“လားရှိုးစစ်ရှောင်များ လူထုအကူအညီနဲ့သာ ရပ်တည်နေရ”

လားရှိုးမြို့နယ်သည် “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ပြီး ဒေသခံများ ထောင်နှင့်ချီ၍ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မြို့နယ်တစ်ခုဖြစ်သည်။ စစ်ဆင်ရေးစတင်စဉ်က လားရှိုးမြို့နယ်သည် ချင်းရွှေဟော်နှင့် သိန္နီမြို့ကဲ့သို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ဘေးရှောင် ၈၀၀၀ ကျော်သည် လားရှိုးမြို့တွင်းနှင့် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းများသို့ တိမ်းရှောင်ခိုလှုံနေကြရသည်။

လားရှိုးစစ်ဘေးရှောင်

ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုအရ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က လားရှိုးမြို့သို့ နေ့ချင်းပြန်လာရောက်ခဲ့ပြီး သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းရှိ စစ်ဘေးရှောင်များကို လာရောက်ကြည့်ရှုခဲ့သည်။

လားရှိုးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် မြို့ပေါ်ရှိ စစ်ရှောင်စခန်း အများစု ပိတ်သိမ်းရပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းသာ စုစည်းထားရှိရန် ညွှန်ကြားထားသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

လက်ရှိတွင် လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေသော်လည်း လားရှိုးမြို့သည် ညီနောင်မဟာမိတ်တပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံရကာ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံထားရခြင်းကြောင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေသည့် အခြေအနေကို စစ်ဘေးရှောင်ကူညီသူတစ်ဦးနှင့် သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားသည်။

လားရှိုးစစ်ဘေးရှောင်

မေး။ ။ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် အခု လားရှိုးမြို့မှာ စစ်ဘေးရှောင်စခန်းနဲ့ စစ်ဘေးရှောင်ဦးရေက ဘယ်လောက်အထိ ရှိနေလဲ။

ဖြေ။ ။ အခု လားရှိုးမြို့နယ်အနေနဲ့ စစ်ဘေးရှောင်ဦးရေက ၆ ထောင်တော့ မလျော့ဘူးပေါ့ အားလုံးပေါင်းလိုက်ရင်။ အစပိုင်းတုန်းကတော့ စစ်ရှောင်စခန်းက ၂၇ နေရာရှိတယ်။ ဆွေမျိုးအိမ်တွေမှာ မှီခိုနေတာကျတော့ လူဦးရေ ၈၀၀ လောက် ထပ်ရှိဦးမယ်။ ပိတ်သိမ်းနေရတဲ့ စစ်ရှောင်စခန်းတွေလဲ ရှိလာတယ်ဆိုတော့ အခုက ၁၀ နေရာ မရှိတော့ဘူး ကျန်တာ။ တချို့လဲ အိမ်ပြန်ကြတာပေါ့၊ မပြန်နိုင်တဲ့လူတွေလဲ စစ်ရှောင်စခန်းမှာ ဆက်နေတုန်းပဲ။

မေး။ ။ စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်က အရေအတွက်အားဖြင့် ဘယ်လောက်အချိုးအစားထိ ရှိနေလဲ။

လားရှိုးစစ်ရှောင်ကလေး

ဖြေ။ ။ အသေးစိတ် ကောက်ယူထားတာမျိုးတော့ မရှိဘူး။ ကျတော်တို့ လုပ်နိုင်တာက လူဦးရေဘယ်လောက်ရှိလဲ၊ ရှိတဲ့လူဦးရေအပေါ်မှာ စားနပ်ရိက္ခာ ဘယ်လိုဖြည့်ဆည်းပေးရမလဲပေါ့ အဲ့လိုပဲ လုပ်ပေးနိုင်တာ။ အသေးစိတ်ကတော့ သက်ဆိုင်ရာ စစ်ရှောင်စခန်း ကော်မတီတွေက စီစဉ်တာပေါ့။ အများအားဖြင့် ခရစ်ယာန်ဘုရားကျောင်းတွေဆိုရင် ကောင်းကောင်း စီမံနိုင်ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာတော့ ကျား/မ ပြီးတော့ ကလေး ဒီစာရင်းတွေလဲ သေချာလေး မပြုစုနိုင်ဘူး ပြောရမှာပေါ့။

