Thursday, May 2, 2024

လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့

Must read

ဒေါ်လာ ဘီလီယံ ၁၀ ချီ တန်ဖိုးရှိမည်ဟု ခန့်မှန်းရသည့် ခေတ်မှီမြို့ကြီးသည် လေကြောင်းမှ ဗုံးကြဲသည့် ဒဏ်ရာဒဏ်ချက်များနှင့် အကျည်းတန်နေလေပြီ။ ဗုံးနှင့် လက်နက်ကြီး လက်နက်ငယ်သံကြားတွင် မြို့တော် လောက်ကိုင် မပျက်မဆီး အကောင်းအတိုင်း ရရှိရေးဆိုသည့် MNDAA တပ်ဖွဲ့၏ မျှော်လင့်ချက် ပျက်ပြယ်ခဲ့ရပြီ ဖြစ်သည်။

လောက်ကိုင်

သို့သော် လက်ရှိ အနေအထားအရ စစ်ကောင်စီတပ် အပါအ၀င် လက်အောက်ခံ BGF နှင့် ပြည်သူ့စစ် အများအပြား လက်နက်ချနေပြီး စစ်တပ်၏ ဒစကသာ ကျန်ရှိတော့ရာ MNDAA အနေဖြင့် လောက်ကိုင်မြို့ကို လာမည့် ရက်ပိုင်းအတွင်း အလုံးစုံ သိမ်းပိုက် နိုင်မည်ဟု မျှော်လင့်နိုင်သည့် အခြေအနေ ဖြစ်သည်။

သျှမ်းမြောက် စစ်မြေပြင် အနေအထား

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ TNLA၊ MNDAA၊ AA တို့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ရက် ၆၀ ကာလ အတွင်း သျှမ်းမြောက်ရှိ ကွမ်းလုံ၊ ကုန်းကြမ်း၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ်-ပန်ဆိုင်း၊ မိုင်းလုံမြို့၊ ဖောင်းဆိုင်ဒေသ တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်ကုန်း

ဒီဇင်ဘာ ၂၈ ရက်နေ့တွင်မူ TNLA အနေဖြင့် ကမ္ဘာကျော် သတ္တုတွင်းမြို့ဖြစ်သည့် နမ္မတူမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဖြစ်ရာ ညီနောင် မဟာမိတ်တပ်များ အနေဖြင့် စစ်ဆင်ရေး ၆၁ ရက်မြောက်နေ့တွင် မြို့ ၁၀ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

လက်ရှိ လားရှိုး အရှေ့ဘက် မုန်းကျက်၊ မုန်းယော်ဒေသကို ညီနောင်မဟာမိတ်တပ်က ထိန်းချုပ်ထားပြီး TNLA အနေဖြင့် လားရှိုးမြို့၏ နောက်ကျောဟု ဆိုရမည့် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံ ဒေသကို တိုက်ခိုက် သိမ်းပိုက်ထားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခ အခြေစိုက်ရာ စစ်ကောင်စီတပ်၏ အခြေမဏ္ဍိုင် ဖြစ်သည့် မြို့တော် လားရှိုးသည် မဟာဗျူဟာအရ ဝိုင်းပတ်ခံထားရသည့် အနေအထား ဖြစ်သည်။

ထို့အတူ လားရှိုး-သီပေါ-ကျောက်မဲ လမ်းမကြီးကို ညီနောင်မဟာမိတ်တပ်များ ဖြတ်တောက် ထိမ်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး TNLA နှင့် MDY PDF အနေဖြင့် ‌ဂုတ်တွင်းနှင့် နောင်ချိုမှသည် မိုးကုတ်ဒေသ တဝိုက်အထိ စိုးမိုးထားပြီး ဖြစ်သည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်တံတား စစ်တပ်စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ပြီး လားရှိုး-မူဆယ် လမ်းမ ထိန်းချုပ်မှု ပိုမိုခိုင်မာစေခဲ့သည်ကို တွေ့ရသည်။

ထို့အပြင် စစ်ရေးအရ အရေးပါသည့် သိန္နီ ဒေသကို ထိန်းချုပ် ဖြတ်တောက်ကာ ကွမ်းလုံဒေသကို သိမ်းယူထားသည်ဖြစ်ရာ တာမိုးညဲဒေသကဲ့သို့ အတွင်းပိုင်းရှိ စစ်ကောင်စီတပ်များကို အထီးကျန် စေပြီး တိုက်ခိုက် သိမ်းပိုက်ထားနိုင်သည့် အနေအထား ဖြစ်သည်။

