Friday, May 3, 2024

စစ်ရေးပဋိပက္ခအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပိုများလာ

Must read

နှစ်စဉ်နှစ်တိုင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာ အထိမ်းအမှတ်နေ့အဖြစ် နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိ (၁၆)ရက်တာ လှုပ်ရှားမှု၊ ဖဲကြိုးဖြူလှုပ်ရှားမှုကို ကျင်းပခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ဘယ်လိုပြုလုပ်နေကြလဲ၊ စိန်ခေါ်မှုတွေ ဘယ်လိုရှိလဲ၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုရော ဘယ်လောက်ထိ ဆိုးရွားနေလဲ၊ လက်ရှိ “၁၀၂၇ စစ်ဆင်ရေး” မှာရော အမျိုးသမီးနဲ့ကလေးတွေ ဘယ်လောက်အတိုင်းအတာ ထိခိုက်မှုတွေရှိနေလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လတ်တလောက နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုဆိုပြီးတော့ ပြုလုပ်ကြတာ ရှိတယ်။ အဲ့ဒီ ၁၆ ရက်တာ လှုပ်ရှားမှုမှာ ဆရာမတို့ကကော ဘယ်လိုလှုပ်ရှားမှုတွေ လုပ်နေပါသလဲ။ ဒီလှုပ်ရှားမှုမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး အခန်းကဏ္ဍကလည်း အရေးကြီးနေတယ် ဆိုတော့ ပြောပြပေးပါအုံး

ဖြေ။ ။ ကျမတို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းအတွက် ဒီနှစ်က ၁၆ ရက်တာလှုပ်ရှားမှု ပြုလုပ်ဖို့ အခက်ခဲဆုံးနှစ်ဖြစ်တယ်။ သို့သော်လည်းပဲ ကျမတို့က ရအောင်လုပ်တယ်။ အရင်တုန်းကမျိုး လူတွေ့ကွင်းဆင်းပြီးတော့ လူထုကြားမှာ ပွင့်ပွင့်လင်းလင်း လုပ်ခွင့်မရှိဘူး။ အင်တာနက်တွေ၊ လမ်းကြောင်းတွေ ဖြတ်တောက်ခံရတဲ့အပေါ်မှာ ကျမတို့ ဒီ ၁၆ ရက်တာလှုပ်ရှားမှုမှာ ၃ ခုလောက် လုပ်နေတယ်။

ပထမတစ်ခုက ၁၆ ရက်တာလှုပ်ရှားမှု Exchange လိုမျိုး နှီးနှောဖလှယ်ပွဲ လုပ်တာရှိတယ်။ အဓိက စစ်ပွဲပဋိပက္ခအတွင်း အမျိုးသမီးများ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ဖော်ထုတ်ခြင်းနှင့် ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ နှီးနှောဖလှယ်ပွဲ ၂ ရက်ပြုလုပ်ခဲ့ပါတယ်။

ဒီနှီးနှောဖလှယ်ပွဲ ၂ ရက်မှာ အဓိကအားဖြင့် သျှမ်းမြောက်ဒေသက တအာင်းအရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်တက်ရောက်တာရှိတယ်။ မြို့နယ်အလိုက် လူငယ်အဖွဲ့တွေ တက်ရောက်တာ ရှိတယ်။ နောက်ထပ် CBOs တွေပေါ့နော်၊ မြို့နယ်အလိုက် အမျိုးသမီးအဖွဲ့တွေ ရှိမယ်၊ ရပ်ရွာတွေမှာ အမျိုးသမီး၊ ကလေးသူငယ်နဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေနဲ့ အတူတကွ ပူးပေါင်းပြီးတော့ အဓိကက သျှမ်းပြည်အတွင်းမှာ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် အခြားသော အခက်အခဲ စိန်ခေါ်မှုတွေ အကုန်လုံးကို ဖော်ထုတ်ကြတယ်။