ကျနော်တို့ကတော့ စစ်ရှောင်ဦးရေ ဘယ်နှဦးရှိလဲ၊ ဘယ်လောက်ပြန်သွားပြီလဲ ဘယ်နှယောက်ကျန်လဲ သူတို့အတွက် စားဝတ်နေရေးကိုပဲ စဉ်းစားပေးနိုင်သေးတယ်။ စစ်ရှောင်စခန်းတွေမှာက အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေက အများဆုံးပေါ့။ ကလေးနဲ့ မိခင်တွေလဲ ရှိတယ်။ အသက် ၁၈ နှစ် – ၃၀ နှစ်ကြား လူငယ်တွေကတော့ တခြားနေရာမှာ အလုပ်သွားလုပ်ကြတော့ ဒီမှာမရှိကြဘူး။

မေး။ ။ အခုက စစ်ဘေးရှောင်စခန်းတွေကို တိမ်းရှောင်လာရတာ တစ်လကျော်ကြာပြီဆိုတော့ အခက်အခဲ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ လက်ရှိ လားရှိုးမြို့အနေအထားနဲ့ဆိုရင် မြို့ကြီးဆိုတော့ အခြားနေရာတွေထက် အသက်ရှုချောင်တယ်လို့တော့ ပြောရမှာပေါ့။ ဒါပေမယ့် တခါတလေ ရိက္ခာမသယ်နိုင်တာတို့၊ မပို့ပေးနိုင်တာမျိုးတွေလဲ ရှိတယ်။ အဲ့ဒီနေရာတွေကလည်း အခု စစ်ရှောင်စခန်း ပိတ်သိမ်းသွားပြီဆိုတော့ လူသိပ်မကျန်တော့ဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ရိက္ခာခြောက်တွေပေါ့ ဥပမာ-ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ ဒီလိုဟာတွေကို မြို့ပြင်ကို သယ်လို့မရတာ သွားလို့မရတာ ရှိတယ်။ နောက်ပြီး ဓာတ်ဆီ၊ ဒီဇယ်တွေလဲ ပြတ်တော့ သွားလာရ ခက်တာမျိုးဖြစ်တယ်။ အခြေအနေကတော့ အမျိုးမျိုး ပြောင်းလဲနေတာပဲ။

မေး။ ။ စစ်ဘေးရှောင်စခန်းတွေကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကနေ အကူအညီ လက်ခံရရှိတဲ့ အခြေအနေကော ပြောပြပေးနိုင်မလား။

ဖြေ။ ။ အများအားဖြင့်တော့ ပြည်တွင်းထဲက အလှူရှင်တွေဆီကနေ အကူအညီရတာ။ NGO အဖွဲ့တွေကနေ လာကူပေးတာတွေလဲ ရှိတယ်။ ဒါပေမယ့် နေရာတိုင်းတော့ မရောက်နိုင်ဘူးပေါ့။ NGO အဖွဲ့တွေအနေနဲ့ကလည်း အခြေအနေမကောင်းရင် သူတို့လဲ မရောက်နိုင်ကြဘူး။ အခု ကူညီထောက်ပံ့ပေးနေတာတွေဆိုရင် သျှမ်းအသိုင်းအဝိုင်းက ပိုများမယ်။ နိုင်ငံခြားရောက် အမျိုးတွေလည်း ကူညီလာတာတွေရှိတယ်။

မေး။ ။ ဒီလို ရရှိလာတဲ့ အကူအညီတွေကို ဘယ်လိုစီမံခန့်ခွဲပြီး စစ်ဘေးရှောင်တွေကို ဖြန့်ဝေပေးလဲခင်ဗျ။