လက်ရှိ UWSA ထိမ်းချုပ်ထားသည့် မိုင်းမော၊ နာဝီးဒေသနှင့် MNDAA ထိန်းချုပ်ထားသည့် ကွန်းလုံ၊ ချင်းရွှေဟော်ကြား သံလွင်မြစ် အရှေ့ခြမ်း ဟိုပန်၊ ပန်လုံဒေသတွင် စစ်ကောင်စီတပ်များ ကျန်ရှိနေသေးသော်လည်း ပိတ်မိနေသည့် အနေအထားဖြစ်ရာ အချိန်မရွေး ခြေမှုန်းခံရမည့် အခြေအနေ ရင်ဆိုင်နေရသည်ကို တွေ့ရသည်။

စစ်မြေပြင် အထားကို ခြုံ၍ သုံးသပ်ပါက MNDAA အနေဖြင့် လောက်ကိုင်မြို့ကို မကြာမီ သိမ်းပိုက်နိုင်မည် ဖြစ်ပြီး လောက်ကိုင်ဒေသကို ရှင်းလင်းပြီးပါက မူဆယ်မြို့နှင့် လားရှိုးမြို့ကို တပြိုင်နက် တိုက်ခိုက် သိမ်းပိုက်မည် ဖြစ်သည်။

စစ်ကောင်စီတပ်၏ အနေအထား

‘၁၀၂၇’ စစ်ဆင်ရေး စတင်ပြီးနောက် စခန်းကြီးငယ် အများအပြား တိုက်ခိုက် သိမ်းပိုက်ခံခဲ့ရသည့် စစ်ကောင်စီ အနေဖြင့် လားရှိုးအနီးတွင် တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးစားခဲ့သော်လည်း ပြိုကွဲခဲ့ရသည်သာ ဖြစ်သည်။

စစ်ဆင်ရေး စတင်စဥ် ကတည်းက ပြင်ဦးလွင်-မူဆယ် လမ်းပိုင်း တလျှောက် ညီနောင်မဟာမိတ် တပ်များက ထိန်းချုပ်ထားပြီး ဖြစ်သည်။ ထို့အတူ သျှမ်းတောင် ရပ်စောက်-ကျောက်ဂူမှ သျှမ်းမြောက် လားရှိုးသို့သွားရာ လမ်းမကို သျှမ်းတော်လှန်ရေးတပ်များ ဖြစ်သည့် SSPP နှင့် RCSS က ထိန်းချုပ်ထားရာ စစ်ကောင်စီ၏ သျှမ်းမြောက် ထောက်ပို့လမ်းကြောင်း အားလုံး ဖြတ်တောက်ခံထားရသည့် အနေအထား ဖြစ်သည်။

စစ်ကောင်စီ အနေဖြင့် တိုက်ပွဲ ကနဦးကာလက ဒေသတွင်း စခန်းများကို စွန့်လွှတ်ပြီး အခြေ မဏ္ဍိုင် နေရာဖြစ်သည့် လာရှိုးဒေသတွင် ပြန်လည် စုစည်းကာ အင်အားကြီးမားသည့် ထိုးစစ်ဖြင့် ပြန်လည် တုံ့ပြန်မည် ဆိုပါက ညီနောင်မဟာမိတ်တပ်များ အနေဖြင့် များစွာ အခက်တွေ့ရမည့် အနေအထား ဖြစ်ခဲ့သည်။

သို့သော် မာန်မာန ကြီးမားလှသည့် စစ်ဗိုလ်ချုပ်များ အနေဖြင့် စခန်းစွန့်ခွာသည်ကို သိက္ခာကျသည်ဟု ယူဆပုံရပြီး စစ်စခန်းကြီးများ လက်မလွှတ်ရရေး လေကြောင်းမှ လူသူလက်နက် ဖြည့်တင်းကာ လေကြောင်း ပစ်ကူနှင့် တုံ့ပြန်ခဲ့သည်ကိုသာ တွေ့ရသည်။

ရလဒ်သည်ကား စခန်းများကို လက်လွှတ်ရသည်သာမက လူသူ လက်နက်ခဲယမ်း အများအပြား ဆုံးရှုံးခဲ့ရပြီး ခွာစစ်ဆင်သည့် စစ်သည်များ ကြားဖြတ်တိုက်ခိုက်ခံရသည်ဖြစ်ရာ စစ်ကောင်စီတပ် အနေဖြင့် အကျိုးမရှိသည့် ပြုန်းတီးစစ် ဆင်နွှဲနေရသည့် အခြေအနေ ဖြစ်သည်။

