မဟာမိတ် အချင်းချင်းကြား နယ်မြေစိုးမိုးမှုအကွဲအပြဲ စတင်နေပြီလား

သျှမ်းမြောက်မှာ အွန်လိုင်းလောင်းကစားလိမ်လည်မှု ကျားဖြန့်ပပျောက်ရေး ရည်ရွယ်ချက်နဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ညီနောင်မဟာမိတ် (၃) ဖွဲ့က စတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းပေါင်း ၄၀၀ ကျော်ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၂၀ နီးပါးကို သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးကို ၃ လနီးပါး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုနဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး “ဟိုင်ဂင် သဘောတူညီချက်”အရ အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။

သျှမ်းမြောက်မှာ ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီတို့ “၁၀၂၇ စစ်ဆင်ရေး” အပစ်ရပ်ထားပေမယ့်လည်း ‘ဝ’တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)မှာ ပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့ဝင် အချင်းချင်းကြား နယ်မြေစိုးမိုးရေး ပြဿနာနဲ့ စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)မှာ ‘ဝ’တပ်ဖွဲ့ UWSA က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားပြီး ကချင်လွတ်လပ်ရေးတပ် KIO/KIA၊ သျှမ်းတပ် SSPP/SSA၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နဲ့ ရက္ခိုင့်တပ် ULA/AA တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ထားကြပါတယ်။

အဲ့ဒီ ဟိုင်ဂင်သဘောတူညီချက်အရ သျှမ်းမြောက်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ သေနတ်သံ တိတ်သွားပြီး စစ်ဆင်ရေးအတွင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေကို အုပ်ချုပ်ရေးယန္တရား ထူထောင်နိုင်ဖို့ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က စတင်လုပ်ဆောင်လာပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ တိုင်းရင်းသားလူမျိုး စုံလင်ကွဲပြားပြီး နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်လာကြတဲ့ သျှမ်းမြောက်ဒေသတွေမှာ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ဖို့ နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဒေသအတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အချင်းချင်းကြားမှာ စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုတွေ ဖြစ်လာပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အနေနဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့ (၇) မြို့မှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ရုံးဖွင့် အခြေချလိုတယ်ဆိုရင် TNLA တပ်ဖွဲ့ဆီကို စာတင်တောင်းဆိုရမယ်လို့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုလာပါတယ်။

“ကျမတို့ PSLF/TNLA အုပ်ချုပ်တဲ့ နယ်မြေအတွင်းမှာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကျမတို့ဒေသမှာ အခြေချချင်တယ်၊ ရုံးဖွင့်ချင်တယ်ဆိုရင် ကျမတို့ ဗဟိုဆီမှာ စာပေနဲ့တကွ ခွင့်တောင်းခံရမှာ ဖြစ်ပါတယ်။ ဒီခွင့်တောင်းခံမှုအပေါ် ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းကတော့ ဗဟိုကော်မတီက ဆုံးဖြတ်မှာ ဖြစ်ပါတယ်”လို့ TNLA သတင်းနဲ့ပြန်ကြားရေး ဌာနမှူးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူတွေကို နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး ဧပြီလ ၁၅ ရက်နေ့နောက်ဆုံး ထွက်ခွာသွားဖို့ ပြောဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ TNLA တပ်ဖွဲ့ရဲ့ လူကြီးပိုင်းမဟုတ်ဘဲ မြေပြင်မှာရှိတဲ့ အရာရှိငယ်တွေ ပြောတာပဲ ဖြစ်တယ်ဆိုပြီးမှ နှစ်ဘက်တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်အဆင်ပြေကြောင်း ဖြေကြားခဲ့ပါတယ်။

“အားလုံးကတော့ တော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အချင်းချင်းလည်း နားလည်မှု ရှိရမယ်၊ တန်ဖိုးထားမှုလည်း ရှိရမယ်။ မဟုတ်ဘဲနဲ့ စစ်ရေးနဲ့ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမှ ဆက်ဆံတာမျိုးတွေကတော့ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းအတွက်ကတော့ အဖြေကောင်းတွေ ထွက်မယ်လို့ မထင်ပါဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောပါတယ်။

