Monday, April 29, 2024

မြောက်ပိုင်းခေါ်သံနှင့် နွေဦးတော်လှန်ရေး၏ ဟန်ချက်ညီစစ်ဆင်ရေး

Must read

နိဒါန်း

စစ်အာဏာသိမ်းကာလအစကတည်းက လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူလူထု၏ နွေဦးတော်လှန်ရေးသည် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်နှိမ်နင်းဖြိုခွင်းမှုများကြောင့် မိမိကိုယ်ကို ခုခံ ကာကွယ်နိုင်ရေးမှ ရရာလက်နက်စွဲကိုင်တော်လှန်ရေးအထိ အရွေ့အပြောင်းမြန်ဆန်ခဲ့ရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် “တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ခုခံတော်လှန်စစ်” ဆင်နွှဲ ကြရန် ကြေညာသည်အထိ အာဏာသိမ်းစစ်အုပ်စုအား ဖြုတ်ချနိုင်ရေး ဟစ်ကြွေးခဲ့ကြသည်။

ရာနှင့်ချီသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)များ၊ NUG နှင့် လက်အောက်ခံမဟုတ်ဘဲ ဒေသအလိုက် အမည်နာမမျိုးစုံဖြင့် စုဖွဲ့ပေါက်ဖွားလာသည့် ရာနှင့်ချီသော မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) များသည် မူလကတည်းကရှိနှင့်နေပြီးသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(ERO)များ၏ ထောက်ကူပံ့ပိုးမှုကို လိုအပ်ခဲ့သည်။

မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေး အင်အားစုများအတွက် လိုအပ်နေသော ထောက်ကူပံ့ပိုးမှုအပြင် ဦး‌ဆောင်လမ်းပြမှု၊ ဦးစီးဆောင်ရွက်မှုတို့ကိုပါ လှစ်ဟပြသနေပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းချမ်းရေးအတွက် နိုင်ငံတဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစု များ အားလုံးကိုပါ ဟန်ချက်ညီစစ်ဆင်ရေးများ တပြိုင်နက်လှုပ်ရှားကြရန် ခွန်အားပြနှိုးဆွပေးနိုင်ခဲ့ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အောက်တိုဘာ ၂၇ ရက် တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” (ဝါ) မြောက်ပိုင်းခေါ်သံနှင့်အတူ နွေဦးတော်လှန်ရေး အင်အားစုများ၏ ဟန်ချက်ညီစစ်ဆင်ရေးများအကြောင်းကို ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

“၁၀၂၇ စစ်ဆင်ရေး” (ဝါ) မြောက်ပိုင်းခေါ်သံ

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်၊ “၁၀၂၇ စစ်ဆင်ရေး” (၁၄) ရက်မြောက်နေ့တွင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းအကြီးအသေးစုစုပေါင်း (၁၂၈) ခုကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီဟု ဆိုပါသည်။ ရှမ်းပြည်နယ် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ နမ့်ခမ်း၊ မုံးကိုးနှင့် ကွမ်းလုံ စုစုပေါင်း (၇) မြို့ကို အာဏာသိမ်းစစ်ကောင်စီထံမှ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ သံချပ်ကာ တင့်ကား (၉) စီးအထိ သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရပါသည်။

“၁၀၂၇ စစ်ဆင်ရေး”ကို ၂ နှစ်ကြာ သေချာပြင်ဆင်ပြီးမှ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ (MNTJP/MNDAA)၊ တအာင်းတပ်ဖွဲ့ (PSLF/TNLA) နှင့် ရက္ခိုင့်တပ်တော် (ULA/AA)တို့ မြောက်ပိုင်းညီနောင် မဟာမိတ် (၃)ဖွဲ့အပြင် ၎င်းတို့နှင့် ဆက်စပ်သည့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ မန္တလေး – ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) များ၊ နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေး အင်အားစုများဖြစ်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော်(PLA) တို့ ပါဝင်သည်ဟု ဆိုပါသည်။