ထို့အတူ တဟုန်ထိုး ထိုးစစ်ဆင် ခံနေရသည့် စစ်ကောင်စီတပ် အနေဖြင့် ရက် ၆၀ ကျော်သည့်တိုင် တုန်လှုပ် ခြောက်ခြားနေဆဲဖြစ်ပြီး တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်မှု မပြုနိုင်သည်သာမက တပ်ရင်းလိုက် စုပြုံ လက်နက်ချမှုများ ထပ်မံမဖြစ်ရေး ထိန်းသိမ်းနေရသည့် အနေအထား ဖြစ်သည်။

ညီနောင်မဟာမိတ်တပ်များ၏ အနေအထား

နီးစပ်သူ တစ်ဦး၏ အဆိုအရ ညီနောင်မဟာမိတ်တပ် အင်အား နှစ်သောင်းကျော်ရှိပြီး စစ်ပွဲအတွင်း KIA ၊ BPLA ၊ KNDF ၊ MDY PDF နှင့် အခြားတော်လှန်ရေး တပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်နေသည်ဖြစ်ရာ စုစုပေါင်း အင်အား သုံးသောင်းကျော် ရှိသည်ဟု ဆိုရမည်။

စစ်ဆင်ရေး စတင်စဥ်က တပ်အင်အား၏ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပြီး လက်ရှိ တပ်အင်အား၏ ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုတိုက်ခိုက်နေသည်ဟု ဆိုသည်။

သို့ဖြစ်ရာ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် တိုက်ပွဲ၀င်တပ်များ အနားပေးရန် အင်အား အလုံအလောက် ရှိနေဆဲဖြစ်ပြီး ထိုးစစ်အရှိန် ကျမသွားရန် ထိန်းထားနိုင်သည့် အနေအထား ဖြစ်သည်။

ထို့အတူ သျှမ်းမြောက်ရှိ စစ်ကောင်စီတပ်၏ အခြေ မဏ္ဍိုင် ဖြစ်သည့် လားရှိုးမြို့ကို မဟာဗျူဟာမြောက် ၀ိုင်းပတ်ထားပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီဟု ယူဆနိုင်သည် ဖြစ်ရာ သျှမ်းမြောက် တစ်ခုလုံး သိမ်းပိုက်နိုင်ရေး လက်တကမ်းအလိုဟု ဆိုရမည်သာ ဖြစ်သည်။

သို့သော် စစ်ရပ်စဲရေး တရုတ်နိုင်ငံ၏ ဖိအားသည် ကြီးမားလှသည်ဖြစ်ရာ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် အခြားသော ထွက်ပေါက် တစ်ခု ရှာရမည်ကဲ့သို့ ကြုံတွေနေရပြီ ဖြစ်သည်။

တရုတ်နိုင်ငံ၏ သဘောထား

‘၁၀၂၇’ စစ်ဆင်ရေးသည် ကျားဖြန့် (ခေါ်) ‌ငွေလိမ်ဂိုဏ်းများ နှိမ်နင်းသည့် စစ်ဆင်ရေးဟု ခေါင်းစဥ် တပ်ထားသော်လည်း လက်တွေ့တွင်မူ ညီနောင်မဟာမိတ်များ အနေဖြင့် သျှမ်းမြောက် သိမ်းယူရေး ရည်မှန်းထား သကဲ့သို့ တရုတ်နိုင်ငံ အနေဖြင့်မူ ပထ၀ီနိုင်ငံရေးအရ မဟာဗျူဟာ အမှား ကျူးလွန်နေသည့် ပြောင်ချော်ချော်နိုင်ပြီး တောင်စဥ်ရေမရ စကားများလှသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ဆုံးမရန် ရည်ရွယ်ပုံရသည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ပြိုကွဲမည်ကို မလိုလားသည်ကား အမှန်ပင်။ ဤသည်မှာ အကြောင်းအရင်း များစွာ ရှိမည် ဖြစ်သော်လည်း အဓိကအားဖြင့် ရေရှည်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံငယ်များစွာ ပေါ်ပေါက်လာပါက ကြီးမားလှသည့် ၄င်းတို့၏ နိုင်ငံဖြတ်ကျော် စီမံကိန်းများ အတွက် အဟန့်အတား ဖြစ်စေမည် ဖြစ်သည်။