ဒီလိုဖော်ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ ကျမတို့အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့အစည်းနဲ့ CBOs အဖွဲ့တွေ အချင်းချင်းကြားမှာ ဘယ်လိုတွေ ကာကွယ်သွားကြမလဲဆိုတဲ့ နည်းလမ်းတွေလဲ ဆွေးနွေးခဲ့ကြတယ်။ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေးနေ့ အခမ်းအနား ပြုလုပ်ဖို့ စီစဉ်နေတာရှိတယ်။ ဒီပွဲမှာဆိုရင်လဲ မြို့နယ်အလိုက် လူငယ်တွေ၊ လူထုတွေကို ဖိတ်ကြားပြီးတော့မှ အာဏာသိမ်းပြီးနောက်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမှန်တရားနဲ့ တရားမျှတမှု ဖော်ဆောင်တဲ့နေရာမှာ ဘယ်လိုနည်းလမ်းနဲ့ ပူးပေါင်းပြီး ရှေ့ဆက်သွားကြမလဲဆိုတာ ဆွေးနွေးဖို့ စီစဉ်ထားတယ်။

နောက်ထပ်တစ်ခုက စကားဝိုင်းဆွေးနွေးပွဲအနေနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ဖိတ်ကြားပြီးတော့မှ ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ၊ ဥပဒေအရ ကာကွယ်မှု အခြေအနေတွေ သိရှိဖို့အတွက် ဆွေးနွေးသွားမှာ ရှိပါတယ်။ ဒါကတော့ ဒီနှစ်အတွင်းမှာ လုပ်မယ့် လှုပ်ရှားမှုတွေ ဖြစ်တယ်။ ဒီနှစ်ကတော့ အွန်လိုင်းကနေပဲ ၁၆ ရက်တာလှုပ်ရှားမှုကို လုပ်ဖြစ်တယ်။

မေး။ ။ နှစ်စဉ်နှစ်တိုင်း ၁၆ ရက်တာလှုပ်ရှားမှုက ပေါ်ပေါ်ထင်ထင် လုပ်လာနိုင်ခဲ့တယ်၊ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်း မလုပ်နိုင်တော့ဘူး။ ဒီအပေါ်မှာကော အခက်အခဲ စိန်ခေါ်မှုတွေ ဘယ်လိုရှိလဲ။ ၁၆ ရက်တာလှုပ်ရှားမှုမှာ ပညာပေးက အရမ်းကိုအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်။ နောက်တစ်ပိုင်းကလည်း ပေါ်ပေါ်ထင်ထင် မလုပ်နိုင်တဲ့နောက်ဆုံး ပညာပေးကဏ္ဍတွေ မလုပ်နိုင်ဘူးဆိုရင် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ကျမတို့ရဲ့ အခက်အခဲကတော့ တော်တော်များတယ်။ ဒီ ၁၆ ရက်တာ လှုပ်ရှားမှုက အင်မတန်မှ အရေးကြီးတယ်။ အရေးကြီးတဲ့အလျောက် အမျိုးသမီးအရေးနဲ့ ကလေးသူငယ် အရေးတွေက နိုင်ငံရေးနဲ့ စစ်ရေးလိုမျိုး ဦးစားပေးမခံရဘူး။ ကျမတို့ အမျိုးသမီး အဖွဲ့အစည်းအနေနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုကို စစ်ပွဲကာလ မတည်ငြိမ်တဲ့ကြားမှာ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်နေတာဖြစ်တယ်။ အာဏာမသိမ်းခင်တုန်းကဆိုရင် မြို့တွင်းနဲ့ ကျေးရွာတွေမှာ ဒေသပေါင်းစုံက လူထုတွေ ဖိတ်ကြားပြီးမှ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပွဲရွှင်ပွဲနဲ့တကွ လူထုစိတ်ဝင်စားအောင် ဆွဲဆောင်ပြီးတော့မှ လှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့တယ်။

သို့သော်လည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဝန်ထမ်းလုံခြုံရေးအတွက် လူ့အခွင့်အရေးနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးမေးမြန်းမှု အန္တရာယ်တွေ အရမ်းတင်းကျပ်လာတဲ့ အနေအထားမျိုးရယ်၊ ၁၆ ရက်တာ လှုပ်ရှားမှုမှာ ပါဝင်တက်ရောက်လာမယ့် လူထုတွေအနေနဲ့ စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်။