ဖြေ။ ။ အကူအညီတွေကို ကြားခံအနေနဲ့ လက်ခံပြီးတော့ အခြားစစ်ရှောင်စခန်းတွေကို ဖြန့်ဝေပေးတာဆိုရင် လားရှိုးမှာ ကျနော်တို့အဖွဲ့ပဲ ရှိမယ်ထင်တယ်။ အခြားမြို့မှာတော့ မသိရဘူး၊ အချက်အလက်တွေ မသိရတာပေါ့။ လားရှိုးမှာတော့ ကျနော်တို့က “ဂရုဏာအင်အားစု – ႁူမ်ႈႁႅင်းၵရုၼႃႇ”ဆိုပြီးတော့မှ လတ်တလော အခြေအနေအရ ဖွဲ့ထားတာဖြစ်ပြီးတော့ စစ်ဘေးရှောင်တွေအတွက် ကြားထဲကနေ အကူအညီနဲ့ အလှူငွေတွေ လက်ခံပေးတာပေါ့။

အကယ်၍ စစ်ဘေးရှောင်တွေ မရှိတော့ဘူးဆိုရင်လည်း ဒီအဖွဲ့က အလိုလို ပြန်ပြီးတော့ ပျောက်ကွယ်သွားမှာ ရပ်တန့်သွားမှာပေါ့။ ဒီအဖွဲ့ကတော့ အကူအညီတွေကို တဆင့်ခံ ပြန်ပြီးတော့ ဖြန့်ဝေပေးတာမျိုးပေါ့၊ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အဆင်ပြေဖို့ရယ် သူတို့ဆီ အကူအညီတွေ ရောက်ဖို့အတွက်ပဲ ကြားထဲက လုပ်ဆောင်ပေးတာမျိုးပါပဲ။ ကူညီချင်တဲ့သူနဲ့ အခက်အခဲ ဒုက္ခရောက်နေသူတွေအကြားမှာ ပေါင်းကူးပေးတာမျိုး လုပ်ပေးခြင်းပါ၊ ပရဟိတ သဘောမျိုးပေါ့။

အခြားသော စစ်ဘေးရှောင်စခန်းတွေကတော့ ကိုယ့်ဘာသာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အလှူငွေရှာရတယ်။ စားနပ်ရိက္ခာအတွက် ရှာရတာမျိုးတွေ ရှိတာပေါ့။ တချို့စစ်ရှောင်စခန်းတွေက နာမည်မထွက်တော့ ကူညီပေးတဲ့သူ မရှိဘူး၊ ကူတဲ့လူမရှိတော့ အခက်အခဲဖြစ်တယ်။ ဒါကြောင့်မလို့ ကျတော်တို့က ကြားထဲကနေ အလှူငွေနဲ့ အကူအညီတွေ လက်ခံပေးပြီး လိုအပ်တဲ့နေရာ ရောက်အောင်လို့ ပို့ဆောင်ပေးတာမျိုး ရှိတာပေါ့။

မေး။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ကစပြီး လောက်ကိုင်ကနေ လားရှိုးကို ရောက်လာကြတဲ့သူတွေ ရှိတယ်၊ သူတို့ကို ကူညီပေးရလား။

ဖြေ။ ။ လောက်ကိုင်ကနေ ပြန်လာတဲ့သူတွေကိုတော့ ထမင်းထုပ်၊ ဟင်းထုပ် အစာရေစာ ဝေငှပေးတာမျိုးပဲ ကူညီပေးနိုင်ခဲ့တယ်။ သူတို့က ရိက္ခာပြတ်လို့ ခရီးတစ်ထောက် နားကြတဲ့လူတွေလို့ပဲ ပြောရမှာပေါ့၊ အကုန်ပြန်ကြပါပြီ။

မေး။ ။ စစ်ရှောင်စခန်းတွေမှာ ရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို စိတ်ခွန်အားပေးဖို့ လုပ်ဆောင်နေတာလည်း တွေ့ရတယ်ပေါ့။ အဲ့ဒီအကြောင်းလေး ပြောပြနိုင်မလား။

