့ကတည်းကို စပြီးသိမ်းတာ။ “၁၀၂၇ စစ်ဆင်ရေး”မှာ အရင်ဆုံးသိမ်းတဲ့ မြို့ ၂ မြို့ကို ပြောပါဆိုရင် သိန္နီနဲ့ ချင်းရွှေဟော် အဲ့တာအရင်ဆုံး သိမ်းတာပါ။

အဲ့ဒီမြို့သိမ်းပြီးတဲ့နောက်မှာ သိန္နီမြို့ရဲ့အထွက် လားရှိုးဘက်ကို ထွက်တဲ့ဘက်မှာ စကခ-၁၆ ဧရိယာရှိတယ်။ ကောင်းဟော်ရွာနဲ့ ကပ်လျက်ပေါ့နော်။ သူတို့(စစ်ကောင်စီ)ကနေပြီးတော့ ကောင်းဟော်ရွာထဲမှာ တပ်စွဲထားတယ်။ အဲ့ဒါကို “၁၀၂၇ စစ်ဆင်ရေး”စတဲ့နေ့မှာ အဲ့ဒီကို တိုက်လိုက်တော့ သူတို့ပြန်ဆုတ်သွားတယ်။

နောက်ကျတော့ စကခ-၁၆ ဧရိယာထဲကနေ ပြန်ထွက်လာပြီးတော့ ကောင်းဟော်ရွာထဲကို ဝင်ဖို့ကြိုးစားတယ်။ အဲ့တော့ PLA ရဲဘော်တွေက ကောင်းဟော်ရွာရဲ့ အစပ်ကနေ သူတို့ကို ဟန့်တားတယ်။ အပြန်အလှန်တွေ တိုက်ကြတယ်။ တိုက်ကြတော့ နောက်ပိုင်း သူတို့က ကောင်းဟော်ရွာထဲကို ဝင်လာလို့ ရသွားတယ်ပေါ့။ ဝင်လာလို့ ရတယ်ဆိုတော့ ၃ ပုံ ၁ ပုံလောက်တော့ အဲ့စကစတွေက သိမ်းမိသွားတယ်။

နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားပြောတဲ့အချိန်မှာ ခဏလေး ရပ်သွားတယ်။ ရပ်သွားတဲ့အချိန်မှာ သူတို့က နေရာယူမှုတွေ၊ ရိက္ခာဖြည့်တင်းမှုတွေ၊ ခဲယမ်းဖြည့်တင်းမှုတွေ ထပ်လုပ်တယ်။ လုပ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတဲ့အချိန် ပြန်စပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က တပ်တွေက ကောင်းဟော်ရဲ့ ၃ ပုံ ၂ ပုံလောက်ကို သူတို့က သိမ်းမိသွားတယ်။ သိမ်းမိသွားတော့ ကျမတို့ ရဲဘော်တွေက နောက်ကို နည်းနည်းဆုတ်တော့ သိန္နီ နမ္မတူချောင်းတံတား ထိပ်နားလောက်တွေရယ်၊ ရွာနဲ့နီးတဲ့ အဲ့နားတဝိုက်တွေရယ်မှာ တပ်စွဲထားတယ်။

တပ်စွဲထားတော့ ကောင်းဟော်နဲ့ ဖြစ်တဲ့တိုက်ပွဲက အောက်တိုဘာ ၂၉/၃၀ လောက်ကနေ စပြီးဖြစ်တာ။ စပြီးဖြစ်တဲ့အခါကျတော့ ပထမတုန်းက နှစ်ရက် သုံးရက်လောက်အထိ ရွာမှာ ရွာသားတွေက ရှိသေးတယ်။ နောက်ပိုင်းကျတော့ သူတို့က တင့်ကားတွေနဲ့ကော ဝင်လာတယ်၊ လေယာဉ်တွေ ဗုံးကြဲတယ် အမြောက်တွေ လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါကျတော့ ရွာသားတွေက မနေရဲဘဲနဲ့ ထွက်ပြေးကုန်ကြတယ်။ အဲ့တော့ PLA ရဲဘော်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုက MNDAA တပ်နဲ့၊ ဒရုန်းတပ်ဖွဲ့နဲ့ ကြံကြံခံပြီးတော့ သူတို့ကို ပြန်တိုက်တယ်။