ထို့အတူပဲ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာ အကြားမှာရှိတဲ့ နမ့်အွမ်ကျေးရွာမှာ စခန်းချထားတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ကို ဧပြီလ ၂၅ ရက် နောက်ဆုံးထား ထွက်ခွာသွားဖို့ TNLA တပ်ဖွဲ့က စာပို့ခဲ့တယ်လို့ သိရပြီး နမ့်အွမ်နဲ့ တီးမားကျေးရွာကြားမှာရှိတဲ့ KIA တပ်ဖွဲ့ရဲ့ သစ်ပင်မခုတ်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဧပြီလ ဒုတိယပတ်ထဲမှာ TNLA တပ်သားတွေက ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၅ ရက်ကလည်း နမ္မတူမြို့နယ် ဘော်တွင်းမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ မဟာမိတ် PDF တပ်စခန်းတစ်ခုကိုလည်း ရွှေ့ပြောင်းပေးဖို့ TNLA တပ်ဖွဲ့က ထပ်မံပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး မြေပြင်အဆက်အသွယ် မရရှိသေးဘဲ သတင်းပျံနှံ့နေကြောင်းသာ သိရှိရတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”နဲ့အတူ သျှမ်းမြောက်မှာရှိတဲ့ မြို့ပေါင်း (၂၀)နီးပါးကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် နယ်မြေစိုးမိုးမှုအရ ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း အပြန်အလှန် အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦးက ထောက်ပြပါတယ်။

“အခုမှ TNLA က စစ်အင်အားနဲ့ နယ်မြေကို ထိန်းချုပ်နိုင်တယ်။ နယ်မြေစိုးမိုးမှု အတွေ့အကြုံ မရှိတော့ သူထိန်းချုပ်တဲ့နေရာမှာ ရုံးလာဖွင့်ရင် သူတို့ကို အသိအမှတ် ပြုပေးဖို့ ပြောရမယ်ဆိုတာ ဒါက လူ့ယဉ်ကျေးမှုပဲ။ TNLA ကိုလည်း တခြားအဖွဲ့တွေ အသိအမှတ် ပြုသင့်သလို TNLA ကလည်း တခြားရှိရင်းစွဲ အဖွဲ့တွေကို အပြန်အလှန် အသိအမှတ်ပြုရမယ်”လို့ သျှမ်းပြည်စစ်ရေးကျွမ်းကျင်သူက ပြောပါတယ်။

ဒါ့အပြင် အဓိကကျတဲ့ အပြန်အလှန် လေးစားမှု မရှိဘဲ လက်ရှိစိုးမိုးနယ်မြေတွေမှာ တစ်ကိုယ်တော်မင်းသား လုပ်ချင်နေရင် မြန်မာနိုင်ငံနဲ့ သျှမ်းပြည်ဟာလည်း စစ်မီးပဋိပက္ခကနေ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘဲ ပြဿနာတွေ ဆက်ရှိနေဦးမယ်လို့ ၎င်းက ပြောပါတယ်။

“TNLA က အခုသွားနေတဲ့ အနေအထားအရဆိုရင် အုပ်ချုပ်ရေးမှာ အတွေ့အကြုံ မရှိသေးဘူး။ သူ့မှာက အုပ်ချုပ်ရေး စ,ချရင် လွဲ‌ချော်မှု ရှိကောင်းရှိနိုင်တယ်။ သျှမ်းမြောက်မှာ TNLA ကော MNDAA ကော စစ်ရေးနည်းနဲ့ တစ်ကိုယ်တော် ဗိုလ်ကျစိုးမိုးဖို့ပဲ ဦးစားပေးပြီးတော့မှ သေနတ်နဲ့ အင်အားနဲ့ အားကိုးပြီးမှ လုပ်မယ်ဆိုရင် ဘယ်တော့မှ မအောင်မြင်ဘူး”လို့ လက်ရှိစစ်ရေး ပဋိပက္ခအခြေအနေကို သျှမ်းပြည်စစ်ရေးကျွမ်းကျင်သူက သုံးသပ်ပြောဆိုပါတယ်။

ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထံ ဇန်နဝါရီလ (၇) ရက်က လက်နက်ချ အညံ့ခံခဲ့ပြီးနောက် ကွတ်ခိုင်မြို့ပေါ်ကို TNLA တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ-၁၂၃ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က တိုက်ခိုက်နေစဉ်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး အဲ့ဒီတပ်စခန်းကို ဇန်နဝါရီလ ၂၄ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူပဲ ကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ဌာနဆိုင်ရာရုံး (၅) ခုထက်မနည်း နေရာတွေနဲ့ တာမိုးညဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က တပ်စွဲထားပြီး အုပ်ချုပ်ရေးယန္တရားကို သီးခြား ဖော်ဆောင် နေတာတွေလည်း ရှိနေပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ TNLA ၊ MNDAA နဲ့ KIA တို့ရဲ့ အခုလို ဖိုခနောက် သုံးပွင့်ဆိုင် အခြေအနေမှာ ဒေသခံတိုင်းရင်းသားတွေဖြစ်တဲ့ သျှမ်း၊ ကချင်၊ တအာင်း(ပလောင်)နဲ့ မုန်းဝန်းဗမာ လူမျိုးတွေကတော့ လက်နက်ကိုင်အချင်းချင်းကြား ပဋိပက္ခကနေ လူမျိုးရေး ပဋိပက္ခတွေဆီ အသွင်ပြောင်းသွားမှာကို စိုးရိမ်နေကြပါတယ်။

“ပေါက်ကွဲမယ့်ဆဲဆဲ ဗုံးပေါ်မှာ ထိုင်နေရသလိုပဲ၊ ဘယ်အချိန်မှာ စနက်တံ ဖြုတ်လိုက်မလဲတော့ မသိဘူး အဲ့လိုအခြေအနေ ဖြစ်နေတယ်။ လူမျိုးရေး ပဋိပက္ခမဖြစ်အောင်၊ လက်နက်ကိုင် အချင်းချင်းကြား သဟဇာတဖြစ်အောင် ကြိုးစားဖို့၊ ဝိုင်းဝန်းဖော်ဆောင်ဖို့ကတော့ အားလုံးရဲ့ တာဝန်ဖြစ်တာပေါ့”ဟု လူမျိုးရေး ပဋိပက္ခစိုးရိမ်မှုနဲ့ပတ်သက်ပြီး ကွတ်ခိုင်ဒေသခံ ဦးနော်ဆိုင်း (အမည်လွှဲ)က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

လက်ရှိတွင် TNLA တပ်ဖွဲ့အနေနဲ့ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းငေါ့နှင့် မိုင်းလုံ မြို့ (၇) မြို့တို့မှာ TNLA တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးဌာနက အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေပြီး ၂၀၂၅ နှစ်သစ်မှာ လူထုဆန္ဒ အခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမယ်လို့ နှစ်ပတ်လည် အစည်းအဝေးအပြီး ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့လည်း သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို လောက်ကိုင်ခရိုင်၊ ကိုးကန့်ခရိုင်၊ သိန္နီခရိုင်နဲ့ မုံးကိုးခရိုင် ဟူ၍ အုပ်ချုပ်ရေးနယ်မြေ (၄) ခု ဖွဲ့စည်းပြီး အထူးဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီ ဖြင့် အုပ်ချုပ်ရေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”မှာ အတူတကွ တိုက်ပွဲဆင်နွှဲခဲ့ကြပြီး “တစ်ဖွဲ့၏ ပြဿနာသည် သုံးဖွဲ့စလုံး၏ ပြဿနာဖြစ်သည်”ဆိုပြီး မူဝါဒချမှတ်ထားတဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ညီနောင်မဟာမိတ် အချင်းချင်း သည်ပင်လျှင် ကွတ်ခိုင်မြို့နယ်မှာ အုပ်ချုပ်ရေး ယန္တရားအတွက် နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဧပြီလ တတိယပတ်က စပြီး စစ်ရေးတင်းမာလာကြပါတယ်။

ဧပြီလ ၁၉ ရက်တုန်းက ကွတ်ခိုင်မြို့နဲ့ တာမိုးညဲမြို့အကြားမှာရှိတဲ့ မော်ဟန်ကျေးရွာအုပ်စုနားမှာ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ကြောင်းတို့ နှစ်ဘက်ထိတွေ့မှု ဖြစ်ပွားပြီး TNLA ဘက်မှ ခြိမ်းခြောက်ပစ်ခတ်ခဲ့ရာ ကိုးကန့်တပ်သားတစ်ဦးရဲ့ ခြေထောက်ကို သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ ကွတ်ခိုင်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၂၇ ရက်မှာလည်း ကွတ်ခိုင်မြို့ ကောင်းခါးလမ်းခွဲက ကိုးကန့်တပ်ဖွဲ့ MNDAA တပ်စွဲထားတဲ့ စိုက်ပျိုးရေးခြံမှာ TNLA တပ်သားတွေက ကြိုတင်အကြောင်းမကြားပဲ ဝင်ရောက်နေရာယူဖို့ လုပ်ဆောင်ခဲ့တာကြောင့် နှစ်ဘက်တပ်ဖွဲ့အကြား အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းပြီး စစ်ရေးတင်းမာခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတွေဆီကနေ သိရပါတယ်။