ဖြေ။ ။ ကျနော်တို့ အားလုံးသိကြတဲ့အတိုင်းပေါ့၊ စိတ်ဓာတ်ကျရင် ကိုယ့်အတွက်က အန္တရာယ်အရှိဆုံးအချိန် ဆိုတော့လေ။ သူတို့တွေကလည်း အလုပ်မလုပ်နိုင်ဘဲနဲ့ ဒီလိုမျိုး တိမ်းရှောင်ထွက်ပြေးနေရတာမျိုးဖြစ်တော့ တစ်နေ့ပြီးတစ်နေ့ ကြာလာတော့ စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်လာတယ်။ တချို့ဆိုရင် ကိုယ့်ရဲ့ ဇာတိမွေးရပ်မြေကို စွန့်ခွာသွားချင်တဲ့လူတွေလည်း ရှိလာတယ်။

ဒါကြောင့် ကျနော်တို့လည်း စစ်ဘေးရှောင်တွေ စိတ်ဓာတ်ကျနေတဲ့တာက သူတို့ဘဝ သူတို့အနာဂတ်အတွက် အန္တရာယ်ရှိနိုင်တယ်။ ငါတို့ ဘယ်လိုမျိုး စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရမလဲ ဆိုပြီးတော့ စဉ်းစားမိတာပေါ့။ သူတို့အတွက် စိတ်ဓာတ်ခွန်အားပေးဖို့ လုပ်တာကတော့ ကလေးတွေကို အဓိက ဦးစားပေးပြီး ဂိမ်းဆော့ပေးတာတို့၊ သီချင်းဆိုတာမျိုး လုပ်ပေးတယ်။ အမျိုးသမီးနဲ့ လူကြီးတွေအတွက်ဆိုရင်တော့ ဆရာတော် သံဃာတော်တွေကို ပင့်ဖိတ်ပြီး စိတ်ဓာတ်ခွန်အားပေးစကား ပြောတာမျိုးတွေ လုပ်တယ်။

မေး။ ။ အခုအခြေအနေမှာ စစ်ရေးအရ လားရှိုးမြို့ကလည်း ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ အနေအထားမျိုး တွေ့နေရတယ်။ ဒီအပေါ်မှာကော စစ်ဘေးရှောင်တွေအတွက် ဘယ်လိုစိုးရိမ်မှုမျိုး ဖြစ်လဲ။

ဖြေ။ ။ ဒီကိစ္စကတော့ ကျနော်တို့လည်း စဉ်းစားမိတာ ရှိတယ်ပေါ့နော်။ ရေရှည်အတွက် စိတ်ပူတာဆိုရင် စားနပ်ရိက္ခာတွေ က ပြတ်တောက်သွားနိုင်တယ်။ အခုလည်း ကူညီ‌ထောက်ပံ့ပေးနေတဲ့သူတွေလည်း တဖြည်းဖြည်း နည်းလာတာ တွေ့ရတယ်။ အရင်လို အများကြီး မရှိတော့ဘူး။ အချင်းချင်းတောင် သတိပေးရတာတွေ ရှိလာတယ်။ အခြေအနေအရ ဘယ်အထိ ရောက်မယ် ဆိုတာ မခန့်မှန်းနိုင်တော့ အသုံးစရိတ်တွေ စိစစ်ကြဖို့ ပြောကြရတာမျိုးတွေ ဖြစ်လာတယ်။ လမ်းကြောတွေလဲ ပြတ်တောက်နေတော့ စားနပ်ရိက္ခာအတွက် အလျင်မမှီ ဖြစ်မှာလည်း စိုးရိမ်ရတာမျိုး ရှိတာပေါ့။

မေး။ ။ ကုလသမဂ္ဂ UN ကနေပြီးတော့ သျှမ်းမြောက် စစ်ဘေးရှောင်တွေအတွက် ဒေါ်လာ ၁ သန်း အသုံးပြုမယ်လို့ ကြေငြာထားတဲ့ကိစ္စမှာ လားရှိုးမြို့နယ်အနေနဲ့ ကြားသိရတာမျိုး ရှိလား။

