Monday, April 29, 2024

ကိုးကန့် “ဖုန်”မိသားစု အိမ်ပြန်လမ်းက ပေးတဲ့ အိပ်မက်ဆိုးများ

Must read

သျှမ်းပြည်မြောက်ပိုင်းရဲ့ ကောင်းကင်တခွင်မှာ သီတင်းကျွတ် မီးရှူးမီးပန်း ပစ်ဖောက်သံမဟုတ်တဲ့ သေနတ်သံ၊ လက်နက်ကြီး ပစ်ခတ်သံတွေဟာ မိသားစုတွင်း  တိုးတိုးတိတ်တိတ် ငိုကြွေးသံ၊ စစ်အောင်နိုင်ရေး ကြုံးဝါးသံနဲ့အတူ ယမ်းငွေ့နံ့ တထောင်းထောင်း ထွက်နေတာ အခုဆို နှစ်လနီးပါး ရှိလာပြီ ဖြစ်ပါတယ်။

မြန်မာ – တရုတ် နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ဖော်ဆောင်လာတဲ့ “၁၀၂၇ စစ်ဆင်ရေး”ဟာ ဒီနေ့အချိန်ထိ ရပ်တန့်မသွားဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာနေပါတယ်။

ကိုးကန့်ဒေသကို နှစ်ပေါင်းများစွာ အရှင်သခင်အဖြစ် နဲ့ အုပ်စိုးခဲ့ဖူးတဲ့ သွားလေသူ ကိုးကန့်စစ်ဘုရင် ဖုန်ကြားရှင်ရဲ့ “ဖုန်”မိသားစုဟာ  ၂၀၀၉ နောက်ပိုင်း လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ကိုးကန့်နယ်မြေဆီကို ပြန်လည်ခြေချနိုင်ဖို့ ၂၀၁၅ ခုနှစ် အဲ့တုန်းက အရပ်သားတစ်ပိုင်း အစိုးရအောက် အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသေးတယ်။

MNDAA တပ်ဖွဲ့ တည်ထောင်သူ ဖုန်ကြားရှင် နဲ့ လက်ရှိ စစ်ဦးစီးချုပ် ဖုန်တာရွှင်

၂၀၁၅ ကိုးကန့်တိုက်ပွဲမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်တပ် (KIO/KIA) နဲ့ သျှမ်းတပ် (SSPP/SSA) တို့ ပါဝင်တိုက်ခိုက်ခဲ့ကြပေမယ့် ပြည်သူများစွာ တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူထုထောက်ခံမှု မရရှိခဲ့ဘဲ အကျအရှုံးများစွာနဲ့အတူ ကိုးကန့်နယ်မြေကို စစ်ကောင်စီတပ်ထံ ဆက်ပြီး လက်လွတ်ခဲ့ရပါတယ်။

ကိုးကန့်တိုက်ပွဲ ၈ နှစ်ကြာပြီးနောက် အခုတစ်ကြိမ် ၂၀၂၃ ခုနှစ်မှာပဲ မပြောင်းလဲသေးတဲ့ စစ်ခေါင်းဆောင်အောက်က ကိုးကန့်နယ်မြေကို စစ်ကောင်စီ ကျောထောက်နောက်ခံနဲ့ မင်းမူနေတဲ့ အခြားသော ကိုးကန့်မိသားစုတွေလက်ထဲက ပြန်လည်အရယူဖို့ “ဖုန်”မိသားစုရဲ့ ဖုန်တာရွှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့နဲ့အတူ “၁၀၂၇ စစ်ဆင်ရေး” ခေါင်းစဉ်နဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ ပြောရင်တောင် မှန်နိုင်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်ရက်ပိုင်းက မြန်မာ-တရုတ် နယ်စပ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားတဲ့ ခြံဝင်းကျယ်ကြီးတွေထဲမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေကို အသွင်ယူ ထောက်လှမ်းနေတဲ့ တရုတ်အစိုးရရဲ့လူတွေ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကလည်း ပြင်းထန်တဲ့ တိုက်ပွဲအခြေအနေကို တွန်းပို့စေခဲ့ပါတယ်။

တနည်းအားဖြင့် ကိုးကန့်“ဖုန်”မိသားစုတို့ရဲ့ အချိန်အခါသင့်တဲ့ အိမ်ပြန်ခရီးမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ရေးနဲ့ အုပ်ချုပ်ရေးနယ်မြေ ချဲ့ထွင်ဖို့ အကြီးမားဆုံး အခွင့်အလမ်းအဖြစ် အမိအရ ဆုပ်ကိုင်လိုက်နိုင်တယ်လို့ ပြောရမှာပါ။