နောက်ထပ်တစ်ခုက မြို့အနီးနားမှာ ဆိုရင် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုက အရမ်းတင်းကျပ်တဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက်ကြောင့် မလုပ်နိုင်ခဲ့ဘူး။ အများပိုင် ခန်းမလို နေရာမျိုးမှာ တောင်းလုပ်တာပဲဖြစ်ဖြစ် အမြဲတမ်း စစ်ကောင်စီအောက်က ထောက်ခံစာတွေ အဆင့်ဆင့် တောင်းခံရတာမျိုးဆိုရင် ကျမတို့က စစ်ကောင်စီမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့မဟုတ်တဲ့အတွက် ဒါက ကျမတို့အတွက် လုံခြုံရေးလဲ အန္တရာယ်ရှိတဲ့ အနေအထားမျိုး ဖြစ်သလို လူထုရဲ့လုံခြုံ‌ရေးကလဲ ရှိနေတယ်။

လူထုကို ကျမတို့ဝေမျှတဲ့ အမျိုးသမီးနဲ့ လူ့အခွင့်အရေးတို့ ပတ်သက်တဲ့ အချက်အလက်တွေတောင်မှ သူတို့က မထိန်းသိမ်းထားရဲတဲ့ အနေအထားမျိုးမှာ ဖြစ်တယ်။ အဲ့ဒါကြောင့် ကျမတို့က ပွင့်ပွင့်လင်းလင်း မလုပ်ရဲဘူး။ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ လုံးဝကို ဝေးလံခေါင်ဖျားတဲ့ ဒေသမှာပဲ အဓိက သွားပြီးတော့ အဲ့ဒီနားမှာ ရှိတဲ့ လူထုတွေကို ကျမတို့က မရရအောင် စည်းရုံးလှုံ့ဆော်ပြီးတော့ ကျမတို့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်လာအောင် ဆွဲဆောင်စည်းရုံးတဲ့ အနေအထားဖြစ်တယ်။

မေး။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုခံရတာက တအာင်းအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ဘယ်လောက်အထိ များနေလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ နှစ်မျိုးနှစ်စား ခွဲပြီးတော့မှ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာကို ကောက်ယူတယ်။ အရပ်သားအချင်းချင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုပြီးတော့ ကောက်ခံတာရှိတယ်။ ၂၀၂၁ ကနေ ၂၀၂၃ စက်တင်ဘာလအထိ ကောက်ခံထားတဲ့ အချက်အလက်အရဆိုရင် အမျိုးသမီးအပေါ် အကြမ်းဖက်မှုက စုစုပေါင်း အမှု ၂၁၂ ကျော် ရှိတယ်။ အာဏာသိမ်းပြီး ၃ နှစ်နီးပါးအတွင်းမှာ ကျမတို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းက ဝန်ဆောင်မှုပေးခဲ့တဲ့ အမှုတွေပဲ ဖြစ်တယ်။

အဲ့ထဲမှာဆိုရင် မုဒိမ်းမှုက ၃၅ ကျော်ရှိတယ်၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေဆိုရင်လည်း ၂၀ ကျော်ရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုရင် အမှုပေါင်း ၆၀ ကျော်လောက် ရှိမယ်။ ဒီလိုမျိုး အမှုတွေကို ဝန်ဆောင်မှုပေးခဲ့တဲ့ မှတ်တမ်းကိုပဲ ကောက်ခံထားရှိတာ ဖြစ်တယ်။ ဒီဦးရေတွေထဲမှာ အများဆုံးကတော့ အမျိုးသမီးနဲ့ ကလေးတွေပဲ ဖြစ်တယ်။ ဒါက အရပ်သားအချင်းချင်း ဒီနှစ် စက်တင်ဘာလအထိ အကြမ်းဖက်တာကို ကောက်ယူထားတဲ့ စာရင်းတွေပဲဖြစ်တယ်။ ဒီအမှုတွေက သျှမ်းပြည်တစ်ခုလုံး လွှမ်းခြုံတယ်လို့ ပြောလို့မရဘူး။ ဒါက ကျမတို့ လက်လှမ်းမီသလောက် လူထုက ကျမတို့အဖွဲ့ဆီကို တိုင်ကြားတဲ့ အမှုတွေလောက်ပဲ ဖြစ်တယ်။