အဲ့ဒါဆိုတော့ “၁၀၂၇ စစ်ဆင်ရေး” စတဲ့အချိန်ကနေပြီး တွက်မယ်ဆိုရင် အခုဆိုရင် ရက်ပေါင်း ၄၀/၅၀ လောက် သူတို့နဲ့ ကောင်းဟော်ရွာထဲမှာပဲ အပြန်အလှန် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ်။ မရေတွက်နိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိတယ်။ အမြောက် လက်နက်ကြီးမျိုးစုံ ဗုံးမိုးတွေ ရွာချသလိုပေါ့နော် အဲ့လိုမျိုးတွေ ရွာချတယ်။

မေး။ ။ သိန္နီမြို့ စကခ-၁၆ ကို သိမ်းပိုက်နိုင်ပြီဆိုတော့ အလုံးစုံသိမ်းပိုက်နိုင်ပြီလို့ ပြောနိုင်ပြီလား။

ဖြေ။ ။ အဲ့ကြားထဲမှာ ကြံ့ကြံ့ခံပြီး တိုက်ပြီးတော့ အခု ဒီဇန်နဝါရီ ၁ ရက်နေ့ကျမှ ပြန်ပြီး ထိုးစစ်ဆင်တာ။ ထိုးစစ်ပြန်ဆင်တဲ့အခါကျတော့ အဲ့နမ္မတူချောင်း တံတားထိပ်နေရာကနေပြီးတော့ အဲ့ထိပ်နားမှာ တပ်စွဲထားတဲ့ တပ်နဲ့တစ်ခါ တိုက်ပွဲပြန်ဖြစ်၊ ဖြစ်ပြီး တစ်ရက် နှစ်ရက်လောက်တိုက်ပြီး နိုင်သွားတော့ ကောင်းဟော်ရွာထဲကို ဆက်ပြီးရှင်းလင်းရေးလုပ်တယ်။

အဲ့မှာ ခရစ်ယာန်ဘုရားကျောင်းတွေမှာလည်း သူတို့တပ်စွဲထားတာရှိတယ်။ နောက်ပြီး ၅ ထပ်တိုက် အမြင့်ကြီးတွေမှာ သူတို့တပ်စွဲထားတယ်ပေါ့နော်။ အဲ့ဒါကြောင့် သူတို့တွေကို တစ်တိုက်ပြီးတစ်တိုက် ရှင်းလင်းရေးတွေ ဝင်ရင်းနဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ ကောင်းဟော်ကို အကုန်လုံး သိမ်းလို့ရသွားတယ်။ ဇန်နဝါရီ ၄ ရက်နေ့မှာ စကခ-၁၆ ထဲကို ဝင်စီးတယ်။ ခလရ-၆၉ ကိုလည်း ၄/၅ ရက်နေ့လောက်မှာ သိမ်းမိသွားတယ်။ လက်နက်ဂိုဒေါင်တွေသိမ်းတယ်၊ ပြီးတော့ ဌာနချုပ်တို့ တခြားနေရာတွေပါ ဆက်တိုက်သိမ်းတာပေါ့နော်။

အဲ့လိုသိမ်းတဲ့အခါမှာ နောက်ပိုင်းကျတော့ KNDF က တပ်ကူလာတယ်။ တပ်ကူလာတော့ အမြောက်ကုန်းတွေကို သူတို့ဝိုင်းသိမ်းတယ်။ သိမ်းတာတွေ တိုက်တာတွေရှိတယ်၊ သူတို့လဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တယ်။ နောက် ကျမတို့ဘက်က ဒရုန်းတပ်ဖွဲ့တွေ ရှိတယ်။ နောက် MNDAA ဘက်ကလည်း နောက်ထပ်တပ်ရင်း တပ်ကူတွေ ရောက်လာတယ်။