ဝ ဒေသ ရောက်စစ်ရှောင်များ

ကိုးကန့်“ဖုန်”မိသားစုတို့ရဲ့ အိမ်ပြန်ခရီးနဲ့ တရုတ်ရဲ့ အွန်လိုင်းကျားဖြန့် နှိမ်နှင်းရေး ထွက်ရပ်ပေါက်လမ်းတို့ နက္ခတ်စုံလာတဲ့အခါ တော်လှန်ရေးခေါင်းစဉ်အောက်မှာ ဆင်နွှဲကြတဲ့ စစ်ဆင်ရေးကြီး ဖြစ်လာပါတယ်။ ဒီလို အငြှိုးနဲ့လာတဲ့ စစ်ဆင်ရေးရဲ့ တိုက်ပွဲတွေကြားမှာ ကိုယ့်ဇာတိမွေးရပ်က အိုးအိမ်တွေကို စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေလည်း အများအပြား ရှိလာနေပါပြီ။

အစိမ်းရောင်လမ်းကြောင်းထဲက တပ်သားသစ် စုဆောင်းမှု

ညီနောင်မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေးဦးတည်ချက် တစ်ခုဖြစ်တဲ့ လောက်ကိုင်မြို့ကို ဝင်တိုက်တော့မယ်ဆိုတဲ့ စစ်ရေးကြေညာချက်ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်ကစပြီး စစ်ဘေးရှောင် သောင်းနဲ့ချီ လောက်ကိုင်မြို့ကနေ စွန့်ခွာထွက်ပြေးဖို့ ဖြစ်လာပါတယ်။

ဒီလို ထွက်ပြေးတိမ်းရှောင်ရတဲ့ အထဲမှာ ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ငွေရှာဖို့ဆိုပြီး လားရှိုးကနေ လောက်ကိုင်ကို စားပွဲထိုးလုပ်ဖို့ ရောက်လာတဲ့ စိုင်းနွမ်တို့ သူငယ်ချင်းတစ်စုလည်း အပါအဝင်ဖြစ်ပါတယ်။  

“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အဲ့မှာကုန်စျေးနှုန်းတွေက ဘာမဆို အရမ်းတက်တယ်။ ထမင်းချက်ဖို့ ဆန်ဝယ်တာ တစ်ပြည်ကို တရုတ်ယွမ် ၂၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၈ သောင်းခန့်) ဖြစ်သွားပြီ။ ပြန်လာဖို့ ဆိုင်ကယ်ဓာတ်ဆီ ဝယ်တာလဲ ရေသန့်ဘူး ၁ လီတာကို တရုတ်ယွမ် ၂၀၀ ကျော် ပေးခဲ့ရတာ။ နေရတာ လုံးဝအဆင်မပြေဘူး စစ်လည်းဖြစ်နေတယ်။ အဲ့မှာဆက်နေရင် ငတ်ပြီး သေမှာပဲရှိတယ်”လို့ စိုင်းနွမ်က လောက်ကိုင်မြို့ကနေ ထွက်ခွာဖြစ်လာပုံကို မျက်နှာညှိုးငယ်စွာနဲ့ ပြောပါတယ်။

လောက်ကိုင်စစ်ရှောင်များ

ဒီလိုနဲ့ စိုင်းနွမ်တို့ သူငယ်ချင်း ၅ ယောက်စုပြီး ဆိုင်ကယ် ၂ စီးနဲ့  လောက်ကိုင်မြို့ကနေ အသက်ဘေးကလွှတ်အောင် ကိုယ်လွှတ်ရုန်းခဲ့ကြပါတယ်။

ဆိုင်ကယ်တစ်စီးမှာ ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက် စုစုပေါင်း ၃ ယောက်စီးပြီးတော့ နောက်တစ်စီးမှာတော့ စိုင်းနွမ်နဲ့ သူ့သူငယ်ချင်း စိုင်းလျန်းရယ် ယောကျ်ားလေးနှစ်ယောက်တစ်စီး မောင်းလာကြပါတယ်။

၁၀ မိုင်ကျော်လောက်ပဲ မောင်းလာရပြီး ပါစင်ကျော်ဂိတ်အရောက်မှာတော့ ကိုးကန့်စစ်သားတွေက လောက်ကိုင်ကနေ ထွက်လာတဲ့ လူအုပ်ကြီးကို လူစုခွဲပြီး စစ်ပါတော့တယ်။

တရုတ်စကားတတ်တဲ့ အုပ်စုနဲ့  တိုင်းရင်းသားဖြစ်ရင် ကိုးကန့်စစ်သားတွေက ခေါ်ထားလိုက်ပြီး ယောကျ်ားလေးနဲ့ အမျိုးသမီး နှစ်ယောက်အတူလာရင်တော့ မေးမြန်းရုံသာ စစ်ဆေးပြီး ပြန်လွှတ်ပေးတယ်လို့ စိုင်းနွမ်က ကိုယ်တိုင်ကြုံတွေ့ခဲ့တာကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရးကြောင့် စစ်ဘေးတိမ်းရှောင်သူများ