နောက်တစ်ခုက စစ်တပ်နဲ့ လက်နက်ကိုင်တွေ ကျူးလွန်တဲ့အမှုဆိုပြီးတော့မှ ကောက်ခံထားတဲ့ဟာတွေရှိတယ်။ ဒီမှာကျတော့ အမျိုးသမီးရော၊ အမျိုးသားရော မှတ်တမ်းတင်ထားတာမျိုးဖြစ်တယ်။ ဖမ်းဆီးခံရတာ၊ မိုင်းနင်းခံရတာ၊ ညှဉ်းပမ်းနှိပ်စက်ခံရတာ၊ အသတ်ခံရတဲ့ အမှုတွေ ရှိတယ်။ မုဒိမ်းမှု၊ ကလေးစစ်သား စုဆောင်းခံရမှု၊ ပျောက်ဆုံးမှုတွေနဲ့ ပေါ်တာဆွဲခံရမှုတွေ ရှိတယ်။

အဲ့အထဲမှာဆိုရင် စုစုပေါင်းက ၁၆၂ မှုရှိတယ်။ ဒီအထဲမှာ လူဦးရေက ၃၀၀ ကျော်ရှိတယ်။ အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးဦးရေက ၇၀ လောက်ရှိမယ်။ ဒါက စစ်တပ်နဲ့လက်နက်ကိုင်တွေက ကျူးလွန်ပြီးတော့မှ ကျမတို့ မှတ်တမ်းတင်ပြီးတော့ ဝန်ဆောင်မှုပေးခဲ့တဲ့ အမှုတွေပဲဖြစ်တယ်။ ဒါက ကျမတို့ လက်လှမ်းမီသ‌လောက် အဆက်အသွယ်ရသလောက် ကောက်ခံထားရတာပဲဖြစ်တယ်။ အခြားသော လက်လှမ်းမမှီတဲ့ ဒေသတွေ၊ လူထုက တိုင်ကြားရမယ်မှန်း မသိဘဲ ထိန်ချန်ထားတဲ့အမှုတွေလဲ ရှိကောင်းရှိမယ်။ ဒါတွေကတော့ ကျမတို့ မသိရသေးဘူး။ အများဆုံးကတော့ ရှမ်းမြောက်ဒေသမှာပဲ ကောက်ခံထားရတဲ့ အချက်အလက်တွေပဲ ဖြစ်တယ်။

မေး။ ။ “၁၀၂၇ စစ်ဆင်ရေး” ခေါင်းစဉ်နဲ့လည်း တိုက်ပွဲတွေက သျှမ်းပြည်မြောက်ပိုင်းမှာ အရမ်းပြင်းထန်လာတယ်။ အဲ့ဒီစစ်ဆင်ရေးမှာဆိုရင် အရပ်သား ၁၀၀ ကျော် သေဆုံးတာရှိတယ်။ အဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလဲ ထိခိုက်သေဆုံး ဒဏ်ရာရတာ တွေ့တယ်။ အဲ့ဒီအပေါ်မှာကော ဆရာမတို့ အမျိုးသမီးအဖွဲ့အနေနဲ့ ဘာများပြောချင်လဲ။

ဖြေ။ ။ ဒီ “၁၀၂၇ စစ်ဆင်ရေး”ကလည်း တစ်လကျော်လာခဲ့ပြီ။ သေဆုံးဒဏ်ရာရတဲ့ စာရင်းထဲမှာပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်ဦးရေထဲမှာပဲဖြစ်ဖြစ် အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အများဆုံးဖြစ်တာ တွေ့ရတယ်။ အဲ့ဒီအနေအထားမျိုးမှာ ပြန်ကြည့်ရင် လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ကလေး ထိခိုက်ဒဏ်ရာရပြီး သေကျေပျက်စီးတာ၊ အိုးအိမ်ပျက်စီးတာ တွေ့ရတယ်။

အဲ့ဒီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူထိခိုက်တာတွေကို တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ Facebook စာမျက်နှာမှာ နေ့စဉ်နဲ့အမျှ ကောက်ခံရရှိတဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်တယ်။ အများဆုံးက စကစရဲ့ အခြေစိုက်တပ်စခန်းတွေက ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးရတာဖြစ်တယ်။

အဲ့ဒီအနေအထားမျိုးမှာဆိုရင်လည်း သူတို့က “၁၀၂၇ စစ်ဆင်ရေး”မှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေ ရှိတယ်ဆိုတဲ့အထင်နဲ့ ရမ်းသမ်းပစ်ခတ်တာဖြစ်တယ်။ ပြီးရင် မြို့ထဲရွာထဲလဲ ပစ်တယ်၊ အဲ့ဒီအနေအထားမျိုးမှာ တွေ့ရတယ်။ ကျမတို့အနေနဲ့ အဓိက ပိုပြီးတော့ ပြောချင်တာက လူထုကို ဦးတည်တဲ့ ပစ်ခတ်မှုတွေ မလုပ်ဖို့ပေါ့။ စစ်ပွဲဖြစ်တဲ့အခါမှာ စကစရဲ့ တပ်စခန်းတွေကလဲ လူထုတွေနဲ့ နီးကပ်နေတာရှိသလို လူထုတွေနဲ့ ဝေးလံတဲ့နေရာမျိုးတွေလဲ ရှိတယ်။