ဆင်းရဲ၍ ပြဿနာများမြှောင်လှသော မြန်မာနိုင်ငံ အနေဖြင့် အနည်းငယ် အကျပ်ကိုင်ပါက စီမံကိန်းများကို အလွယ်တကူ ရရှိခဲ့သည်မှာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီနှင့် တရုတ် ချုပ်ဆိုခဲ့သည့် ကျောက်ဖြူရေနက် ဆိပ်ကမ်း တည်ဆောက်ရေး စာချုပ်က အနီးကပ်ဆုံး ဥပမာဖြစ်သည်။

တဖက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ရုရှနှင့် ပလူးပလဲ လုပ်နေသည်ကို တရုတ်နိုင်ငံ အနေဖြင့် အမြင်ကြည်ပုံမရ။ တရုတ်နှင့် ရုရှားသည် သမိုင်းကြောင်းအရ အကျိုးစီးပွား မိတ်ဖက်သာဖြစ်ပြီး နိုင်ငံရေးအရ မဟာဗျူဟာမြောက် မိတ်ဖက် မဟုတ်သည်ကို စစ်ခေါင်းဆောင် အနေဖြင့် သတိပြုမိပုံ မရပေ။

ကူမင်း ဆွေး‌နွေးပွဲ

သျှမ်းမြောက် စစ်ပွဲနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် မဟာမိတ်ညီနောင် သုံးဖွဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကူမင်းမြို့တွင် ဆွေး‌နွေးရာ လောက်ကိုင်ဒေသတွင်း ယာယီ တိုက်ပွဲ ရပ်စဲခဲ့သော်လည်း စစ်ကောင်စီတပ် လေကြောင်းမှ စစ်ကူပေးပို့မှုနှင့် ဗုံးကြဲမှုများကြောင့် တစ်ပတ်ခန့် အကြာ ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။

ဒုတိယ အကြိမ် ကူမင်း ဆွေး‌နွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၄ ရက်အထိ ‌၃ ရက်ကြာ ပြုလုပ်ခဲ့ရာ ရလဒ် တစုံတရာ မထွက်ဘဲ တတိယ အကြိမ် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပြုလုပ်ရန် သဘောတူခဲ့သည်။

သို့သော် BBC သတင်းဌာနနှင့် အင်တာဗျူးတွင် PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော် က “အခုတိုက်ပွဲတွေ တအားပြင်းလာချိန်မှာ တရုတ်ဘက်ကတော့ ကျွန်တော်တို့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးနေတယ်။ အဲဒီအနေအထားကို ကျွန်တော်တို့သုံးဖွဲ့ ဒါကို ဘယ်လိုကျော်လွှားမလဲနည်းလမ်းရှာနေပါတယ်” ဟု ပြောဆိုထားသည် ဖြစ်ရာ စစ်ရပ်စဲရေး တရုတ်နိုင်ငံ၏ ဖိအားပေးမှု အတိုင်းအတာကို မှန်းဆနိုင်မည် ဖြစ်သည်။

သို့ဆိုလျှင် ညီနောင်မဟာမိတ်တပ်များ၏ စစ်ဆင်ရေးသည် လာမည့် ဇန်န၀ါရီ ဆွေး‌နွေးပွဲ မတိုင်မီ အထိသာ အချိန်ရတော့မည်လား ဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။

ယင်းသို့ တရုတ်နိုင်ငံ၏ ဖိအားပေးမှုကပင် လားရှိုးနှင့် မူဆယ်ကို မြန်မြန်ဆန်ဆန် တိုက်ခိုက်စေရန် တွန်းပို့နေသည်ဟု ဆိုရမည်။

လားရှိုးမှသည် မန္တလေး၊ မိတ္ထီလာ လွင်ပြင်ဆီသို့

တရုတ်နိုင်ငံ၏ ဖိအား များပြားလာသည်နှင့် အမျှ ညီနောင်မဟာမိတ်တပ်များ အနေဖြင့် စစ်ပွဲကို မည်သည့်နည်းနှင့် ရပ်တန့်မည် (သို့မဟုတ်) စစ်ကောင်စီ ပြုတ်ကျရေး မည်သည့်နည်းဖြင့် ရှေ့ဆက်မည် ဆိုသည်ကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