စိုင်းနွမ် နဲ့ စိုင်းလျန်းကတော့ ဆိုင်ကယ်တစ်စီးထဲမှာ ယောကျ်ားလေးနှစ်ယောက် အတူစီးလာတော့ တင်းတင်းကျပ်ကျပ် စစ်မေးခံရပြီး ဆိုင်ကယ်လဲ အသိမ်းခံလိုက်ရပါတယ်။ တရုတ်စကားလည်းတတ် တိုင်းရင်းသားလည်းဖြစ်တော့ ကိုးကန့်တပ်ရဲ့ တပ်သားစုဆောင်းဖို့ လူစုခွဲထားတဲ့အထဲ သွားထိုင်ဖို့ စေခိုင်းခံရတယ်။

“ဘယ်သူပဲ လာလာ တရုတ်စကားပြောတတ်ရင် ခေါ်ခံရတယ်။ ဘယ်သွားမလဲ၊ ဘာလူမျိုးလဲ မေးတယ်။ ဗမာတွေဆိုရင် မဖမ်းဘူး၊ ယောကျ်ားလေးနဲ့ မိန်းကလေး အတူလာရင်လည်း မဖမ်းဘူး။ ကျနော်တို့ ဖမ်းခံရတုန်းကဆို ယောကျ်ားလေးတွေ အယောက် ၁၀၀ ကျော်လောက် နေပူထဲမှာစုပြီး ထိုင်ခိုင်းထားတယ်။ တစ်နေကုန် ဘာမှမစားရဘူး။ ဘေးပတ်လည်မှာလည်း ကိုးကန့်စစ်သားတွေ အများကြီး ဝိုင်းထားတယ်” လို့ စိုင်းနွမ်က ရင်တထိတ်ထိတ် ဖြစ်ပျက်ခဲ့ပုံကို တုန်ရီတဲ့ လေသံတိုးတိုးလေးနဲ့ ပြောပါတယ်။

နေ့လယ် ၁၂ နာရီလောက်ကတည်းက ကိုးကန့်စစ်သားတွေ ဖမ်းထားတာကိုခံရတဲ့ စိုင်းနွမ်နဲ့ စိုင်းလျန်းတို့ဟာ ညနေ ၆ နာရီ ကားလာကြိုတဲ့အချိန်ထိ စိတ်ထဲမှာ ထိတ်လန့်နေခဲ့ရပါတယ်။ လာကြိုတဲ့ကားတွေပေါ်ကို ဖမ်းထားတဲ့လူ ၁၀၀ လောက်က အကုန်လုံး တက်လိုက်ပြီးတဲ့အချိန် ချင်းရွှေဟော်ဘက်ကို ဆက်မောင်းလာပါတယ်။

၁၀၂၇ စစ်ဆင်ရးကြောင့် စစ်ဘေးတိမ်းရှောင်သူများ

လမ်းတလျှောက်မှာ ကားပေါ်ပါလာသူတွေ အားလုံးကလည်း တိုင်းရင်းသားတွေကြီးပါပဲ။ နေပူထဲမှာ ထိုင်နေတုန်းက အခြားသူတွေ တီးတိုးပြောနေကြတဲ့ “စစ်သားလုပ်ဖို့ ခေါ်သွားမယ်”ဆိုတဲ့ စကားသံကလဲ စိုင်းနွမ်ရဲ့ နားထဲမှာ စွဲနေပြီး စိတ်ထဲက ဘယ်လိုမှ မထုတ်နိုင်ပါဘူး။

စိုင်းနွမ်တစ်ယောက် အဲ့လိုတွေးနေတုန်းမှာပဲ  ရုတ်တရက်ဆိုသလို ကားထိုးရပ်သွားလို့ အရှေ့ကိုကြည့်လိုက်တော့ ၁၂ ဘီးကားကြီးတွေ အဆင့်ဆင့် တန်းစီစောင့်ဆိုင်းနေတာ မြင်တွေ့လိုက်ရတယ်။

အဲ့ဒီလို မှောင်မှောင်မဲမဲ ညအချိန်မှာ စိုင်းနွမ်နဲ့ စိုင်းလျန်းတို့နှစ်ယောက်ဟာ ထွက်ပြေးရင် ကိုးကန့်စစ်သားတွေလက်က လွတ်လား၊ မလွတ်လား စဉ်းစားနေတုန်းမှာပဲ  ကားပေါ်ကလူတွေ တစ်ယောက်ပြီးတစ်ယောက် တိုးတိုးတိတ်တိတ် ခုန်ဆင်းနေကြပါတယ်။

“လမ်းတလျှောက်မှာ ကျနော်တို့ ခုန်ချဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကိုးကန့်စစ်သားတွေ အများကြီးရှိတော့ မခုန်ချရဲဘူး။ အဲ့ည ချင်းရွှေဟော်မြို့အဝင် လမ်းတစ်ဝက်မှာ ကားတွေပိတ်နေတာနဲ့ သူတို့လည်း ကားစက်ပိတ်ပြီး ထွက်သွားတော့ ကျနော်သူငယ်ချင်းနဲ့ ကားပေါ်ကနေ ခုန်ချလိုက်တာ”လို့ စိုင်းနွမ်တစ်ယောက်က  သဲထိတ်ရင်ဖို လုပ်ခဲ့ရတဲ့အကြောင်းကို အားတက်တရော ပြန်ပြောပြနေပါတယ်။