ရောက်လာပြီး တိုက်တော့ စကခ-၁၆ ထဲမှာ ရှိတဲ့ လေယာဉ်ကွင်းတွေ၊ လက်နက်ဂိုဒေါင်တွေ၊ အမြောက်တွေ၊ တင့်ကားတွေ အားလုံးသိမ်းမိပြီးတော့ ဆေးတပ်တို့၊ အင်ဂျင်နီယာတပ်တို့၊ ဆက်သွယ်ရေး၊ ဆေးရုံ အကုန်လုံးပေါ့နော် ခလရ-၆၉ တို့ တပ်ပေါင်းစုံပေါ့နော် အကုန်လုံးကို အလုံးစုံ သိမ်းမိတာက ၇ ရက်နေ့ မနက် ၉ နာရီမှာ အလုံးစုံ သိမ်းမိသွားတယ်။

မေး။ ။ သိန္နီမြို့နယ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့ ညီနောင်မဟာမိတ်တွေနဲ့ အတူ စစ်ရေးလှုပ်ရှားနေတာတွေကို သိသင့်သလောက် ပြောပြပေးနိုင်မလား။

ဖြေ။ ။ သိန္နီမြို့သိမ်းတိုက်ပွဲက “၁၀၂၇ စစ်ဆင်ရေး” စစချင်းနေ့မှာ သိန္နီမြို့ကို သိမ်းလိုက်တယ်ပေါ့နော်၊ နောက်တစ်ခုက ချင်းရွှေဟော်ပေါ့နော်။ အဲ့ဒီ “၁၀၂၇ စစ်ဆင်ရေး” အစဦးဆုံးသိမ်းတဲ့မြို့က သိန္နီနဲ့ ချင်းရွှေဟော်ပဲဖြစ်တယ်။ အဲ့ဒီ သိန္နီစစ်မြေပြင်မှာပေါ့နော် ကျမတို့ PLA ရဲဘော်တွေက အဓိက မြေပြင်မှာ တာဝန်ယူပြီးတော့ တိုက်ခိုက်တယ်။ အဓိက ပူးတွဲတိုက်တာကတော့ MNDAA တပ်ပေါ့နော်။ နောက် ဒရုန်းတပ်ဖွဲ့တွေ ရှိတယ်။

အခု ဒီ စကခ-၁၆ ကို ပြန်ပြီး ထိုးစစ်ဆင်တိုက်တာကတော့ ဇန်နဝါရီ ၁ ရက် နေ့ကနေ စပြီးတိုက်တာ ၇ ရက်နေ့မှာ အလုံးစုံ သိမ်းလို့ရသွားတယ် တစ်ပတ်အတွင်းပေါ့နော်။ အဲ့အချိန်မှာ တပ်ကူက KNDF ပါတယ်၊ နောက်ထပ် MNDAA က တပ်အင်အားဖြည့်တာရှိတယ်၊ အဲ့ဒါတွေနဲ့ ပေါင်းပြီးတိုက်တာ။

အဲ့တော့ “၁၀၂၇ စစ်ဆင်ရေး” စတဲ့အချိန်ကနေ စပြီးတော့ အခု စကခ ဧရိယာကြီးတစ်ခုလုံး စစ်ကောင်စီတပ်တွေ အားလုံးဆုတ်ခွာသွားတဲ့အထိဆို အားလုံး ၇၂ ရက်လောက် ကြာတယ်။ အပြန်အလှန် တိုက်ပွဲတွေ၊ နေ့တိုင်း လေယာဉ်ဗုံးကြဲတာတွေ ကင်းထောက်တာတွေ လက်နက်ကြီးမျိုးစုံ ပစ်တာတွေ၊ တခါတလေကျရင် တိုက်ပွဲအရမ်းပြင်းထန်လာရင် တင့်ကားတွေနဲ့လည်း ပစ်တယ်။

ကောင်းကင်ပေါ်က လေယာဉ်နဲ့ဗုံးကြဲတာတွေ ကင်းထောက်တာတွေ လုပ်တယ်။ သူတို့မြေပြင်က ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ တပ်တွေက လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတယ်၊ ဘက်စုံဝိုင်းထိုးတာပေါ့။ အရှေ့က တိုက်တာရှိတယ်၊ အနောက်က ပြိုင်တူ ညှပ်တိုက်တာရှိတယ်၊ ဘေးကတိုက်တာရှိတယ် အစုံပေါ့နော်။ ကျမတို့တပ်တွေကို ညှပ်ပူးညှပ်ဘက်ဖြစ်အောင် သူတို့တိုက်တာပေါ့နော်။