သီပေါ စစ်ရှောင်

အဲ့ဒါကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်တဲ့အခါမှာ ကျမတို့ပြောချင်တာက လူထုကို ဦးတည်တဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ၊ လူထုနဲ့ နီးကပ်တဲ့ နေရာမျိုးမှာ လူထုမသိတဲ့အချိန် တိုက်ပွဲတွေ ဖော်ဆောင်တာမျိုးကို မလုပ်ဖို့ပေါ့။ ပြီးရင် တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားမျိုးမှာ လူထုကိုလည်း ပြန်ပြီးတော့ ရှောင်ရှားနိုင်အောင် အသိပေးဖို့ အရေးကြီးတယ်။

မေး။ ။ အခုဆိုရင် တိုက်ပွဲက တစ်ရက်ပြီးတစ်ရက် ပိုပြီးတော့ ပြင်းထန်လာတယ်။ အမျိုးသမီး ထိခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့၊ နောက်ပြီးတော့ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်ဖို့ ရှေ့ဆက်ပြီးတော့ အလားအလာက ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ ဒီစစ်ဆင်ရေးက အခုဆိုရင် ကျမတို့ သျှမ်းမြောက်မှာပဲ ဖြစ်နေတာ မဟုတ်တော့ဘူး၊ အခြားသော ပြည်နယ်တွေ တိုင်းတွေမှာ ဖြစ်နေတာ တွေ့ရတယ်။ ဒီတိုက်ပွဲကြောင့်လဲ တခြားဒေသတွေမှာ ဖြစ်တဲ့တိုက်ပွဲတွေကလဲ ကျမတို့ဒေသကို ထိခိုက်မှုတွေ ဆိုးကျိုးတွေကို ဖြစ်စေတာရှိတယ်။ သျှမ်းမြောက်မှာ ဖြစ်တဲ့တိုက်ပွဲကလည်း အခြားသော တိုင်းနဲ့ပြည်နယ်တွေပေါ်မှာလဲ သက်ရောက်မှုတွေ ဆိုးကျိုးတွေ အများကြီးရှိတယ်။

တိုက်ပွဲက ဒီလိုမျိုး ရှေ့ဆက်ပြီးတော့ ကြန့်ကြာနေဦးမယ်ဆိုရင် လူထုထိခိုက်သေဆုံးမှုက ဒီထက်ပိုပြီးတော့မှ များလာဖို့ပဲရှိမယ်။ လူထုတွေကလဲ နေအိမ်ပြန်နိုင်ဦးမှာ မဟုတ်သလို အမျိုးသမီးနဲ့ ကလေးသေဆုံးမှုတွေ လူထုသေဆုံးမှုတွေနဲ့ အိုးအိမ်ပျက်စီးမှုတွေကလည်း ပိုပြီးတော့ များလာမယ့် အနေအထားဖြစ်တယ်။ အဲ့တာကြောင့် ကျမတို့အနေနဲ့ ဒီစစ်ပွဲက မပြီးနိုင်ဘူး လမ်းကြောတွေ ပိတ်နေမယ် ဒီလိုမျိုး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရမယ်ဆိုရင်တော့ အမျိုးသမီးနဲ့ကလေးငယ် ထိခိုက်သေဆုံးမှုတွေကို ကျမတို့ ကောင်းကောင်းမွန်မွန် အချက်အလက်တွေ ရနိုင်တဲ့ အနေအထားမျိုးမှာ မရှိနိုင်တော့ဘူး။