Photo – Credit ( ဝ ဒေသမှာ ရောက်ရှိနေတဲ့ စစ်ရှောင်များ)

“စိတ်ထဲမှာတော့ တွေးမိသေးတယ်။ တကယ်လို့ ကျနော်တို့သာ ခုန်ချပြီး ထွက်မပြေးနိုင်ရင်  သူတို့မိလို့ကတော့ ပစ်သတ်မှာပဲ။ အဲ့ကြောင့် ငါတို့ လွတ်ကိုလွတ်အောင် ပြေးရမယ်။ ဘာပဲဖြစ်ဖြစ် သေချင်သေ၊ ရှင်ချင်ရှင် ကံတရားပဲ ဆိုပြီးတော့ ခုန်ချလိုက်တာ”လို့ စိုင်းနွမ်နဲ့အတူ လိုက်ပါခုန်ချခဲ့တဲ့ စိုင်းလျန်းတစ်ယောက်က မျက်ဝန်းမှာ ဝမ်းနည်းမျက်ရည်စတွေနဲ့ ပြောလာပါတယ်။

ဒီလိုနဲ့ စိုင်းနွမ်နဲ့ စိုင်းလျန်းတို့နှစ်ယောက် ကားပေါ်ကနေ ခုန်ဆင်းပြီး  ပုန်းလျှိုးကွယ်လျှိုးနဲ့  မြန်မာစကားတွေပဲပြောတဲ့ နောက်ကားတစ်စီးပေါ်ကို တက်လိုက်လာကာ ချင်းရွှေဟော်မြို့ကို ရောက်လာကြတယ်။

ဒုတိယနေ့ မနက် ၆ နာရီလောက်မှာ ချင်းရွှေဟော်ကနေ နမ့်တစ်ဘက်ကိုဝင်ဖို့ သုံးဘီးဆိုင်ကယ်နဲ့ ထောင်ချီရှိတဲ့ စစ်ဘေးရှောင်တွေကြားထဲ တိုးဝင်လာခဲ့ရပြီး နမ့်တစ်ဂိတ်မှာ ကိုးကန့်စစ်သားတွေနဲ့ “ဝ”စစ်သားတွေရဲ့ စစ်ဆေးတာကိုလည်း ထပ်မံ ခံခဲ့ရသေးပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီကနေ စစ်ဘေးရှောင်တွေနဲ့ရောပြီး ကားထပ်စီးလာခဲ့ရာ နိုဝင်ဘာ ၂၈ ရက် ညနေ ၃ နာရီလောက်မှာ တန့်ယန်းကို ရောက်ခဲ့ပါတယ်။

“ကျနော်တို့ လမ်းမှာ မအိပ်ဘူး။ ကားက တစ်ညလုံး မောင်းနေတာ၊ နေ့လယ်လည်း ဆက်မောင်းနေတာပဲ။ ကားရပ်လည်း ၅ မိနစ် ၁၀ မိနစ် အဲ့လောက်ပဲရပ်တယ်။ လမ်းမှာလည်း ဘာမှမစားခဲ့ရဘူး”လို့ စိုင်းနွမ်တစ်ယောက် ခက်ခဲတဲ့ အိမ်ပြန်လမ်းခရီးကို စိတ်ပျက်အားငယ်စွာနဲ့ ပြောလာပါတယ်။

စိုင်းနွမ်တို့လိုပဲ လောက်ကိုင်မြို့ကနေ နိုဝင်ဘာလ ၂၄ ရက်က ထွက်လာတဲ့ မိုင်းစံ တစ်ယောက်လည်း တစ်ရက်တည်း အတူထွက်ခွာလာတဲ့ သူငယ်ချင်းအုပ်စုမှာ ၆ ယောက်က ချင်းရွှေဟော်မြို့မရောက်ခင် လမ်းတစ်ဝက်မှာ ဖမ်းဆီးခံလိုက်ရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ 

Photo – The Kokang

“လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ဆင်းလာတဲ့အချိန် ကိုးကန့်တပ်က သူတို့ကို ဖမ်းထားပြီး

သူတို့ မှတ်ပုံတင် ကိုလည်း မီးရှို့လိုက်တယ်။ ပြီးတော့ ဝတ်လာတဲ့ အဝတ်အစားတွေ ချွတ်ခိုင်းပြီးတော့ သူတို့ ကိုးကန့်စစ်ဝတ်စုံကို ချက်ချင်းဝတ်ခိုင်းတာ။ ချင်းရွှေဟော် စခန်းကုန်းမှာ ဖမ်းထားတာ”လို့ မိုင်းစံက အသံသိမ်ငယ်စွာနဲ့ ပြောလာပါတယ်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးသွားတဲ့ မိုင်းစံရဲ့ သူငယ်ချင်း ၆  ယောက်ဟာ အသက် ၁၉ နှစ်မှ ၃၀ နှစ်အကြား လူငယ်များဖြစ်ပြီး လားရှိုးမြို့နေ စိုင်းလျန်းဟန်၊ စိုင်းအိုက်နော်၊ စိုင်းအိုက်လောဝ်၊ မောင်ညီကားတို့ ၄ ယောက်နဲ့ ကချင်ပြည်နယ် မံစီမြို့နယ်က စိုင်းအောင်လှိုင်းနဲ့ စိုင်းလှိုင်းတို့ ဖြစ်ကြပါတယ်။