“သူတို့ကိုယ်စီကိုယ်ငှ တော်တော်များများက ကွတ်ခိုင်ကနေ စစ်သားတွေကိုယ်စီနဲ့ ကာလိုင်ဘက်ကို ဆင်းလာတာတွေ့တယ်။ ပြဿနာ ဖြေရှင်းပြီးသွားလို့ ဆင်းလာတဲ့သဘောပေါ့လေ။ အဲ့တာကို ကြည့်ရရင် တမျိုးမျိုး ဖြစ်လာရင် သူတို့က နေရာတကာကနေပြီးမှ လူတွေအလုံးအရင်း စုပြီးလာတယ်ဆိုတာ တွေ့ရတာပေါ့”လို့ စစ်ရေးသတင်းရင်းမြစ်က ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကိုင်တပ်တွေရဲ့ လှုပ်ရှားသွားလာမှုကို သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ရှိ ပန်ဆိုင်းမြို့မှာလည်း ဖေဖော်ဝါရီလ (၁၁) ရက်က ဒေသခံတွေကို အစည်းအဝေး ခေါ်ယူပြီး သျှမ်းတပ် SSPP/SSA နဲ့ ကချင်လွတ်လပ်ရေးတပ် KIA တပ်သားတွေ စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ဆောင်လာရင် မြို့တွင်းကို ပေးမဝင်ဖို့ အပါအဝင် အရေးကြီးအချက် (၅)ချက်ကို အမိန့်ပေးညွှန်ကြားခဲ့တယ်လို့ ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။

မတ်လ နောက်ဆုံးပတ်မှာ သိန္နီမြို့နယ်ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒေသအတွင်းမှာ ရှိနေတဲ့ သျှမ်းတပ် SSPP/SSA တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရပြီး SSPP/SSA တပ်ဖွဲ့မှ ခုခံကာကွယ်တဲ့ အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့တယ်လို့ SSPP Info က မတ်လ (၂၇) ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သျှမ်းတပ် SSPP/SSA အနေနဲ့ တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးခြင်း လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပြီး လုံးဝ ဖြေရှင်းလို့ မရခဲ့မှသာ ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။

သိန္နီမြို့နယ် နမ့်စလပ်တိုက်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ SSPP/SSA တပ်စခန်းဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲအတွင်း တပ်သားအပြန်အလှန် ဖမ်းဆီးမှု ရှိခဲ့တယ်လို့လည်း သိန္နီဒေသခံတွေဆီကနေ သိရပါတယ်။

အလားတူပဲ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်က နမ့်ခမ်းမြို့နယ်မှာလည်း သျှမ်းတပ် SSPP/SSA နဲ့ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဘက်တင်းမာမှု ရှိနေပြီး နမ့်ခမ်းနဲ့ ထုန့်မောဝ်းဒေသက ပြည်သူများ အစည်းအဝေးပြုလုပ်ကာ SSPP/SSA တပ်ဖွဲ့ကို ထုန့်မောဝ်းဒေသမှ မထွက်ခွာသွားဖို့ စာရေးသား တောင်းဆိုထားတယ်လို့ နမ့်ခမ်းဒေသခံတွေက ပြောပါတယ်။