နောက်ပြီးတော့ လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့မယ်ဆိုရင် စစ်ရှောင်တွေမှာ အစာရေစာ ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တယ်။ သျှမ်းမြောက်မှာရှိတဲ့ စစ်ရှောင်စခန်း တော်တော်များများက ရေရှည်အတွက် စားနပ်ရိက္ခာ လုံလုံလောက်လောက် မရှိဘူး။ အခုတောင်မှ အခြေခံ စားဝတ်နေရေးအတွက် သျှမ်းမြောက်မှာဆိုရင် အရမ်းအေးတယ်၊ မုန်တိုင်းဒဏ်ကြောင့်လဲ မိုးတွေရွာတယ်။ အအေးဒဏ်ပိုလာတဲ့ကြားမှာမှ အခင်းပါးပါး စောင်ပါးပါးနဲ့ ကျန်းမာရေးထိခိုက်မှုတွေ ပိုဖြစ်လာကြတယ်။ ဒီကျန်းမာရေးထိခိုက်မှုတွေကြောင့်ပဲ ပိုပြီးတော့ ဖျားတာတွေ ဖြစ်တယ်။

အခုဆိုရင် အမျိုးသမီး မိခင်နဲ့ကလေး ကျန်းမာရေးဝန်ဆောင်မှုဆိုရင် လုံးဝ ရပ်တန့်နေတဲ့ အနေအထားမျိုးမှာ ရှိတယ်။ အဲ့ဒီအတွက်ကြောင့် ကျန်းမာရေးဝန်ဆောင်မှုကလည်း အရေးတကြီး လိုအပ်နေတယ်။ နောက်တစ်ခုက တိုက်ပွဲတွေ ဖော်ဆောင်တဲ့အတွက်ကြောင့်မလို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက မပေါက်ကွဲသေးတဲ့ဟာလည်း ရှိတယ်။ အဲ့တာကြောင့် နေရပ်ပြန်မယ့် လမ်းခရီးတလျှောက် မလုံခြုံတဲ့ အနေအထားမျိုးမှာ စစ်ရှောင်မယ့် လူဦးရေက ပိုပြီးတော့ များလာမယ် ခက်ခဲလာတဲ့ အနေအထားမျိုးဖြစ်တယ်။ အစာရေစာနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေက ရေရှည်ပြတ်လပ်မယ်ဆိုရင် ပိုပြီးတော့ အန္တရာယ်ရှိလာနိုင်တယ်။

အခုလက်ရှိ စစ်ရှောင်စခန်းအများစုမှာ အမျိုးသမီး၊ အမျိုးသား သီးသန့်အိပ်ခန်းတွေ၊ အိမ်သာ သန့်စင်ခန်းသုံးတာတွေ မရှိသေးဘူး။ နောက်ပြီးတော့ ရေချိုးတဲ့နေရာတွေကလဲ အများသုံးပဲ ပေါင်းသုံးနေရတာတွေ ရှိတယ်။ အမျိုးသမီးနဲ့ အမျိုးသားတွေ အတူတကွ ခန်းမဆောင် အကျယ်ကြီးထဲမှာပဲ ပေါင်းအိပ်နေမယ်၊ ရေချိုးခန်း အိမ်သာတွေကို ပေါင်းသုံးနေမယ်ဆိုရင် ရေရှည်မှာ အမျိုးသမီးနဲ့ကလေးတွေ အကြမ်းဖက်နိုင်ရနိုင်မှု ရာခိုင်နှုန်းအရမ်းများတယ်။

အခုတောင်မှ စစ်ရှောင်စခန်းအတွင်းမှာ စစ်ရှောင်ကော်မတီတွေရဲ့ ထိန်းချုပ်မှုနဲ့ စီမံခန့်ခွဲနိုင်မှုမှာ စစ်ရှောင်တွေက တစ်နေ့ပြီးတစ်နေ့ ပိုတိုးလာတဲ့အနေအထားကြောင့် စားသောက်ရေးမှာ ပိုပြီး အာရုံစိုက်နေရတာကြောင့် ဒီအကြမ်းဖက်မှု အန္တရာယ်တွေကို စီမံခန့်ခွဲဖို့ သတိမရဘဲ ဖြစ်ချင်ဖြစ်နိုင်တယ်။ အမျိုးသမီးတွေကလဲ အကြမ်းဖက်ခံရမှုတွေ ရှိနေနိုင်တယ်။ ဒါတွေကို လူထုတွေက အာရုံမစိုက်နိုင်ဘဲနဲ့ ဖွင့်မပြောနိုင်တဲ့ အနေအထားတွေလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့တာကြောင့် အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို ကာကွယ်ပေးဖို့လည်း အရမ်းလိုအပ်နေတယ်။