တအာင်းတပ်ဖွဲ့ (PSLF/TNLA) အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်တာဘုန်းကျော်ကတော့ ၎င်းတို့ အနေဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD)နှင့် နဂိုကတည်းက ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြောင်း ယခုလို ပြောဆိုထားပါသည်။

“အခုတော်လှန်ရေးမှာလည်း NUG အစိုးရနဲ့ သေချာတိုင်ပင်တယ်။ NUG အောက်မှာရှိတဲ့ MOD တွေရဲ့ CoC အောက်မှာ ရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း အလုပ်တွေ ဝိုင်းလုပ်ကြဖို့၊ အတတ်နိုင်ဆုံး အခုတော်လှန်ရေး 1027 Operation လှိုင်းလုံးထဲမှာ အတူတူအကောင်အထည်ဖော်ကြဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

MOD အောက်မှာရှိနေတဲ့ PDF တွေရော၊ MOD အောက်မှာ မရှိသေးတဲ့ မဟုတ်သေးတဲ့ PDF တွေရော၊ ကျနော်တို့နဲ့ ဆက်စပ်နေတာ အကုန်လုံး နိုင်ငံအနှံ့အပြားမှာ ဟန်ချက်ညီညီစစ်ရေးဖော်ဆောင်နေတယ်လို့ ကျနော်တို့ နားလည်ပါတယ်”။

နွေဦးတော်လှန်ရေး၏ ဟန်ချက်ညီစစ်ဆင်ရေး

ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲကာ “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီစစ်ဆင် ရေးများဖော်ဆောင်သွားမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အောက်တိုဘာ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သော NUG (MOD)၏ အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ စစ်ရေး သတင်းထုတ်ပြန်ချက်တွင်တော့ ၎င်းတို့အနေဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDF)၊ မဟာမိတ်တော်လှန် ရေးအဖွဲ့အစည်းများ(EROs)နှင့် ပူးပေါင်းကာ တနိုင်ငံလုံးတွင် ဟန်ချက်ညီ စစ်ဆင်ရေးများ (Coordinated Attacks) များ ဖော်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ နိုဝင်ဘာ ၇ ရက်တွင်တော့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင်ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ NUG (MOD)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက အပြည့်အဝသိမ်းပိုက်နိုင်ခဲ့သည်။

တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂)၊ အမှတ် (၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ၊ Thadou Defense Army (TDA) ၊ Rawn Chinland Defense Force(RCDF)နှင့် ကူကီအမျိုးသား တပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်နေ့ကလည်း ခရိုင်မြို့တမြို့ဖြစ်သည့် ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပါသည်။

အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများအဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့ များကို အနီးကပ်ကွပ်ကဲမှုရယူထားသော စစ်ဒေသဖြစ်သည်။ အမှတ် (၁) စစ်ဒေသတွင် ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း(မြောက်)၊ မကွေးနှင့် မန္တလေးတို့ ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို အခြေပြုထားပါသည်။

(စကားချပ် – NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း (EROs) (၄)ဖွဲ့ ပူးပေါင်းကာ “ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ” (Central Command and Coordination Committee – C3C) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဖွဲ့စည်းခဲ့သည်။)

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင်တော့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တို့ ပူးပေါင်းနေထိုင်ရာ တပ်စခန်း (၃)ခုကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဆိုပါသည်။

အဆိုပါတပ်စခန်းများသည် ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် သံယောဇဉ်ကုန်း(ဒေသအခေါ်) ကားလမ်းမပေါ်ရှိ SNA ၏ တပ်စခန်းနေရာဖြစ်ပြီး စခန်းတခုနှင့်တခု အကြား မီတာ ၃၀၀ ခန့်သာ ကွာဝေးသည်ဟု ဆိုပါသည်။