သျှမ်းမြောက်တွင် စစ်ပွဲများ ရပ်တန့်ရပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရှိန် လျော့ကျလာမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် တန်ပြန်ထိုးစစ် အတွက် ပြင်ဆင်ရန် အချိန်အလုံအလောက် ရရှိမည်သာ ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ၏ သြဇာနှင့် ဖိအားသည် အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ၄င်း၏တပ် PDF နှင့် တကွ သျှမ်းမြောက် တိုက်ပွဲတွင် ပါ၀င်တိုက်ခိုက်နေသော အခြား တော်လှန်ရေး တပ်များအပေါ် သက်ရောက်မှုမရှိ ကင်းလွတ်နေသည်ကို သတိပြုရမည် ဖြစ်သည်။

ဤအခြေအနေတွင် ညီနောင်မဟာမိတ်တပ်များ အနေဖြင့် လာမည့် ရက်ပိုင်းအတွင်း မူဆယ်နှင့် လားရှိုးကို ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် MDY PDF နှင့် BPLA ကဲ့သို့ တပ်များ အနေဖြင့် နောင်ချို၊ မိုးကုတ်ဒေသမှ သပိတ်ကျင်း၊ မတ္တရာနယ်သို့ လှည့်ဆင်းခြင်းဖြင့် တရုတ်၏ ဖိအားကို တုံ့ပြန်သင့် တုံ့ပြန်ထိုက်သည်သာ ဖြစ်သည်။

စစ်ရေးအရ ဆိုပါမူ နေပြည်တော်သည် အချက်အခြာ မဟုတ်ပါဘဲ မန္တလေး-မိတ္ထီလာ လွင်ပြင်သည် အဆုံးအဖြတ် ပေးနိုင်သည့်အခြေမဏ္ဍိုင်နေရာ (သို့) အဆက်နေရာ ဖြစ်ရာ ယင်းလွင်ပြင်ကို စိုးမိုးနိုင်မှသာ အရင်းအမြစ် အများအပြား ကျန်ရှိနေသည့် စစ်ကောင်စီကို ဖြိုချနိုင်မည် ဖြစ်သည်။

မန္တလေး-မိတ္ထီလာ လွင်ပြင်သည့် မြန်မာနိုင်ငံ အနေအထားအရ စစ်ရေးအတွက် သော့ချက်နေရာ ဖြစ်သည်ကို ဒုတိယ ကမ္ဘာစစ်ကာလ တိုက်ပွဲစဥ်များနှင့် ပါလီမန်ခေတ်ကာလ ပြည်တွင်းစစ်ပွဲများတွင် ထင်ထင်ရှားရှား တွေ့နိုင်မည် ဖြစ်သည်။

‘၁၀၂၇’ စစ်ဆင်ရေး အတွင်း တပ်များ အလျှင်အမြန် ပြောင်းရွှေ့နိုင်စွမ်းနှင့် ယင်းသို့ ပြောင်းရွှေ့နိုင်စွမ်းက ထိုးစစ် အာနိသင်ကို မည်မျှ ထက်မြက်စေသည်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။

လက်ရှိ အနေအထားအရ သျှမ်းမြာက် လားရှိုးမှ သျှမ်းတောင် ရပ်စောက်သို့ ဆက်သွယ်ထားသော လမ်းမကြီးကို သျှမ်းတော်လှန်ရေးတပ် နှစ်ခုက ထိန်းချုပ်ထားပြီး ရပ်စောက်ဒေသနှင့် ဆက်စပ်နေသည့် ရွာငံဒေသတွင်လည်း PDF နှင့် ဒေသခံ ဓနုတော်လှန်ရေးတပ် အချို့ အခြေပြုထားပြီး ဖြစ်သည်။ ယင်းအခြေအနေကြောင့် ကျောက်ဆည် လွင်ပြင်သို့ လှည့်ဆင်းနိုင်သည့် အနေအထားဟု ဆိုရမည် ဖြစ်သည်။

သို့ဖြစ်ရာ တော်လှန်ရေးအား အဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်တပ်များ သာမက တပ်အင်အား နှစ်သိန်းကျော်ရှိသည်ဟု ကြွေးကြော်ထားသည့် NUG ၏ PDF အနေဖြင့် မည်သို့ ဆုံးဖြတ် တိုက်ခိုက်မည်မှာ စိတ်၀င်စားဖွယ် ဖြစ်ပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် ယူဆချက်များသည် စာရေးသူ၏ အာဘော်သာ ဖြစ်သည်)

Leave a Comments

- Advertisement -spot_img

Latest article