နောက်တစ်ခုက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပေါ့။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဒီအခြေအနေမှာ သူတို့က တော်တော်လေးကို ရင်ဆိုင်နေရတဲ့ အနေအထားမျိုးဖြစ်တယ်။

မေး။ ။ လက်ရှိ တိုက်ပွဲအနေအထားတွေလဲ ပြင်းထန်လာတယ်။ တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့က လူငယ်တွေ အမျိုးသမီးတွေကော တပ်သားသစ် စုဆောင်းလာတာ တွေ့ရတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာမတို့အနေနဲ့ကော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုများပြောချင်လဲ။

ဖြေ။ ။ ဟုတ်တယ်၊ ကျမတို့လဲ ကြားနေရတယ်။ မြေပြင်မှာ တချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေက လူငယ်တွေကို လမ်းမှာဖမ်းပြီးမှ တပ်သားစုဆောင်းတာတွေ ရှိတယ်၊ (မုံးကိုးမှာ) ကိုရင်လေးတွေကို လူဝတ်လဲခိုင်းပြီးတော့ တပ်သားစုဆောင်းတာ ရှိတယ်။ အမျိုးသမီးတွေကို ဖမ်းဆီးတဲ့ဟာတွေ ရှိတယ်။ အဲ့လိုအနေအထားမျိုးမှာဆိုရင် မှတ်တမ်းအသေးစိတ်နဲ့ သက်သေနဲ့တကွ ကောက်ထားပြီးတော့မှ မှတ်တမ်းတင်ထားတဲ့ အနေအထားရှိတယ်။

ဒါပေမယ့် ကျမတို့ မှတ်တမ်းတင်ထားတာထက် တစ်နေ့ပြီးတစ်နေ့ များလာတယ်၊ တချို့သော အချက်အလက်တွေက ကျမတို့ မရသေးတာမျိုးလဲရှိတယ်။ ဒီသက်သေ အထောက်အထားတွေလဲ စုဆောင်းတယ်ပေါ့။ အဲ့ဒီအပေါ်မှာ လူထုတွေအတွက် အရမ်းအန္တရာယ်များတယ်။ ကျမတို့စိုးရိမ်တာက ဒီတပ်သားတွေ စုဆောင်းပြီးတော့မှ သူတို့ကို ချက်ချင်း စစ်မြေပြင်ကို ပို့မလားပေါ့။ အဲ့လိုမျိုးဆိုရင် ဒီတပ်သားတွေက ဘာစစ်သင်တန်းမှ မရတဲ့ အနေအထားဆိုရင် ရှေ့တန်းမှာ အသက်ပေးရုံကလွဲပြီး သူတို့မှာက ကိုယ်ခံပညာတွေ စစ်ပညာတွေ တစ်ခုမှ မသိတဲ့လူတွေ ဖြစ်တယ်ပေါ့။ ဒါကတော့ ရှောင်ရှားရမယ့်အရာဖြစ်တယ်၊ လူငယ်တွေကို အလွန်အကျွံ ဖမ်းဆီးပြီးမှ တပ်သားစုဆောင်းတဲ့ကိစ္စတွေ။ ဒီကြားထဲမှာဆိုရင် ကလေးပါမှာလည်း စိုးရိမ်တယ်၊ ကလေးတွေလဲ ပါကောင်း ပါနိုင်တဲ့ အနေအထားမျိုးမှာ ရှိတယ်။ ကလေးသူငယ်အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စရပ်မှာလည်း မလုပ်ဖို့အရေးကြီးတဲ့ အရာတွေဖြစ်တယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုယ်တိုင် နောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကိုယ်တိုင်က စစ်အာဏာရှင်ကို အတူတကွ တိုက်ထုတ်တဲ့အခါမှာ သူတို့ကိုယ်တိုင် စစ်အာဏာရှင်စနစ် မကျင့်သုံးဖို့ အရေးကြီးတယ်။ အဲ့ဒါကြောင့်မလို့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ကိုယ်တိုင် ဒီစစ်အာဏာရှင်စနစ်ကို ကျင့်သုံးနေလား ဆိုတဲ့ဟာကိုလည်း ကိုယ့်ရဲ့စနစ်တွေ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်။