ကရင်နီပြည်(ကယား)အတွင်းရှိ ခုခံတော်လှန်ရေးအင်အားစုများဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ(KNPLF)၊ KNDF နှင့် PDF တို့ပါဝင်သော ကရင်နီတပ်ပေါင်းစုကလည်း ရှမ်းမြောက်ပိုင်းမှ “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုကြောင်း ပြသသည့်အနေဖြင့် “1107 Operation” ဟု အမည်ပေးကာ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေအားလုံးနဲ့ ဟန်ချက်ညီညီဖြစ်ဖို့အတွက် ကျွန်တော်တို့ 1107 Operation ကို နာမည်ပေးပြီး စတင်လိုက်တာ ဖြစ်တယ်” ဟု KNPLF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် လောရင်းစိုးက ပြောဆိုထားသည်။

စစ်အုပ်စု အခက်

အာဏာသိမ်းစစ်အုပ်စု၏ နိုဝင်ဘာလ ၈ ရက်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွင်တော့ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အကြောင်း အဓိက ပြောဆိုဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်များကို လေ့လာကြည့်ပါက ချင်းရွှေဟော်တိုက်ခိုက်ခံရခြင်းကိစ္စ၊ ကွမ်းလုံ တိုက်ခိုက်ခံရခြင်းကိစ္စ၊ နောင်ချိုအနီး မန္တလေး-လားရှိုး ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရခြင်းကိစ္စ စသည့် “၁၀၂၇ စစ်ဆင်ရေး” ဆက်စပ်ဖြစ်စဉ်များတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များ ပါဝင်သည်ဟု ဝန်ခံထားပါသည်။

ထို့အပြင် MNDAA အနေဖြင့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထိန်းချုပ်ရာ ဝနယ်မြေ အတွင်း စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသည်။

သို့သော် “၁၀၂၇ စစ်ဆင်ရေး”နှင့်အတူ နိုင်ငံတဝှမ်းလုံးရှိ ခုခံတော်လှန်ရေးအင်အားစုများ၏ ဟန်ချက်ညီ စစ်ဆင်ရေးလှုပ်ရှားမှုများကိုမူ အဆိုပါအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်း မရှိခဲ့ပါ။

အာဏာသိမ်းစစ်အုပ်စုက ခေါ်ယူသည့် ကာ/လုံအစည်းအဝေးတွင်မှ တွေ့မြင်ရသော ယာယီသမ္မတခေါ် စစ်ဗိုလ်ချုပ်ဟောင်းဦးမြင့်ဆွေကမူ လက်ရှိဖြစ်ပွားနေသည့် နယ်စပ်ကိစ္စပတ်သက်ပြီး မဖြေရှင်းနိုင်ပါက တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်သည်ဟု သတိပေးခဲ့ပါသည်။

ဆိုရသော် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်းကိုယ်တိုင် ရုပ်ပြအဆင့်သာထားရှိသည့် ကာ/လုံအစည်းအ ဝေးတွင်ပင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ဖုံးဖိထားလိုဟန်ရှိပါသည်။

လေကြောင်း တိုက်ခိုက်ရေးနှင့် အဝေးမှလက်နက်ကြီးပစ်ခတ်မှုကိုသာ အဓိကအားပြုနေပြီဖြစ်သည့် ၎င်းတို့၏ စစ်အင်အား ချိနဲ့နေခြင်းကို ဖာထေးနိုင်ရေးအတွက် “ပြန်လည်ထိန်းချုပ်နိုင်ပြီ” ဖြစ်ကြောင်း ကာ/လုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက လိမ်ညာပြောဆိုခဲ့ပါသည်။ ထို့ပြင် လိုအပ်သည့်တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ကြုံးဝါးခဲ့သည်။

သုံးသပ်တင်ပြချက်

မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ ၏ “၁၀၂၇ စစ်ဆင်ရေး” (ဝါ) မြောက်ပိုင်းခေါ်သံနှင့်အတူ NUG အပါအဝင် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ နယ်မြေဒေသအလိုက် ဟန်ချက်ညီ စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်တင်ရန် ပြင်ဆင်ကြိုးပမ်းလျက်ရှိသည်။

