Monday, April 29, 2024

စစ်မြေပြင်ကြားက လွှတ်မြောက်လာသူများ

Must read

အခင်းမပါ၊ ခြုံထည်မပါဘဲ မြေကြီးပေါ် လူထောင်ချီတွေဟာ ဖြစ်သလို လှဲလှောင်းနေကြပါတယ်။

ထိုလှဲလှောင်း အိပ်စက်နေတဲ့သူတွေဟာ သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ မှာ “ ၁၀၂၇ စစ်ဆင်ရေး” ကြောင့် အောက်တိုဘာ နောက်ဆုံးပတ်မှာ ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

စစ်မြေပြင်ကြားလွှတ်မြောက်လာသူများ

သူတို့လှဲလှောင်းနေတဲ့ လာရာလမ်းတလျှောက်မှာ စစ်ကောင်စီရဲ့ စစ်ဆေးမှု၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ “ဝ” တပ်ဖွဲ့ UWSA စစ်ဆေးမှု နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဆေးမှုတွေကို အဆင့်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျော်ဖြတ်လာခဲ့ပါတယ်။

“လမ်းမှာ တစ်ပတ်ကျော်လောက် ကြာခဲ့တယ်။ အဲ့တစ်ပတ်ကျော်က ကျနော်အတွက် ဒုက္ခငရဲလိုပဲ” လို့ အသက် ၃၀ အရွယ်ရှိ ကိုရဲက ဝမ်းနည်းတဲ့ လေသံနဲ့ ပြောလာပါတယ်။

ကိုရဲဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ၂၀၂၂ ခုနှစ်မှာ ရန်ကုန်ကနေ ကိုးကန့်ဒေသ လောက်ကိုင်မြို့သို့ အလုပ်သွားလုပ်တဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။

သူ စတင်သွားချိန်တုန်းက ရန်ကုန်ကနေ လားရှိုးမြို့ကို တရက်သာ သွားရပြီး၊ လားရှိုးကနေ လောက်ကိုင်ကို ၄ နာရီခရီးခန့်သာ သွားခဲ့ရပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၂၇ ရက်နေ့က “ ၁၀၂၇ စစ်ဆင်ရေး” ဖြစ်လာပြီးနောက်ပိုင်းမှာတော့ လမ်းတွေ၊ တံတားတွေ ဖျက်ဆီးခံရပြီး၊ လာရာလမ်းကနေ ပြန်ထွက်လို့ မရဘဲ ကိုးကန့်ဒေသကနေ “ဝ” ဒေသ အဲ့ကနေ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းဘက်ကို ခက်ခဲစွာ ပတ်ပြန်ခဲ့ရပါတယ်။

စစ်မြေပြင်ကြားလွှတ်မြောက်လာသူများ

“ အစတုန်းက ကိုးကန့် ကနေ နမ့်တစ် သွားချိန်က တိုင်းရင်းသားလက်နက်ကိုင်တွေက မှတ်ပုံတင်တွေ သွားမယ့်နေရာတွေ စစ်တယ်။”ဝ” အဝင်မှာ အများစုကတော့ ဖုန်းတွေထားရ၊ တချို့ကတော့ ခိုးပြီးသယ်သွားတာပေါ့။ ပိုက်ဆံဆိုရင်လည်း ခွဲထားရတယ်” လို့ ကိုရဲ က လမ်းမှာ ကြုံရတဲ့ အခက်အခဲကို ပြောပါတယ်။

ကိုရဲတို့ အပြန်လမ်းခရီး တတိယမြောက်နေ့မှာ စစ်ကောင်စီ ထိန်းချုပ်နေတဲ့ သျှမ်းပြည် အရှေ့ပိုင်း မိုင်းယန်းမြို့ကို စတင် အခြေချ ရောက်ရှိလာပြီး၊ ကြီးလေးတဲ့ ဒုက္ခတွေ စစ်ကောင်စီရဲ့ စစ်ဆေးချက်တွေကို စတင်ကြုံလာရတော့တာပါပဲ။