လေယာဉ်တွေနဲ့ အဆက်မပြတ် ကင်းထောက်၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲ အဲ့လိုမျိုးတွေ မျိုးစုံလုပ်တာပေါ့နော်၊ အပြင်းအထန်ပေါ့။ အားလုံး “၁၀၂၇ စစ်ဆင်ရေး” စတဲ့နေ့ကစပြီး ၇၂ ရက် တိုင်တိုင် ကျမတို့က အဲ့မှာ ကြံ့ကြံ့ခံ တိုက်ပြီးတော့ ဒီ စကခ-၁၆ ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တာပါ။

ဇန်နဝါရီ ၆ ရက်နေ့မှာ GE တပ်တွေ၊ ဆေးတပ်တွေနဲ့ ကျန်တဲ့တပ်တွေကပေါ့နော် အကုန်လက်နက်တွေ ပစ်ထားခဲ့ပြီးတော့ တင့်ကားတွေပစ်ထားခဲ့ပြီးတော့ သူတို့ဆုတ်ပြီး ထွက်ပြေးကြတယ်။ အဲ့ရဲဘော်တွေကို ကျမတို့ (PLA)ရဲဘော်တွေက လိုက်ပြီးတိုက်ကြတယ်။ လိုက်တိုက်ကြတော့ သူတို့ အဲ့ ၁၄ မိုင် ၁၅ မိုင် ဘက်အထိ အဲ့မှာတံတားရှိတယ်၊ အဲ့ဘက်နားအထိ ရောက်အောင် တိုက်ထုတ်လိုက်တယ်။

ဒီ စကခ-၁၆ ထဲက စစ်ကောင်စီတပ်တွေပေါ့နော် ဒီတပ်တွေက သိန္နီမြို့ထဲကိုဝင်ဖို့ သူတို့နေ့စဉ်နဲ့အမျှ ကြိုးစားတယ်။ နေ့စဉ်နဲ့အမျှ ကြိုးစားတဲ့အခါကျတော့ ကျမတို့ ရဲဘော်တွေက သူတို့ဝင်လာမှာစိုးလို့ဆိုပြီးတော့ ကာတာပေါ့နော်။ ကာပြီးတိုက်တဲ့အခါကျတော့ သူတို့လည်း နည်းမျိုးစုံတွေသုံးပြီးတော့ ဝင်ဖို့ကြိုးစားတဲ့အခါမှာ တိုက်ပွဲက နေ့စဉ်နဲ့အမျှဖြစ်တာ။ အားလုံးပေါင်း ၇၂ ရက် ရှိပြီပေါ့။ “၁၀၂၇ စစ်ဆင်ရေး” စကတည်းက အခုချိန်ထိ အလုံးစုံသိမ်းပိုက်ရတာဆိုရင် ၇၂ ရက် ဖြစ်သွားပြီ၊ အဲ့အတွင်းကျမှ သူတို့ကို အကုန်ရလိုက်တာ။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားပြောနေတဲ့ ၇ ရက်အတွင်းမှာလည်း သူတို့(စစ်ကောင်စီတပ်)က စစ်ပြင်ဆင်တာတွေ၊ ကြိတ်ပြီးတော့ လုပ်တာတွေ ရှိတယ်။ တကယ်တိုက်ပွဲစတဲ့အခါကျတော့ သူတို့ကတစ်ခါ အသာစီးတွေယူပြီးတော့ တိုက်လာတဲ့အခါကျတော့ ကျမတို့ဘက်က ဆုတ်ပေးရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ အခုတော့ ထိုးစစ်ပြန်ဆင်ပြီးတော့ သိမ်းနိုင်သွားတာ‌‌ပေါ့။

မေး။ ။ ကောင်းဟော်ရပ်ကွက်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ထိခိုက်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံတွေကော ထုတ်ပြန်ဖို့ရှိလား ဒါမှမဟုတ် ရနိုင်မလားဗျ။

ဖြေ။ ။ ကျမတို့ ဓာတ်ပုံတွေ စုနေတယ်။ ပြန်တင်မယ်ပေါ့။ လိုင်းက မကောင်းတဲ့အခါကျတော့ တချို့ပုံတွေက စုဆောင်းရခက်နေတယ်။ ထုတ်ပြန်ဖို့ ရှိပါတယ်။

မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ အခုလို ဖြေကြားခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...