ဖမ်းဆီးခံရတဲ့ အချိန်ကစပြီး အခုချိန်ထိ သူတို့တွေဟာ ဘယ်မှာရှိနေသလဲဆိုတာ ထပ်မသိရတော့ဘဲ မိသားစုဝင်တွေကတော့ ကိုးကန့်တပ်ဖွဲ့ဖမ်းထားတဲ့ သူတို့သားတွေကို ပြန်လွတ်ပေးဖို့ တောင်းဆိုနေတယ်လို့ မိုင်းစံက တဆင့်ပြန်ပြောပါတယ်။

“သူတို့ အချင်းချင်းတိုက်တာ ကိစ္စမရှိဘူး။ ဘာမှမဆိုင်တဲ့ ပြည်သူလူထုတွေကို ဆွဲထည့်တာ။ ဒီလောက်ကိုင်မြို့ထဲ တိုးဝင်နိုင်ဖို့ ဒါကလူတွေကို ဓားစာခံလုပ်တဲ့ သဘောမျိုးပဲ။ အမှန်တကယ်က ကိုယ့်စရိတ်နဲ့ကိုယ် ပြန်တဲ့လူတွေ တစ်ပုံကြီးပဲ။ ဒုက္ခသည်ဆိုတာ အဲ့လောက်ထိ မရှိဘူး။ သူတို့လုပ်လိုက်မှဘဲ ပြည်သူတွေက ပိုဒုက္ခရောက်တယ်” လို့ မိုင်းစံက ပြောပါတယ်။

Photo- Credit * လောက်ကိုင်မြို့မှ ထွက်ခွာသည့် စစ်ဘေးတိမ်းရှောင်သူများ)

ကိုးကန့်တပ်ဖွဲ့ကတော့ နိုဝင်ဘာလ ၁၉ ရက်မှာ လောက်ကိုင်မြို့က လူထုကို မြို့ကထွက်ခွာဖို့ ထပ်မံအသိပေး ထုတ်ပြန်ပြီးတဲ့နောက် အစိမ်းရောင်လမ်းကြောင်း ဖွင့်ပေးတယ်ဆိုပြီး စစ်ဘေးရှောင်ဦးရေ ၃ သောင်းကျော်ကို ပါစင်ကျော်ကျေးရွာကတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း “ဝ”ဒေသကို ပို့ဆောင်ပေးတယ်လို့ ကိုးကန့်မီဒီယာက နိုဝင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အစိမ်းရောင်လမ်း‌ကြောင်းနဲ့ စစ်ဘေးရှောင်တွေအတွက် ကိုးကန့်တပ်ဖွဲ့က လမ်းဖွင့်ပေးတယ် ဆိုပေမယ့် လမ်းခရီးတစ်လျှောက်မှာ တိုင်းရင်းသားတွေနဲ့ တရုတ်စကား ပြောတတ်သူတွေအကြား ခွဲခြားဆက်ဆံမှုတွေ ကြုံခဲ့ရကြောင်းကိုလည်း လောက်ကိုင်မြို့က နေရပ်ပြန်လာတဲ့ မိုင်းအိုက်တားက အခုလိုပြောပါတယ်။

“ဖုန်းသိမ်း၊ ဆိုင်ကယ်သိမ်းတဲ့ ကိစ္စတွေမှာ သူတို့ ကိုးကန့်လူမျိုး၊ တရုတ်လူမျိုးတွေကျရင် အကုန်လုံးပြန်ပေးတယ်။ ကျနော်တို့ ပလောင်၊ သျှမ်း၊ ဗမာ၊ ဒီတိုင်းရင်းသား တော်တော်များများကျရင် ဘာတစ်ခုမှကို ပြန်မပေးတာ။ ခွဲခြားတယ်၊ ကျနော်မေးချင်တာ သူတို့ဘာကြောင့်လူမျိုးရေး ခွဲခြားတာလဲ”လို့ အိမ်ပြန်ခရီးမှာ ကိုးကန့်တပ်ရဲ့ စစ်ဘေးရှောင်တွေအပေါ် ဆက်ဆံပြုမူပုံကို ပြောလာပါတယ်။

အခြားတစ်ဘက်မှာတော့ ကိုးကန့်တပ်ဖွဲ့ MNDAA က အထူးဒေသ (၁) အဖြစ် သတ်မှတ်ထားတဲ့ ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နဲ့ မုံးကိုးခရိုင်တွေမှာ နေထိုင်တဲ့ မည်သူမဆို အမျိုးသမီး၊ အမျိုးသား စသဖြင့် လူမျိုးဘာသာ မခွဲခြားဘဲ အသက် ၁၆ နှစ်မှစပြီး တပ်သားအဖြစ် စုဆောင်းဖို့ ရှိတယ်ဆိုပြီးတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက ပြောကြားထားပါတယ်။