“တိုင်းရင်းသား အချင်းချင်းကြားမှာ ပဋိပက္ခ မဖြစ်စေချင်ဘူး။ ကချင်နဲ့ ပလောင်ဖြစ်ဖြစ်၊ သျှမ်းနဲ့ ပလောင်ဖြစ်ဖြစ် ဘယ်သူနဲ့မှ ပြဿနာ မဖြစ်စေချင်ဘူး။ မဟုတ်ရင် သူများကစားကွက်ထဲ ရောက်သွားမှာ။ ကြားရတာတော့ ပန်ဆန်းမှာလည်း ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ် ဖြေရှင်းနေကြတယ်”လို့ နမ့်ခမ်းမြို့နယ်မှ နှစ်ဘက်တပ်ဖွဲ့ တင်းမာမှုအခြေအနေကို အသက်(၅၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်တုန်းက တော်လှန်ရေးခေါင်းစဉ်ကို အကြောင်းပြပြီး တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်း BRI ကနေ အကျိုးအမြတ် ရရှိအောင် ကြိုတင်ကြံစည်ကာ ထိန်းချုပ်နယ်မြေ လုယူတာ၊ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စည်းရုံးလှုံဆော်တာနဲ့ နိုင်ငံရေး၊ စစ်ရေး မရိုးဖြောင့်မှုတွေ ပြုလုပ်လာတာကို စိုးရိမ်ပူပန်မိတယ်လို့ သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

“စစ်ဆင်ရေးပြီးတော့ (၇)ဖွဲ့ရှိတဲ့ သူတို့အချင်းချင်း ကြားထဲမှာ နယ်မြေပိုင်စိုးမှုနဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာတယ်။ ဒါက ပထဝီနိုင်ငံရေးအရလည်း ဖြစ်နိုင်တယ်၊ အချင်းချင်း သဘောထားကြီးစွာနဲ့ ညှိနှိုင်းဖြေရှင်းရမှာ။ ဒါပေမယ့် ဘယ်လိုပဲ ပွတ်တိုက်မှုတွေ ဖြစ်နေပါစေ၊ အစ်ကိုကြီးဖြစ်တဲ့ ‘ဝ’နဲ့ အထက်ပုဂ္ဂိုလ် တရုတ်က ရပ်ဆိုရင် ရပ်ရမှာပဲ”ဟု သျှမ်းပြည် စစ်ရေးကျွမ်းကျင်သူက သုံးသပ်ပြောဆိုပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ၄ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့တဲ့ “ဟိုင်ဂင် သဘောတူညီချက်” အောက်မှာ နှစ်ဘက်တပ်များ အပစ်ရပ်စဲရေး၊ အငြင်းပွားဖွယ်ရာနဲ့ လိုလားချက်တွေ ဖြစ်ပေါ်လာပါက တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်နဲ့ ဖြေရှင်းရေးတို့ကို သဘောတူညီနိုင်ခဲ့ကြတယ်လို့ ညီနောင်မဟာမိတ်ဘက်က ဇန်နဝါရီလ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးတွေကို မထိခိုက်ကြဖို့ မဖျက်ဆီးကြဖို့၊ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူလူထု စစ်ဘေးဒဏ်မှ ပြန်လည်ထူထောင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

ညီနောင်သွေးရင်း တိုင်းရင်းသားအချင်းချင်း အေးအတူ ပူအမျှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နှစ်ကာလပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ သျှမ်းမြောက်ဒေသမှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီကို တိုက်ထုတ်နိုင်ခဲ့သည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အနေဖြင့် ပြည်သူလူထု ကြားမညှပ်အောင် ဘာပဲလုပ်လုပ် ဆွေးနွေးတိုင်ပင်ကြဖို့ ပြောဆိုတိုက်တွန်းဖူးကြောင်း ကွတ်ခိုင်ဒေသခံ ကချင်အမျိုးသားဖြစ်သူ ဦးနော်ဆိုင်းက အခုလို ပြောပါတယ်။

“တော်တော်လေး ဝိုင်းဝန်းပြီးမှ မထိန်းကျောင်းရင်တော့ ပြဿနာ ဖြစ်လာနိုင်တာပေါ့။ လူမျိုးစုအလိုက် ဆိုရင်တော့ ကိုယ်စီ လက်နက်ကိုင် အဖွဲ့တွေနဲ့ဆိုတော့ ကြားမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်လာဖို့ နီးစပ်လာတာပေါ့။ အဲ့လိုမဖြစ်အောင် ကိုယ့်ပြည်သူ အချင်းချင်းတော့ ဝိုင်းထိန်းကြဖို့ အားလုံးမှာ တာဝန်ရှိတယ်”လို့ ကွတ်ခိုင်မြို့ဒေသခံ ဦးနော်ဆိုင်းက လူမှုအသိုက်အဝန်းထဲ ပြည်သူကစပြီး ဝိုင်းဝန်းထိန်းကျောင်းကြဖို့ အရေးကြီးကြောင်း မီးမောင်းထိုး ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...