ဒီလိုမျိုး “၁၀၂၇ စစ်ဆင်ရေး”မှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖော်ဆောင်ပြီးမှ စစ်ကောင်စီကို တိုက်ထုတ်တာသည် အာဏာရှင်စနစ်တွေကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ စိတ်နဲ့ တိုက်ထုတ်တာဖြစ်တယ်။ အဲ့တာကြောင့် သူတို့ကိုယ်တိုင်ကိုလဲ စစ်အာဏာရှင်စနစ် ကျင့်သုံးမှုတွေ၊ အမိန့်ပေးမှုတွေ၊ လုပ်ဆောင်ချက်တွေကိုလည်း မလုပ်ဖို့ ဒါကလုံးဝကို ရှောင်ရှားရမယ့် လုပ်ရပ်တွေ ဖြစ်ပါတယ်။ လူထုကိုလည်း လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ စစ်ရေးအခြေအနေတွေကလည်း ဆက်ပြီးတော့ ပြင်းထန်လာနိုင်မယ့် အနေအထားတွေ ဖြစ်တယ်။ စစ်ရှောင်တွေကလည်း အရမ်းကို များလာတယ်၊ အခုဆိုရင် သျှမ်းမြောက်တစ်ခုထဲကို စစ်ရှောင်ဦးရေ ၈ သောင်းကျော်အထိ များလာတာကိုတွေ့ရတယ်။ ဒါကြောင့် ဆရာမအနေနဲ့ ဒီအရေးတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ဖြည့်စွက်ပြီး ပြောချင်လဲ၊ ဘယ်လိုများ တောင်းဆိုချင်လဲ။

ဖြေ။ ။ အခုက ကျမတို့ အဖွဲ့အစည်းအနေနဲ့ လုပ်နိုင်စွမ်းက ထိခိုက်နစ်နာတဲ့ လူထုကို ထောက်ပံ့ပေးမယ်။ လူထုတွေအတွက် ဖြစ်နေတဲ့ ထိခိုက်မှုတွေကို အမှန်တရားတွေ၊ တရားမျှတမှုတွေ ရရှိအောင် ရနိုင်တဲ့လမ်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်နိုင်တဲ့ အနေအထားမျိုးရှိမယ်။

တခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ အကူအညီတွေရ‌အောင် ပြောဆိုစည်းရုံးမှုတွေ အထိုက်အလျောက် လုပ်နိုင်တဲ့ အနေအထားမျိုးမှာပဲရှိတယ်။ အဲ့တာကြောင့်မလို့ ဒီလိုမျိုး ထိခိုက်နစ်နာမှုတွေ စစ်ရှောင်တွေ ပိုပြီး များလာမယ်ဆိုရင် စစ်ပွဲရပ်တန့်ဖို့ ကျမတို့ လုပ်နိုင်စွမ်းတွေက မရှိတဲ့ အနေအထားမျိုး ဖြစ်တာကြောင့်မလို့ရယ်၊ လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့အနေအထားမျိုး ဖြစ်တာမလို့ လူထုကို အဓိကထောက်ပံ့မှုမျိုးပဲ လုပ်နိုင်တယ်။

စစ်ရှောင်တွေကနေပြီးမှ အစာရေစာ ပြတ်တောက်မှုမျိုး မဖြစ်အောင်၊ နောက်တစ်ခုက စစ်ရှောင်တွေက ကျန်းမာရေးဝန်ဆောင်မှု‌ ရဖို့ခက်ခဲတာကြောင့် သေဆုံးမှုတွေလဲ မဖြစ်ရလေအောင်၊ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကလည်း ထပ်ပြီးမှ သေဆုံးမှုအန္တရာယ် မကြုံတွေ့ရလေအောင် နိုင်ငံတကာအဖွဲ့အစည်းတွေကော အခြားသော NGO INGO အဖွဲ့တွေကော ကျမတို့ CSO တွေအကုန်လုံးက လူထုကို အာရုံစိုက်ပြီးတော့ ဦးစားပေးပြီးမှ ထောက်ပံ့မှုတွေကို သူတို့လက်ထဲ ရောက်နိုင်အောင် ကူညီထောက်ပံ့ဖို့ လိုအပ်တယ်။ လူထုကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်။

မေး။ ။ အင်တာနက်လိုင်းမကောင်းတဲ့ကြားက အခုလို အင်တာဗျူးဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။

Leave a Comments

- Advertisement -spot_img

Latest article