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကနေ လာတဲ့ စစ်ဘေးရှောင်တွေဟာ သျှမ်းပြည်အရှေ့ ပိုင်း မိုင်းယန်းမြို့မှာ တောင်ပေါ်ရဲ့ ဆောင်းဝင်ခါစ နှင်းစက်တွေအောက်မှာ အခင်းမပါဘဲ ၃ ည ဆက်တိုက် ထပ်မံ အိပ်စက်ရ ပြန်ပါတယ်။

“မိုင်းယန်း ရောက်ရောက်ချင်းတော့ လောက်ကိုင်ကလာတဲ့ စစ်ရှောင် ၃၀၀ ကို ဘုန်းကြီးကျောင်းနဲ့တူတဲ့ ကွင်းပြင်မှာ တစ်ညအိပ်ရတယ်။ ဘယ်မှ ပေးမသွားဘူး။ ဘာမှလည်း မကျွေးဘူး။ နောက် နှစ်ညကတော့ ဘော်လုံးကွင်းမှာ ထပ်ထားတယ်။ ၃ ရက် စလုံးကတော့ မြေကြီးပေါ်မှာ နှင်းတွေကကျ တော်တော်လေး ဆင်းရဲတယ်” လို့ ကိုရဲ က သူကြုံတွေ့ရတာကို ပြန်ပြောပါတယ်။

စစ်မြေပြင်ကြားလွှတ်မြောက်လာသူများ

အဲ့ဒီ စစ်ရှောင် ၃၀၀ နီးပါးကို စစ်ကောင်စီ က ထမင်းမကျွေးဘဲ ၃ ညတာ အတွင်း စစ်ဆေးမှု ပြုလုပ်ခဲ့ရပြီး၊ စစ်ရှောင်တွေကို စားစရာ လာရောက် ရောင်းသူများလည်း စျေးတင်ပြီး ရောင်းချကြပါတယ်။

“ထမင်းက ငတ်တယ်။ လောက်ကိုင်ကနေ ရောက်လာတဲ့ လူတချို့လည်း ပိုက်ဆံမပါတော့ ငတ်တာများတာပေါ့။ လာရောင်းတဲ့ လူတွေကလဲ ဈေးကြီးတာကို။ လာလှူတာလည်း ရှိတယ် လူများတော့ မလောက်ငှဘူးလေ” လို့ ကိုရဲက စိတ်မကောင်းစွာ ဆိုပြန်ပါတယ်။

၃ ရက်သာ စစ်ဆေးမှု အပြီးမှာတော့ မိုင်းယန်း၊ မိုင်းခတ်၊ ကျိုင်းတုံ၊ ဟိုပုံး နဲ့ တောင်ကြီးမြို့သို့ ခရီးပြန်ထွက်ခွာခဲ့ရပါတယ်။

အလားတူ လောက်ကိုင်ကနေ စစ်ရှောင်လာတဲ့ အသက် ၂၈ နှစ်အရွယ် စစ်ကိုင်းတိုင်းက ကိုအေးမင်းလည်း ပါဝင်ခဲ့ပါတယ်။

“ကျနော်တို့က စစ်ကိုင်းကနေ စစ်ရှောင်ပြီး လောက်ကိုင်မှာ အလုပ်သွားလုပ်တယ်။ လောက်ကိုင်မှာ အခု တိုက်ပွဲဖြစ်တော့ ပြန်ရတယ်။ ကျနော်ကတော့ လောဆယ် မပြန်သေးဘူး။ တောင်ကြီးထဲမှာ နေပြီး အလုပ်ရှာမယ်။ လောက်ကိုင်မှာ ပန်းရံလုပ်တယ်” လို့ ကိုအေးမင်းက သူ့ အခက်အခဲကို ပြောလာပါတယ်။