လောက်ကိုင်

ဒါပေမယ့် ကိုးကန့်တပ်ဖွဲ့ရဲ့ တပ်သားသစ် စုဆောင်ရေး မူဝါဒအတိုင်း လုပ်ဆောင်နေတယ်လို့ ပြောဆိုသော်ငြားလည်း အထူးဒေသ(၁)မှာ နေထိုင်သူမဟုတ်တဲ့ လားရှိုး၊ သိန္နီ၊ နမ့်ဆန် စတဲ့မြို့နယ်က လူငယ်တွေနဲ့ လောက်ကိုင်မြို့ကနေ ပြန်လာတဲ့လူငယ်တွေပါ ဖမ်းဆီးခံနေရတာက သံသယဖြစ်ဖွယ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

“ဒါကတော့ ကျနော်တို့ရဲ့ တပ်သားသစ် စုဆောင်းရေး မူဝါဒအတိုင်း လုပ်ဆောင်နေတယ်။ မူဝါဒကတော့ အထူးဒေသ(၁) အတွင်းမှာ မှီတင်းနေထိုင်တဲ့ ၁၆ နှစ်ပြည့် လူငယ်တွေ စစ်မှုထမ်း တာဝန်ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်” လို့  ဒီဇင်ဘာလ ၁ ရက်က သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

အထူး‌ဒေသ ၁ အတွင်းမှာ နေထိုင်ပြီး ကိုးကန့်တပ်ဖွဲ့ရဲ့ တပ်သားစုဆောင်းခြင်းကို ခံရတဲ့ အမျိုးသမီးတွေကို ရုံးပိုင်းဆိုင်ရာ တာဝန်အဖြစ် သော်လည်းကောင်း၊ အမျိုးသားတွေကို စစ်မှုထမ်းအဖြစ်လည်းကောင်း တာဝန်ပေးအပ်မယ်လို့ လီကျားဝင်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကလည်း သိန္နီမြို့နယ် နမ့်စလပ်နဲ့ စယ်အူကျေးရွာအုပ်စုက လူငယ် ၂၀ ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ရွာသူကြီးတွေကို အစည်းအဝေး ခေါ်ပြောခဲ့သလို မူဆယ်မြို့နယ် မုံးကိုးမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုက ကိုရင်တွေကို စစ်ဘေးလွတ်ရာ ကယ်ထုတ်ပေးမည်ဆိုပြီး အဲ့ထဲက  အသက်မပြည့်သေးတဲ့ ကိုရင် ၁ ပါး အပါအဝင် ကိုရင် ၄ ပါးကို ပြန်မလွတ်ပေးဘဲ စစ်မှုထမ်းဖို့ ကိုးကန့်တပ်ဖွဲ့က လူဝတ်လဲခိုင်းလိုက်ပါတယ်။

ပန်ဆိုင်း

ဒါ့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတယ်လို့ ကြေညာထားတဲ့ ပန်ဆိုင်း(ကြူကုတ်)မြို့မှာလည်း သန်းခေါင်စာရင်း ကောက်ယူနေပြီး အသက် ၁၅ နှစ်အထက် အမျိုးသားများတင်မကဘဲ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ဒီဇင်ဘာ ၄ ရက်က လာရောက်ခေါ်ဆောင်နေပါတယ်။

“သားယောကျ်ား ၂ ယောက်ရှိတယ်ဆိုရင် တစ်ယောက် တာဝန်ထမ်းရပါမယ်။ နောက်တစ်ခု သားမရှိဘူးဆိုရင် မိန်းကလေးရှိတယ်ဆိုရင် နှစ်ယောက်သုံးယောက်ရှိရင် ၁ ယောက်ယူမယ်။ ငါးယောက်ရှိတယ်ဆိုရင် ၂ ယောက်ထမ်းဆောင်ရမယ်။ အသက်ကတော့ ၁၅ နှစ်အထက်ပေါ့၊ ကလေးတွေကို မလုပ်စေချင်ရင် ကိုယ်တိုင်လုပ်မယ်ဆိုလဲ ရတယ်”လို့ ကိုးကန့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပန်ဆိုင်းမြို့ ဘုန်းကြီးကျောင်းမှာ ဒေသခံတွေကို လာပြောသွားပါတယ်။

ကိုးကန့်တပ်ဖွဲ့က သျှမ်းမြောက်‌‌ဒေသတင်မက မြန်မာတစ်ပြည်လုံး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေတာကြောင့် အဖွဲ့အစည်းရဲ့ အင်အားတိုးချဲ့ရေး မူဝါဒအရ အခုလို တပ်သားသစ်စုဆောင်းရေး လုပ်ဆောင်နေတာဟာ သဘာဝကျတဲ့ ကိစ္စဖြစ်တယ်လို့ နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခုလိုပြောပါတယ်။

“စစ်ကောင်စီလိုမျိုး နိုင်ငံတော်တာဝန်ကို ယူထားတဲ့ အဖွဲ့အစည်းမှာတောင် အခုက စစ်သား မလုံလောက်တဲ့ ပြဿနာပေါ်နေတဲ့အတွက် စစ်သားဟောင်းတွေ တပ်ထဲပြန်ဝင်ဖို့ လှုံ့ဆော်စုဆောင်းနေတဲ့ ကာလမှာ ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့လည်း နွေဦးတော်လှန်ရေးမှာ တိုက်ပွဲပါဝင်ဖို့အတွက် သူလွှမ်းမိုးတဲ့ ဒေသအတွင်းမှာ စစ်သားစုဆောင်းတာ သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆပါတယ်”လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

Photo – Credit ( MNDAA တပ်ဖွဲ့မှ နေရပ်ပြန်မယ့် ပြည်သူတွေရဲ့ ဖုန်းကို သိမ်းဆည်းထား)

စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူပြီးနောက်ပိုင်း စစ်မျက်နှာ ကျယ်ပြန့်လာပြီး တိုင်းရင်းသား လက်နက်ကိုင်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို မနိုင်မနှင်း ခုခံနေရတဲ့အတွက် စစ်မှုထမ်းဟောင်းနှင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကိုပါ ခေါ်ယူသိမ်းသွင်းနေပြီး စစ်သားတွေရဲ့ အမျိုးသမီးတွေကိုလည်း နောက်ချန်ကင်းအနေဖြင့် စစ်ရေးလေ့ကျင့်ပေးနေတာတွေ ရှိနေပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း သျှမ်းမြောက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်များမှ တပ်ရင်းလိုက် လက်နက်ချအညံ့ခံခြင်းများ ရှိလာပြီး တိုက်ပွဲအတွင်း အင်အားပြုန်းတီးမှုကို ပြန်လည်ဖြည့်ဆီးရန်အတွက် ဒီဇင်ဘာ ၇ ရက် အမျိုးသားနေ့မှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်နဲ့ အကျဉ်းစခန်း အသီးသီးက ပြစ်ဒဏ်ကျခံနေရတဲ့ ခွင့်မဲ့စစ်ပြေးတွေကို လွတ်ငြိမ်းခွင့်ပေးကာ ရာထူးတစ်ဆင့်တိုးနဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေပါတယ်။

လက်ရှိ သျှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ “ ၁၀၂၇ စစ်ဆင်ရေး”ဟာ ရက်ရှည် ကြာလာတာနဲ့အမျှ နှစ်ဘက်ထိတွေ့တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ထိခိုက်ကျဆုံးမှု အများအပြား ရှိလာချိန်မှာ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်တွေ နည်းလမ်းမျိုးစုံသုံးပြီး တပ်သားသစ်စုဆောင်းမှုကို အပြိုင်အဆိုင် ပြုလုပ်နေကြတာပါ။

စစ်ရေးပဋိပက္ခအတွင်းမှာ ပါဝင်ကြတဲ့ နှစ်ဘက်လက်နက်ကိုင် တပ်ဖွဲ့အားလုံးက ပြည်သူလူထုကို ခြိမ်းခြောက်ခိုင်းစေတာ၊ အတင်းအဓမ္မ ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားတံတိုင်းလို အသုံးပြုတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာ၊ စစ်ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL)ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း သျှမ်းလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက နိုဝင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပြီး မီးကုန်ယမ်းကုန် တိုက်တော့မှာလား

စစ်ကောင်စီတပ်ဟာ သျှမ်းမြောက်မှာ အခြေစိုက်တဲ့ တပ်စခန်း ၃၀၀ နီးပါးနဲ့ ပန်ဆိုင်း(ကြူကုတ်)၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ သိန္နီ၊ နမ့်ဆန်၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်မြို့တွေကို စစ်ဆင်ရေးနှစ်လနီးပါးအတွင်း ညီနောင်မဟာမိတ်တပ်တွေဆီ လက်လွှတ်ဆုံးရှုံးထားရပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ရာ ကိုးကန့်ဒေသမှာဆိုရင် စစ်ဆင်ရေး ဦးတည်ချက်တစ်ခုဖြစ်တဲ့ လောက်ကိုင်မြို့ကို ညီနောင်မဟာမိတ်တွေက သိမ်းယူဖို့ပဲ ကျန်ပါတော့တယ်။