ဖြေ။ ။ ကျနော်အမြင်အရဆိုရင် သူတို့ကူပေးမယ်ဆိုတာက ကိုယ့်အချင်းချင်း ပြန်ကူညီတာနဲ့ ဘယ်လိုမှ မတူနိုင်ဘူး။ ကုလသမဂ္ဂလို အဖွဲ့အစည်းရဲ့ အကူအညီက အောက်ခြေပြည်သူဆီကို ရောက်နိုင်ဖို့ဆိုတာ အဆင့်ပေါင်း မြောက်များစွာ ကျော်ဖြတ်ပြီးမှ ရောက်လာတာမျိုးဆိုတော့။ နောက်ပြီး အဲ့ဒီအကူအညီတွေကို သွားပြီးတော့ လက်ခံယူလာပေးမယ့် အဖွဲ့အစည်းဆိုတာကလည်း သူတို့အလုပ်ကို လုပ်ပေးနေတဲ့ အဖွဲ့မျိုးက ယူလာပေးမှပဲ ရနိုင်မှာလေ ဒါကတော့ ကျနော်အမြင်ပေါ့နော်။

အဲ့ဒီလို ကူညီပေးမယ်ဆိုတာ ကြားရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒါပေမယ့် သူတို့ဆီကနေ အများကြီးတော့ မမျှော်လင့်ရဲဘူး ဆိုတာမျိုး ရှိတာပေါ့။ NGO ၊ INGO အဖွဲ့တွေကနေ လာပြီးတော့ ကူညီထောက်ပံ့ပေးတာမျိုးတော့ ရှိတယ်၊ အခုပြောတဲ့ ဒေါ်လာ ၁ သန်း ခေါင်းစဉ်အောက်ကနေ လာကူပေးတာမျိုးတော့ မဟုတ်သေးဘူး။ ကျနော်တို့အနေနဲ့လည်း ဒီဟာကြီးကို စောင့်နေပြီးတော့မှ ကိုယ့်လူမျိုးကို အငတ်ခံခိုင်းထားတာမျိုးလဲ မလုပ်နိုင်ဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ အပေါ်ကမေးခွန်းတွေမှာ ကျနော်မမေးမိတာ ဒါမှမဟုတ် ထပ်ပြီးဖြည့်စွက်ပြောချင်တာ ရှိဦးမလား။

ဖြေ။ ။ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ပြောရရင် အဝေးကနေ စစ်ဘေးရှောင်လာတဲ့သူတွေအနေနဲ့ ဘုန်းကြီးကျောင်းက စစ်ဘေးရှောင်စခန်းတွေမှာ ဝင်ရောက်နေထိုင်ကြဖို့ ပြောချင်တာပေါ့။ အခန်းငှားနေတာ၊ အိမ်ငှားနေတာမျိုး မလုပ်ကြဖို့လည်း ပြောချင်တယ်။ ဆွေမျိုးအိမ်တွေမှာ နေတာမျိုးဆိုရင်လည်း အစပိုင်းမှာတော့ ချောင်လည်နိုင်ပေမယ့် ကြာလာရင် အမျိုးမျိုး ပူပန်ရတာမျိုးတွေ ဖြစ်လာမယ်။ ဥပမာ – စားရေးသောက်ရေး၊ ကျန်းမာရေး၊ နေထိုင်ရေး၊ လုံခြုံရေး စတာတွေက နောက်ပိုင်းမှာ စိတ်ပူလာရမယ်။

ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို တိမ်းရှောင်လာတယ်ဆိုရင်တော့ ကျန်းမာရေးဖြစ်စေ၊ လုံခြုံရေးဖြစ်စေ၊ စားဝတ်နေရေးအတွက် ဖြစ်စေ အဖွဲ့အစည်းတွေက လာပြီးတော့ ကူညီထောက်ပံ့ပေးတာမျိုး ရှိတယ်။ ဒါကြောင့်မလို့ အမျိုးအိမ်တွေမှာ၊ အိမ်ခန်းငှားနေတာမျိုး ပုန်းလျှိုးကွယ်လျှိုး နေတာမျိုးဆိုရင် လုံခြုံမှုလည်း မရှိဘူး။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေ ရရှိတဲ့ အကူအညီ အထောက်အပံ့တွေ မရနိုင်တာမျိုး ဖြစ်လာနိုင်တယ်။

မေး။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...