လက်ရှိမှာတော့ ကိုအေးမင်း တစ်ယောက် စစ်ကိုင်းတိုင်းရှိ နေအိမ်ကို ပြန်ရန်လည်း မဖြစ်နိုင်သေးသဖြင့် သျှမ်းပြည်တောင်ပိုင်းမှာ အလုပ်အကိုင် ရှာဖွေပြီး နေထိုင်သွားရန် စဥ်းစားထားကြောင်း သူက ဆိုပါတယ်။

“ယောင်္ကျားလေးတွေအတွက်က သိပ်ခက်ခဲမှု မရှိပေမယ့် အမျိုးသမီးအတွက်ဆိုရင်တော့ တော်တော်ခက်ခဲတယ်။ လမ်းတလျှောက်မှာဆိုရင်လည်း နေမကောင်းတဲ့သူတွေ အားနည်းတဲ့ သူတွေရှိတယ်။ ကျနော်တို့က ဘယ်နေရာမဆို နေလို့ရပေမယ့် အမျိုးသမီးအတွက်ကျတော့ အဆင်မပြေဘူးလေ” လို့ ကိုအေးမင်းက သူတို့ လမ်းကြောင်းမှာ ကြုံရတာကို ပြန်ပြောပါတယ်။

လောက်ကိုင်မြို့မှ မိုင်းယန်းမြို့ ရောက်လာသည့် စစ်ဘေးရှောင်တွေကို စစ်ကောင်စီက မသင်္ကာပါက ထိန်းသိမ်းထားကြကြောင်းလည်း စစ်ရှောင်လာကြတဲ့ သူတွေက ပြောပြပါတယ်။

“ သူတို့ (စစ်ကောင်စီ) က စစ်ဆေးလို့ မသင်္ကာတဲ့ သူတွေဆိုရင် ထပ်ခေါ်စစ်တယ်”လို့ ကိုအေးမင်းက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်၊ သိန္နီမြို့ နယ်၊ လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ် မှ စတင်လာပြီး အခုနောက်ပိုင်း မူဆယ်မြို့နယ်၊ ပန်ဆိုင်းမြို့နယ် နှင့် နမ့်ခမ်းမြို့နယ် အထိ စစ်ရေးပြင်းထန်လာပြီး၊ လက်ရှိမှာ သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရှောင် ၈ သောင်းကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့သို့ တရက်လျှင် စစ်ရှောင် ၃ ထောင်ကျော် ၄ ထောင် နီးပါးရောက်ရှိလာကြောင်း၊ နေ့စဥ်နဲ့အမျှ ဝင်လာတဲ့ စစ်ရှောင်တွေ များပြားတဲ့အတွက် လှူဒါန်းမှုမှာ မလောက်ငှကြောင်း မိုင်းယန်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“တရက်ကို စစ်ရှောင် ၃၀၀၀ ကျော် ၄၀၀၀ လောက်ရှိတော့ သွားလှူရင်လည်း မလောက်ဘူးပေါ့။ အားလုံး ဒုက္ခရောက်နေချိန် စျေးတင်ရောင်းတာတွေ မဖြစ်သင့်ဘူး။ ဖြစ်နိုင်ရင် လှူတာကောင်းပါတယ်” လို့ သူမ က ဆိုပါတယ်။

စစ်မြေပြင်ကနေ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုအေးမင်း တစ်ယောက်ဟာ ယောင်လည်လည် နဲ့ ဘာဆက်ပြီး အလုပ်လုပ်ရမှာ မသိသလို ဝင်ငွေမရှိတော့တဲ့အတွက် ရှေ့ရေးအတွက် တွေးပူနေပါတယ်။

“အလုပ်မရှိ ဝင်ငွေမရှိ ဘာဆက်လုပ်ရမှန်း မသိပေမယ့် အသက်ရှင်နေတာကိုပဲ ကျေးဇူးတင်ရမယ်။ ကျနော်လိုပဲ တခြားသူတွေလည်း အသက်ရှင်လျက် ပြန်လွှတ်လာဖို့ ဆုတောင်းနေပါတယ်” လို့ ကိုအေးမင်းက ပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article