၂၀၂၃ ခုနှစ်အား နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်အဖြစ် ပိုင်းဖြတ်ကြွေးကျော်ထားသည့်အတိုင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ကရင်နီတပ်မတော် (KA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF) တို့ ဖြစ်သော (K3C) နှင့် NUG အကြား ဖွဲ့စည်းထားသည့် C3C ၏ စစ်ဒေသအလိုက် စစ်ရေးလှုပ်ရှားမှုများ စခန်းသိမ်း၊ မြို့သိမ်း စစ်ရေးဖော်ဆောင်မှုများသည် မြင်တွေ့လာရပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ်‌ အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၉ ရက် အထိ “၁၀၂၇ စစ်ဆင်းရေး” အတွင်း မြို့ (၇) မြို့နှင့် C3C အစီအစဉ်ဖြင့် ဟန်ချက်ညီစစ်ရေးဖော်ဆောင်နေသော အမှတ် (၁) စစ်ဒေသအတွင်း မြို့ (၂) မြို့ စုစုပေါင်း မြို့ (၉)မြို့ကို အာဏာသိမ်းစစ်အုပ်စုအနေဖြင့် လက်လွှတ်ဆုံးရှုံးထားရပြီ ဖြစ်သည်။

ရာနှင့်ချီသော တပ်စခန်း၊ ရဲစခန်းများကို အချိန်တိုအတွင်း သိမ်းယူခံရသကဲ့သို့ စစ်ကောင်စီတပ်သား အများအပြား သည်လည်း လက်နက်ချခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် အသက်ဆုံးရှုံးရခြင်းများ နေ့စဉ်တွေ့ရှိနေရပြီ ဖြစ်သည်။

စစ်ရေးအကဲခတ်သူများကမူ “၁၀၂၇ စစ်ဆင်ရေး” အတွင်း သိမ်းပိုက်ရရှိခဲ့သည့် အာဏာသိမ်းစစ်အုပ်စု၏ စစ်လက်နက်ပစ္စည်းများသာ စစ်လက်နက်ပစ္စည်းလိုအပ်လျက်ရှိသော နွေဦးတော်လှန်ရေးအင်အားစုများထံ ဖြန့်ဝေနိုင်ပါက နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် (၇၀) ရာခိုင်နှုန်း သေချာသည်ဟု တွက်ဆကြ ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက် လှမ်းနေသည့် နွေဦးတော်လှန်ရေးအရွေ့အပြောင်း၊ တနည်းအားဖြင့် အနိုင်အရှုံးသည် အိမ်နီးချင်းတရုတ်နိုင်ငံ အပါအဝင် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တိုင်းကလည်း စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ ထိုအတွက် တွေ့ဆုံညှိနှိုင်းရေး၊ နှစ်ဖက်အပစ်ရပ်ရေးကိုသာ ဟန်မပျက် ပြောဆိုတိုက်တွန်းလျက် ရှိသည်ကို တွေ့ရပါသည်။

အင်အားချိနဲ့ခြင်း၊ စိတ်ဓာတ်ပျက်ပြားခြင်းတို့ကို တပြိုင်နက် ရင်ဆိုင်ကြုံတွေ့နေရပြီး လက်နက်ကြီးနှင့်‌ လေကြောင်းပစ်ကူ တိုက်ခိုက်မှုကို အားကိုးအားထားပြုနေရသည့် အာဏာသိမ်းစစ်အုပ်စုအတွက် မြောက်ပိုင်းခေါ်သံနှင့်အတူ နွေဦးတော်လှန်ရေးအင်အားစုများ၏ နိုင်ငံတဝှမ်းလုံး ဟန်ချက်ညီ စစ်ဆင်ရေးသည် များစွာအခက်တွေ့၊ အကြပ်ရိုက်စေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၂၉ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article