လက်ရှိအချိန်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေပြီး လားရှိုး၊ မူဆယ်နဲ့ လောက်ကိုင်မြို့တွေကလည်း ညီနောင်မဟာမိတ်တပ်တွေရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံနေရတာကြောင့် စစ်ကောင်စီတပ်ကတော့ ရှုံးမဲ မဲနေကာ လေကြောင်းအားကိုး တစ်ခုတည်းနဲ့သာ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဒီလိုအရေးနိမ့်နေချိန်မှာပဲ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံကို မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိအောင် ထောက်ခံကူညီပေးဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီဇင်ဘာလ ဒုတိယပတ်က စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြုလုပ်ခဲ့တဲ့ အဲ့ဒီတွေ့ဆုံပွဲကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ အတွင်းရေးမှူးနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA ၊ TNLA ၊ AA) က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ခဲ့ပြီး အတည်မပြုနိုင်တဲ့ သတင်းတွေအရ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးမှုနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက အသေးစိတ် ပြောဆိုထားခြင်း မရှိသေးပေ။ အဲ့ဒီလို စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တို့အကြား တွေ့ဆုံဆွေးနွေးမှုအပြီးမှာပဲ မြန်မာ-တရုတ်နယ်စပ်ဖြစ်တဲ့ နမ့်ခမ်းနဲ့ မူဆယ်မြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားမှု မလျော့သွားတဲ့အပြင် လက်ရှိမှာ နမ့်ဆန်နဲ့နမ့်ခမ်းမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်တဲ့အထိ မြို့သိမ်းတိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

“စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တခုပြီး တခုခံစားခဲ့ကြရသော မြန်မာပြည်သူ လူထုတရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေး ရည်မှန်းချက်များကို မိမိတို့အနေဖြင့် မည့်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ်သည့်အပြင် နောက်လှည့်သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်ပါသည်”လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံညှိနှိုင်ရေး မစိုးရိမ်ကြဖို့ ဒီဇင်ဘာလ ၁၁ ရက်မှာ ပြည်သူတွေထံ အသိပေးခဲ့ပါတယ်။

အခြားတစ်ဖက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံသံတမန်တွေနဲ့ ဒီဇင်ဘာလ ၁၅ ရက်က တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံမြောက်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေက ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ မစ္စတာ ဝမ်ယိက ပြောဆိုကြောင်း  CGTN သတင်းဌာနကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆိုခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုတာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဆွေးနွေးမှုရလဒ်အဖြစ် လောက်ကိုင်မြို့မှာ ကျန်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနဲ့တပ်သားတွေ နောက်ဆုံးထွက်ခွာနိုင်ဖို့ ၂၀၂၃ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်မယ့် သဘောတူညီချက် ဖြစ်နိုင်မည့်အလား ရှင်းရှင်းလင်းလင်း မသိရှိရပေ။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လနီးပါးကာလအတွင်း သျှမ်းမြောက်က မြို့နယ် ၁၆ ခုမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၁၂၀,၀၀၀ နီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၈ ရက်မှာ ကြေညာထားပေမယ့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ နေ့စဉ်နှင့်အမျှ ဆက်ပြီးရှိနေတာကြောင့် တချို့စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက် မြင့်တက်လာနေပါတယ်။

၂၀၂၃ အောက်တိုဘာလ နှောင်းပိုင်းကစပြီး တိုက်ပွဲနဲ့ ဆက်စပ်ဖြစ်ရပ်တွေကြောင့် သျှမ်းမြောက်က စစ်ဆင်ရေးဖြစ်ပွားရာ မြို့နယ်အများအပြားမှာ အရပ်သား ၁၃၀ ဦး သေဆုံးပြီး ၂၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၄၃၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

Photo – Credit ( လားရှိုးစစ်ရှောင်စခန်း)

“အခုချိန်မှာ ပျက်စီးသွားတဲ့အိမ်ကို ဘယ်လိုပြန်ဆောက်မယ်ဆိုတာ မစဉ်းစားအားသေးဘူး။ အသက်ဘေးလွတ်အောင် ဘယ်နေရာ ပြေးရမလဲပဲ အရင်စဉ်းစားနေရတာ”လို့ သိန္နီမြို့ တိုက်ပွဲကြားမှာ နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ရှင်မတစ်ဦးက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

အကယ်၍ ဒီစစ်ဆင်ရေးကြီးသာ တိုက်ပွဲကာလ ရှည်ကြာလာမယ်ဆိုရင် ပြည်သူတွေက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုအကြား အန္တရာယ်စက်ကွင်းထဲမှာ ရှင်သန်ရတဲ့ ဘဝနေထိုင်မှုမျိုး ဖြစ်လာမှာ  ဧကန်မလွဲပါပဲ။

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ နိုင်ငံရေးအရ မရိုးဖြောင့်မှုတွေနဲ့အတူ မပြီးဆုံးနိုင်တဲ့ တော်လှန်ရေးခေါင်းစဉ်အောက်က အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ ရှိနေသေးသ၍ ပြည်သူတွေက မိအေးနှစ်ခါနာ ဆိုသလို ခိုကိုးရာမရှိ အကာအကွယ်မရှိ ဆက်ဖြစ်နေဦးမှာပါ။

စိုင်းဟန်လင်း နှင့် စိုင်းခွမ်မိန်း ပူးပေါင်းရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article